News @ M-Media

အလဲဗင်းနှင့် မီဒီယာအချို့ ဖော်ပြခဲ့သည့် ရိုဟင်ဂျာ လက်နက်ကိုင် ကိစ္စ ရခိုင်မြေပေါ်တွင် မရှိကြောင်း ကျွမ်းကျင်သူများဆို

ဇူလိုင်လ ၁၆ ရက်၊ ၂၀၁၃

M-Media

Rohingya-insurgents
ပုံသည် အဟောင်းများဖြစ်ပြီး ပုံတွင်ပါဝင်သော တိုက်ခိုက်ရေး သမားများသည် မြန်မာနိုင်ငံမှ မဟုတ်ဘဲ ဘင်္ဂလား ဒေ့ရှ့်နိုင်ငံမှ Jamaat-e-Islami ပါတီ၏ လူငယ် အဖွဲ့ဖြစ်သည်ဟု သိရသည်။

အလဲဗင်းမီဒီယာမှာ ဇူလိုင်လ ၁၂ ရက်နေ့ နေ့စွဲဖြင့် သတင်းဖော်ပြခဲ့သော ” မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများပြုလုပ်ရန် ရိုဟင် ဂျာခေါင်းဆောင်နှစ်ဦး အင်ဒိုနီးရှားနိုင်ငံတွင် လိုအပ်သည်များ စုဆောင်းပြင်ဆင်” ဟူသော သတင်းပါ Rohingya Solidarity Organization (RSO) မှာ မြန်မာစစ်တပ်နှင့် ဘင်္ဂလားဒေ့ရှ်စစ်တပ်တို့၏ ဖိနှိပ်မှုများ ကြောင့် လွန်ခဲ့သည့်နှစ်များစွာအလျင်ကတည်းက အင်အားချိနဲ့ နေပြီးဖြစ်ကြောင်း၊ သို့သော် ရိုဟင်ဂျာခေါင်းဆောင်များ အင်ဒိုတွင် အစ္စလာမ်မစ်အခြေခံဝါဒီများ နှင့် တွေ့ဆုံဆွေးနွေးခဲ့ သည်မှာ ဖြစ်နိုင်ချေ ရှိကြောင်းကို မြန်မာနိုင်ငံမှ လက်နက်ကိုင်တော်လှန်ရေး များအကြောင်း ကျယ်ကျယ်ပြန့်ပြန့် လေ့လာရေးသားခဲ့သည့် ၀ါရင့်သတင်း ထောက် ဘာတေးလင့်တနာအပါအ၀င် အခြားကျွမ်းကျင်သူများက ဆိုသည်။

ယင်း ရိုဟင်ဂျာသတင်းနှင့်ပတ်သတ်၍ အလဲဗင်းကပင် “ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများအား စစ်သင်တန်းပို့ချနေသည်မှာ မဟုတ်မှန်ကြောင်း သိရ” ဟူသည့် ခေါင်းစဉ်ဖြင့် ဇူလိုင် ၁၃ တွင် သတင်းဖော်ပြခဲ့ရာ ထိုသတင်းတွင် ယခင်နစကအကြီးအကဲ ဒုဗိုလ်မှူးကြီး ထူးလှိုင်၏ အဆိုကို ကိုးကားထားသည်။ ယင်းမှာ – ”စစ်သင်တန်းတွေ ပို့ချနေပြီလို့ ဆိုတဲ့ဟာက မြန်မာနိုင်ငံတွင်းမှာ လုပ်လို့မရပါဘူး။ ဟုတ်လည်း မဟုတ်ပါဘူး။ မီဒီယာ လုပ်ကွက်တွေပါပဲ။ ကျွန်တော်တို့ ဆီမှာရှိတဲ့ ဘင်္ဂါလီတွေကတော့ အေးအေး ဆေးဆေးပါပဲ။ ရိုဟင်ဂျာ ဆိုတာကိုတော့ မသိပါဘူး။ ဒီဒေသဟာ တည်ငြိမ်အေးချမ်းရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးကို နိုင်ငံတော်အဆင့် ဖွဲ့စည်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ တည်ငြိမ် အေးချမ်းရေးမှာတော့ မည်သို့သော အနှောင့်အယက် အတားအဆီး၊ အဖျက်အမှောင့်တွေ လာသော်ရှိ၊ မလာသော်ရှိ လုံခြုံရေးကို နေ့ညမပြတ် ဆောင်ရွက်လျက် ရှိနေပါတယ်” ဟူ၍ ဖြစ်သည်။

နိုင်ငံတကာက မြန်မာနိုင်ငံအား ရိုဟင်ဂျာအရေးကြောင့် အိမ်နီးချင်းနိုင်ငံများလည်း အထိုက်အလျောက်သက်ရောက်မှုရှိကြောင်း စွပ်စွဲလျက်ရှိရာ ယင်းကိုအသုံးချလိုသဖြင့် ရိုဟင်ဂျာများကို မြန်မာ့မြေပေါ်တွင် အကြမ်းဖက် သင်တန်းများ ပို့ချနေကြောင်း အင်တာနက်တွင် သတင်းများ ပျံ့နှံ့ခဲ့သည်။ ယင်းသတင်းများကို စိစစ်သုံးသပ်ခြင်းမရှိဘဲ အမုန်းစိတ်ဓာတ်တစ်ခုတည်းဖြင့် အလျင်စလို ဘာသာပြန်ဖော်ပြခြင်းမှာ နိုင်ငံတော်အတွက် အကျိုးထက် အပျက်ကိုသာ များစေမည်ဖြစ်ကြောင်း သုံးသပ်အပ်ပါသည်။

ဧရာဝတီ မဂ္ဂဇင်းပါ “လက်နက်ကိုင် မူဂျာဟစ်များ မြန်မာ့မြေပေါ်တွင် မရှိဟု ကျွမ်းကျင်သူများပြောဆို” ခေါင်းစဉ်ပါ ယနေ့နေ့စွဲဖြင့် သတင်းဆောင်းပါးကို မူရင်းအတိုင်း ဖတ်ရှုနိုင်ပါပြီ။

မူရင်းလင့် => http://burma.irrawaddy.org/archives/44488

ကောက်နုတ်ချက်

လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့၏ အာရှဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး ဖေလ်ရိုဘတ်ဆန်က အင်ဒိုနီးရှား အစ္စလာမ်အခြေခံဝါဒီ အဖွဲ့များနှင့် ပတ်သက်၍ “သူတို့က ရိုဟင်ဂျာအရေးကနေ ရသလောက် ညှစ်ယူနေကြတယ်၊ ရိုဟင်ဂျာတွေ ကြုံတွေ့နေရတဲ့ အဖြစ်ဆိုးတွေ၊ ခွဲခြားဆက်ဆံခံရမှုတွေကို ဗန်းပြပြီးတော့ သူတို့လုပ်မယ့် အစွန်းရောက် အကြမ်းဖက်မှုတွေအတွက် လူသူစုဆောင်းနိုင်ဖို့ အခွင့်အလမ်းကို လိုက်ရှာနေကြတာပါ” ဟု ဆိုသည်။

ထို့ပြင် အစ္စလာမ်စစ်သွေးကြွများနှင့် ရိုဟင်ဂျာများကြား ဆက်သွယ်မှုများရှိနေသည် ဆိုသည့် အတည်မပြုနိုင်သေးသည့် သတင်းများကို အသုံးပြု၍ ပြည်နယ်အတွင်းတွင် မွတ်ဆလင်ဆန့်ကျင်ရေး စိတ်ဓာတ်များကိုထပ်မံ၍ မီးမွှေးခြင်းမပြုရန်လည်း ဗုဒ္ဓဘာသာ ရခိုင် အမျိုးသားရေးဝါဒီများကို သူက သတိပေးလိုက်သည်။

“ ရိုဟင်ဂျာ လူမျိုးဖြုတ်သန့်စင်ရေးနဲ့ ပတ်သက်လို့ အင်ဒိုနီးရှား မွတ်ဆလင် အစွန်းရောက် အုပ်စုတွေနဲ့ ရခိုင် အစွန်းရောက်တွေရဲ့ တုန့်ပြန်မှု အမုန်းတရားနဲ့ ပဋိပက္ခတွေဟာ ဒင်္ဂါးပြားရဲ့ တဘက်စီမှာလို ကပ်လျက်ရှိနေတာကို ၀မ်းနည်းဖွယ် တွေ့ရပါတယ်။ မြန်မာ အစိုးရနဲ့ အင်ဒိုနီးရှား အစိုးရ တွေက နှစ်ဖက်လုံးကို အရေးယူ အပြစ်ပေးသင့်ပါတယ်” ဟု ဖေလ်ရိုဘတ်ဆန်က ပြောသည်။

Comments

Leave a Reply