ဒီဇင်ဘာ ၂၈၊ ၂၀၁၄
M-Media
– အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်ရှိ နေအိမ်တစ်ခုတွင် အိမ်မွေး ပစ်ဘူးလ်ခွေး ကိုက်သတ်မှုကြောင့် သခင်ဖြစ်သူ သေဆုံးခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ခရစ္စမတ်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသူမှာ အသက် ၄၀ အရွယ် အက်ဒီကာဟေးလ်ဖြစ်သည်။ ဇနီးဖြစ်သူ ဘလန်ကာ ရော်ဒရီဂက်ဇ်က ပေါ်တော့ဂ်ျမြို့ရှိ ၎င်း၏နေအိမ်သို့ ညနေ ၅ နာရီခန့်တွင် အလုပ်မှ ပြန်လာသည့်အချိန်တွင် ကာဟေးလ်အား ခွေးကိုက်ဒဏ်ရများဖြင့် သွေးအိုင်ထဲတွင် လဲနေသည်ကို တွေ့ရှိခဲ့ရပြီး အိမ်တွင်မွေးထားသော
အသက် ၈နှစ်အရွယ်ရှိ ပစ်ပူးလ်ခွေး Fat Boy အား ပါးစပ်တွင် သွေးများပေကျံနေသည်ကိုလည်း တွေ့ရှိခဲ့ရသည်။
ရော်ဒရီဂက်ဇ်က မိမိ၏ခင်ပွန်းမှာ ထိုခွေးကိုအလွန်ချစ်ပြီး ယခုဖြစ်ရပ်မှာ
မတော်တဆဖြစ်ရပ်ဖြစ်ပြီး ခွေးစားမည့် အမဲရိုးနှင့် ဆော့ကစားရာမှ ထိုကဲ့သို့ ကိုက်သတ်ခံရခြင်း ဖြစ်နိုင်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
သို့သော်လည်း ရဲတပ်ဖွဲ့သို့ပြောကြားရာတွင် အဆိုပါခွေးမှာ တိုက်ခိုက်တတ်ပြီး ခန့်မှန်း၍ မရနိုင်သောကြောင့် ခင်ပွန်းဖြစ်သူအား သုတ်သင်ပစ်ရန် ပြောကြားခဲ့ဖူးကြောင်း ထွက်ဆိုခဲ့သည်။
၎င်းတို့တွင် Keylo ဟုခေါ်သည့် အခြားခွေးတစ်ကောင်လည်းရှိပြီး အဆိုပါ ခွေးများကို ညဘက်တွင် မိမိတို့နှင့်အတူ သိပ်သည်ဟုလည်း ရော်ဒရီဂက်ဇ်က ထည့်သွင်းပြောကြားခဲ့သည်။
Ref : Dailymail
Leave a Reply
You must be logged in to post a comment.