News @ M-Media

အမေရိကန် ပြည်ထောင်စု မစ်ဇူရီတွင် လူဖြူရဲက လူမည်းလူငယ်အား သေနတ်ဖြင့် ပစ်သတ်မှု ထပ်ဖြစ်ပြန်

ဒီဇင်ဘာ ၂၅၊ ၂၀၁၄
M-Media

10294429_814951471880658_4734232389255613418_n

– အမေရိကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ်ရှိ ဖာဂူဆန်မြို့အနီးတွင် လူမည်းလူငယ်တစ်ဦးအား လူဖြူရဲအရာရှိက သေနတ်ဖြင့် ပစ်သတ်မှုတစ်ခု အင်္ဂါနေ့က ထပ်မံဖြစ်ပွားခဲ့သည်ဟု သိရသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသူမှာ အသက် ၁၈ နှစ်အရွယ်ရှိ အန်တိုနီယို မာတင်ဆိုသူဖြစ်ပြီး ဘာကလေမြို့ရှိ ဓာတ်ဆီဆိုင်တစ်ခုအား ရဲတပ်ဖွဲ့ဝင်များက ပုံမှန်စစ်ဆေးမှုများ ပြုလုပ်နေစဉ် ၎င်းက တပ်ဖွဲ့ဝင်တစ်ဦးကို သေနတ်ဖြင့် ချိန်ရာမှ ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

တာဝန်ရှိသူများက ပြောကြားရာတွင် အဆိုပါ ရဲအရာရှိမှာ ၎င်း၏ သေနတ်ကိုထုတ်ကာ အနောက်သို့ ဒယီးဒယိုင်လျှောက်လာခဲ့ပြီးနောက် ၃ ချက်ပစ်ခဲ့ရာ မာတင်အား ၁ ချက်သာထိခဲ့ကြောင်း ပြောကြားခဲ့ပြီး ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများကမူ မာတင်မှာ အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။

ထိုအဖြစ်အပျက်ဖြစ်ပွားမှုကို မကျေနပ်သည့်အတွက် ဒေသခံ ၃၀၀ ခန့်မှာ ဘာကလေရှိ အဆိုပါဓာတ်ဆီဆိုင်ရှေ့တွင် ယမန်နေ့က ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။ ထိုနေရာတွင် ရဲတပ်ဖွဲ့အင်အား ၅၀ ခန့်ရှိနေပြီး ဆန္ဒပြသူများမှာ ရဲတပ်ဖွဲ့ဝင်များအား အုတ်ခဲကျိုးများ၊ မီရှူးမီးပန်းများဖြင့် ပစ်ပေါက်ခဲ့ကြသည်။

အဆိုပါ ဘာကလေမြို့နှင့် ကီလိုမီတာအနည်းငယ်သာဝေးသည့် ဖာဂူဆန်မြို့တွင် ပြီးခဲ့သည့် သြဂုတ်လက လူမည်းလူငယ် မိုက်ကယ်ဘရောင်းအား ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့မှုကြောင့် ပြည်သူများနှင့် ရဲတပ်ဖွဲ့အကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။

ဘာကလေအုပ်ချုပ်ရေးမှူးကမူ ၎င်းတို့အနေဖြင့် အခြေအနေကို ထိန်းသိမ်းနေကြာင်း၊ မိုကယ်ဘရောင်းကိစ္စနှင့် မာတင်တို့ ကိစ္စမှာ လုံးဝမတူညီကြောင်း ပြောကြားခဲ့သည်။

Source: Al Jazeera and agencies

Comments

Leave a Reply