မတ် ၂၂၊ ၂၀၁၅
M-Media
– အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ရွေးကောက်ပွဲအကြိုမိန့်ခွန်းတွင် အစ္စရေး-ပါလက်စတိုင်း ပြဿနာ၏ နှစ်နိုင်ငံအဖြေကို ငြင်းဆန်ခဲ့မှုအတွက် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြစ်တင်ပြောဆိုလိုက်ပြီး အဆိုပါ ပြဿနာ ဖြေရှင်းရေး ရေရာသည့် ဆွေးနွေးညှိနှိုင်းမှုများအတွက် လမ်းကြောင်းရှာ ရန် ခက်ခဲသွားပြီဟု ပြောကြားလိုက်သည်။
Huffington Post နှင့် အင်တာဗျူးတွင် အိုဘားမားက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အစ္စရေးရှိ အာရပ်များ၏ မဲပေးမှုနှင့်ပတ်သက်၍ နေတန်ယာဟု၏ မှတ်ချက်ကိုလည်း ကြိမ်းမောင်းခဲ့ကာ အစ္စရေးနှင့် အမေရိကန်တို့၏ဆက်ဆံရေး နက်ရှိုင်းသည့် အကွဲအပြဲမှာ အချိန်တိုတိုနှင့် အဆုံးသတ်မည်မဟုတ်ဟုလည်း ပြောကြားခဲ့သည်။
အဆိုပါ အင်တာဗျူးကို သောကြာနေ့က ပြုလုပ်ခဲ့ပြီး စနေနေ့က ဖော်ပြခဲ့ခြင်းဖြစ်ကာ နေတန်ယာဟု ပြန်လည်အရွေးခံရပြီး ၂ ရက်အကြာ ကြာသာပတေးနေ့တွင် ၎င်း၏ ဖုန်းခေါ်ဆိုမှုကိုလည်း အိုဘားမားက ထည့်သွင်းပြောကြားခဲ့သည်။
“တကယ်လို့ ဂျူးနိုင်ငံနဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် နေချင်ရင်တော့ နှစ်နိုင်ငံ အဖြေသာလျှင် အစ္စရေးရဲ့ ရေရှည်လုံခြုံရေးအတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်မယ်လို့ ကျွန်တော်တို့ ဆက်လက်ယုံကြည်နေတဲ့အကြောင်း သူ့ကို ပြောခဲ့ပါတယ်” ဟု အိုဘားမားက ပြောကြားခဲ့သည်။
“ပြီးတော့ ရွေးကောက်ပွဲအကြို သူရဲ့မှတ်ချက်တွေဟာ ဆွေးနွေးညှိနှိုင်းမှုတွေကသာ အဖြေရနိုင်တယ်လို့ လူတွေက အသေအချာ ယုံကြည်နေတဲ့အချိန်မှာ လမ်းကြောင်းရှာဖို့ ခက်ခဲတယ်လို့လည်း ကျွန်တော် ပြောခဲ့ပါသေးတယ်”
အမေရိကန်နှင့် အစ္စရေးတို့၏ ဆက်ဆံရေးအဖုအထစ်မှာ အစ္စရေးရွေးကောက်ပွဲမတိုင်ခင် နေတန်ယာဟုက ၎င်း အာဏာပြန်ရပါလျှင် ပါလက်စတိုင်းနိုင်ငံအဖြစ် ထူထောင်ခွင့်မပေးဟု ပြောကြားခဲ့ပြီးနောက်ပိုင်း ပို၍ ဆိုးရွားလာခဲ့သည်။
သို့သော်လည်း အိုဘားမားကမူ အစ္စရေး၏ လုံခြုံရေးအတွက် ထောက်ပံ့သွားမည်ဟုဆိုပြီး အစ္စရေးပြည်သူများ၏ လုံခြုံရေးအတွက် စစ်ဘက်နှင့် ထောက်လှမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။
Ref: Reuters


Leave a Reply
You must be logged in to post a comment.