ဇန်န၀ါရီ ၁၆၊ ၂၀၁၄
M-Media
သီရိ
ရန်ကုန် ။ ။ မြန်မာနိုင်ငံသို့ ကတ်သလစ်ဘာသာဝင်များ ရောက်ရှိလာခြင်း နှစ် (၅၀၀) ပြည့် အခမ်းနားကို ၂၀၁၄-ခု နိုဝင်ဘာလတွင် စည်ကားသိုက်မြိုက် ခမ်းနားစွာ ကျင်းပသွားမည် ဖြစ်ကြောင်းသိရပါသည်။
ှ
“ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် မျိုးစေ့တစ်စေ့ မြန်မာ့မြေပေါ်သို့ရောက်ရှိလာတာဟာ နှစ် (၅၀၀) ရှိခဲ့ပါပြီ။ သမိုင်းတစ်လျောက်မှာလဲ သာသနာပြုခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ ကျေးဇူးတော်တွေကိုလဲ ဖော်ထုတ်ပွဲ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အားပေးမှုကိုလည်း လိုအပ်ပါတယ်” ဟု ကတ်သလစ်အသင်း အလှည့်ကျ ဥက္ကဌ John Hsane Hgyi ကပြောကြားခဲ့သည်။
အဆိုပါအခမ်းနားပွဲကြီးကို ၂၀၁၄-ခု နိုဝင်ဘာ ၂၁၊ ၂၂၊ ၂၃ ရက်တို့တွင် ခမ်းခမ်းနားနား ကျင်းပသွားမည် ဖြစ်ပြီး ထိုအခမ်းနားပွဲကြီးအတွက် ကတ်သလစ်အသင်းတော်ကြီးရဲ့ ပုပ်ရဟန်းမင်းကြီးကိုလည်း ဖိတ်ကြားထားပြီး ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များနှင့် နိုင်ငံတော်အစိုးရ၀န်ကြီးများကိုလည်း ဖိတ်ကြား ထားသည်ဟုသိရပါသည်။
အခမ်းနားကျင်းပရာနေ့တိုင်းတွင် ဘုရားသခင်၏ဂုဏ်ကျေးဇူးတော်များကို ချီးမွမ်းခြင်း၊ ဆုတောင်းဝတ်ပြု ကိုးကွယ်ခြင်းများကိုလည်း ပြုလုပ်သွားမည်ဖြစပြီး နောက်ဆုံးရက် ၂၃-ရက်နေ့တွင် အခမ်းနားဆုံးနှင့် အကြီးကျယ်ဆုံး ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရပါသည်။
“ဒီပွဲရဲ့ရည်ရွယ်ချက်ဟာ ပစ္စုပန်နှင့် အနာဂတ်မှာ စိတ်အားထက်သန်စွာနဲ့ လူငယ်တွေကို သာသနာအကျိုးပြုလုပ်ငန်းတွေ ပြုလုပ်နိုင်ရန်ဖြစ်ပါတယ် နိုင်ငံတော်ရဲ့ ရှေ့ဆက်မယ့် အနာဂတ်ခရီးစဉ်မှာလည်း ကတ်သလစ် အသင်းတော်အနေနဲ့ တတ်နိုင်တဲ့နေရာတစ်ခုကနေ ပါဝင်သွားမယ်ဆိုတဲ့ မျှော်မှန်းချက်တွေနဲ့ ဒီပွဲကိုပြုလုပ်ရခြင်းလည်းဖြစ်တယ်။ အခုနေထိုင်လာတာဟာ နှစ် (၅၀၀) တိုင်ရှိခဲ့ပါပီ နောက်လည်း မြန်မာအကျိုးတွေကို သယ်ပိုးရင်းနဲ့ အတူတကွ ယှဉ်တွဲနေထိုင်သွားမှာဖြစ်ပါတယ်” ဟု ကတ်သလစ်အဖွဲ့ချုပ် အတွင်းရေးမှူး Fr. Maurine Nyunt Wai က ပြောကြားခဲ့ပါသည်။
Leave a Reply
You must be logged in to post a comment.