ဖေဖော်ဝါရီ ၈ ၊ ၂၀၁၄
M-Media
– ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်ရှိ အလ်-အက်ဆာ ဗလီဝတ် ကျောင်းတော်အား အစ္စရေးရဲတပ်ဖွဲ့က ယမန်နေ့တွင် အကြမ်းဖက်ဝင်ရောက် စီးနင်းမှုပြုလုပ်ခဲ့သည်ဟု သိရသည်။
အစ္စရေးက မတရား သိမ်းပိုက်ထားသည့် အရှေ့ဂျေရုစလင်ရှိ အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော်တွင် ယမန်နေ့ နေ့လည် ၀တ်ပြုမှုအပြီး မီးခိုးဗုံးများ အသုံးပြုကာ အစ္စရေးရဲများက ၀င်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ၀တ်ပြုရန် လာရောက်ကြသူ ပါလက်စတိုင်းများကလည်း ခဲများဖြင့် ပြန်လည် ပစ်ပေါက်ခဲ့ကြသည်။ ထို့ပြင် “အို- အက်ဆာ၊ အသင့်အတွက် ငါတို့၏ အသက်နှင့်သွေးကို ပေးဆပ်မည်” ဟု ပါလက်စတိုင်းပြည်သူများက ကြွေးကျော်ခဲ့ကြသည်။
ဗလီဝတ်ကျောင်းတော်၏ ပရုဏ်ဝုဏ်အတွင်းထဲသို့ပင် ၀င်ရောက်ခဲ့သည့် အဆိုပါ အကြမ်းဖက်စီးနင်းမှုမှာ ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး ပါလက်စတိုင်း တစ်ဦး ဒဏ်ရာရခဲ့ကာ ၇ ဦးအား အစ္စရေးရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။
အစ္စလာမ်ဘာသာဝင်တို့မှ ထူးမြတ်သောဌာနများအဖြစ် သတ်မှတ်ထားသည့် နေရာများတွင် အပါဝင်ဖြစ်သော အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်း ထိုကဲ့သို့ အကြမ်းဖက်စီးနင်းမှုများပြုလုပ်ခြင်းကို ထိုဗလီဝတ်ကျောင်းတော်၏ ရှေ့ဆောင်ဆရာတော် မိုဟာမက် ဟူစိန်က ရှုတ်ချပြောဆိုခဲ့သည်။
“ဒါဟာ ထင်ရှားတဲ့ အကြမ်းဖက်မှုမျိုးဖြစ်ပြီး ဘာသာတရားအားလုံးက ဆန့်ကျင်တဲ့ ကိစ္စတစ်ခုပါ။ ပြီးတော့ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်းလည်းဖြစ်ပါတယ်” ဟု ဆရာတော် ဟူစိန်က ပြောကြားခဲ့သည်။
ထို့ပြင် ထိုအကြမ်းဖက် လုပ်ရပ်အတွက် အစ္စရေးအစိုးရတွင်တာဝန်ရှိကြောင်း၊ ဗလီဝတ်ကျောင်းတော်တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးအတွက် အစ္စရေး အစိုးရက တာဝန်ယူရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
သို့သော်လည်း ဗလီဝတ် ကျောင်းတော် အပြင်ဘက်ရှိ ရဲစခန်းသို့ ပါလက်စတိုင်းများက ခဲဖြင့် ပစ်ပေါက်သောကြောင့် ၎င်းတို့အနေဖြင့် ၀င်ရောက်စီးနင်း ရခြင်းဖြစ်သည်ဟု အစ္စရေးရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မစ်ကီ ရိုဆန်ဖီးလ်က ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ ကာကွယ်ပြောကြားခဲ့သည်။
Ref:Agencies
(MaanImages/file)
Leave a Reply
You must be logged in to post a comment.