News @ M-Media

တရုတ်ဆန့်ကျင်ရေး ဟောင်ကောင်မှ ဆန္ဒပြပွဲ ပါဝင်သူ ၅၀၀ ကျော်ကို ရဲတပ်ဖွဲ့ဖမ်းဆီး

ဇူလိုင် ၂ ၊ ၂၀၁၄
M-Media
Police arrest 500 after huge Hong Kong protest
– တရုတ်နိုင်ငံ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့် ဟောင်ကောင်၌ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြပွဲတွင် ပါဝင်သူ လူ ၅၀၀ ကျော်ကို ယနေ့နံနက်စောစောပိုင်းက ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ယမန်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါချီတက်ပွဲမှာ ဟောင်ကောင်အား ဗြိတိန်လက်မှ တရုတ်နိုင်ငံသို့ ၁၉၉၇ ခုနှစ်တွင် လွှဲပြောင်းပေးအပ်ပြီးနောက်ပိုင်း လူအများအပြားပါဝင်သည့် အကြီးဆုံး ဆန္ဒပြပွဲလည်းဖြစ်သည်။ အဆိုပါ ချီတက်ပွဲတွင် ပြည်သူများမှာ ကိုလိုနီခေတ် အလံများကို ဝှေ့ယမ်းကာ တရုတ် ဆန့်ကျင်ရေး ကျွေးကြော်သံများကိုလည်း ကျွေးကြော်ခဲ့ကြသည်။

ခွင့်ပြုမိန့်မရှိသည့် လူစုလူဝေးပြုလုပ်မှုတွင် ပါဝင်ခဲ့သောကြောင့် လူပေါင်း ၅၁၁ ဦးကို ဖမ်းဆီးထားသည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ယနေ့တွင် ပြောကြားခဲ့ပြီး ထိုဖမ်းဆီးမှုတွင် ဒီမိုကရေစီလိုလားသူ ဥပဒေပြု အမတ်များလည်း ပါဝင်သည်ဟု ပြည်တွင်း မီဒီယာက ဖော်ပြခဲ့သည်။

လာမည့် ၂၀၁၇ ခုနှစ် ရွေးကောက်ပွဲတွင် ဟောင်ကောင်အစိုးရ ရာထူးများကို ဟောင်ကောင်ပြည်သူနှင့် ပါတီများပါဝင်သည် ရွေးချယ်ရေးကော်မတီအား ရွေးချယ်ခွင့်ပေးရေး အပါအ၀င် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လူထုဆန္ဒခံယူပွဲကို ပြီးခဲ့သည့် သီတင်းပတ်က ဟောင်ကောင်တွင် ကျင်းပခဲ့ပြီး မဲပေးခွင့်ရှိသူ ၂၀ ရာခိုင်နှုန်း မဲပေးခဲ့ကြသည်။

တရုတ်အစိုးရကမူ ထိုလူထုဆန္ဒခံယူပွဲမှာ တရားမ၀င်ဟု ပြောကြားထားသည်။ တရုတ်အစိုးရက အုပ်ချုပ်နေသည့် ဟောင်ကောင်တွင် လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ဆန္ဒပြခွင့်အပါအ၀င် လွတ်လပ်မှုများကို တရုတ်ပြည်မကြီးထက် ပိုမိုရရှိသော်လည်း ထိုအခွင့်အရေးများ အချိန်မရွေးပျောက်ကွယ်သွားမည်ကို ဟောင်ကောင်ပြည်သူများက စိုးရိမ်နေကြသည်။

Ref: AFP/xq

Comments

Leave a Reply