News @ M-Media

ယာဉ်ထိန်းရဲ ဖြစ်ချင်သည့် ကင်ဆာရောဂါသည် ကလေး ၂ ဦး ဆန္ဒ ဂျော်ဒန် အစိုးရ ဖြည့်ဆည်းပေး

အောက်တိုဘာ ၁၉ ၊ ၂၀၁၄
M-Media
8eb41c2d-d8bf-413c-a718-f0ef5aeea3fe_16x9_600x338
– ကင်ဆာရောဂါသည် ကလေးနှစ်ဦး၏ အိပ်မက်ဖြစ်သည့် ယာဉ်ထိန်းရဲအရာရှိ ဖြစ်ချင်သည့် အိပ်မက်အား ဂျော်ဒန်အစိုးရက ဖြည့်ဆည်းပေးခဲ့သည်ဟု သိရသည်။

သွေး ကင်ဆာရောဂါကို ခံစားနေရသည့် အသက် ၈ နှစ်အရွယ် ယာဇန်ဟူစိန်နှင့် ၇ နှစ်အရွယ် ကာရီမန် အလဂ်မဟ်ဆိုသည့် ကလေး ၂ ဦးမှာ တစ်နေ့တွင် ဂျော်ဒန်ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ ၀င်ရောက်ကာ မြို့တော်အမ်နန်တွင် တာဝန် ထမ်းဆောင်ချင်သည့် အိမ်မက်များရှိနေခဲ့သည်။

ထို့ကြောင့် ၎င်းတို့၏ဆန္ဒအား ဘုရင်ဟူစိန် ကင်ဆာဖောင်ဒေးရှင်း KHCF က အစိုးရနှင့် ပူးပေါင်း၍ ဖြည့်ဆည်းပေးခဲ့ခြင်းဖြစ်သည်။

“ကားမတော်တဆမှုတွေ မဖြစ်ရအောင် ကူညီပေးနိုင်ခဲ့တာကြောင့် လမ်းပြရဲအရာရှိ ဖြစ်ရတာကို ကျွန်တော် အရမ်းပျော်ပါတယ်” ဟု ယာဇန်က Jordan Times သတင်းစာသို့ ပြောကြားခဲ့သည်။

KHCF ကင်ဆာဖောင်ဒေးရှင်းမှာ အသက် ၁၈ နှစ်နှင့်အောက် ကင်ဆာရောဂါသည် လူငယ်များ၏ ဆန္ဒများကို ဖြည့်ဆည်းပေးရန် “Dreams Come True” အစီအစဉ်တစ်ခုကို ဖော်ဆောင်ပေးထားသည်။

ထိုအစီအစဉ်တွင် ကင်ဆာရောဂါသည်များအတွက် မွေးနေ့ပွဲများ ပြုလုပ်ပေးခြင်း၊ ရောဂါကျွမ်းနေသော လူနာများ၏ နောက်ဆုံးဆန္ဒများအား ဖြည့်ဆည်းပေးခြင်း၊ နွမ်းပါးသော လူနာများ၊ နောက်ဆုံးအဆင့် ကုသမှုခံယူနေရသော လူနာများ၏ ဆန္ဒများအား ဖြည့်ဆည်းပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးသည်။

အဆိုပါ အစီအစဉ်ကို ၂၀၀၆ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး ကင်ဆာရောဂါသည်များ၏ စိတ်ဓာတ်များကို မြှင့်တင်ပေးရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု KHCF က ၎င်းတို့၏ ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ref_ Al Arabiya News

Comments

Leave a Reply