မေ ၁၄၊ ၂၀၁၅
M-Media
– ကမ္ဘာတစ်ဝှမ်းက ခရစ်ယာန်ကက်သလစ်အသင်းတော်ရဲ့ ဂိုဏ်ချုပ်ဘုန်းတော်ကြီးဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က လက်နက် ထုတ်လုပ်ရောင်းချနေတာတွေကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး ဒီလုပ်ငန်းဟာ “မရဏလုပ်ငန်း” သာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က ဗာတီကန်မှာလုပ်တဲ့ ကလေးများနဲ့ တွေ့ဆုံပွဲမှာ ကလေးတစ်ယောက်ရဲ့ အမေးကို ဒီလို ပြန်ဖြေလိုက်တာပါ။
“ဘာ့ကြောင့် အင်အားကြီးတဲ့လူတွေဟာ ငြိမ်းချမ်းရေးကို မလိုချင်ကြတာလဲ ဟုတ်လား။ သူတို့က စစ်ပွဲနဲ့ ချမ်းသာနေတာကြောင့်ပေါ့”
နောက်ပြီး တစ်ချို့လူတွေဟာ လက်နက် ထုတ်လုပ်ရောင်းချမှုကနေ ငွေရှာနေကြတယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက ထည့်ပြောခဲ့ပါတယ်။
“ဒါ့ကြောင့်ပဲ လူအများစုက ငြိမ်းချမ်းရေး မလိုချင်တာပါ။ စစ်ပွဲတွေကနေ သူတို့ ပိုက်ဆံတွေအများကြီး ရတယ်လေ”
ဒေါ်လာ ဘီလီယံ ၄၀၀ လောက် တန်ဖိုးရှိတဲ့ ကမ္ဘာ့လက်နက်ရောင်းဝယ်မှုလုပ်ငန်းဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်မှာ အရောင်းအ၀ယ်အနည်းငယ် ကျခဲ့ပါတယ်။ ဒါပေမယ့် ရုရှားနဲ့ ဆော်ဒီအာရေဗျတို့မှာ ရောင်းချမှုကတော့ မြင့်တက်နေတုန်းပါပဲ။
အမေရိကန် လက်နက်ကုမ္ပဏီတွေက ကမ္ဘာ့ လက်နက်ကုန်သွယ်မှုရဲ့ ထက်ဝက်ကျော်ကို သိမ်းပိုက်ထားပါတယ်။ ယူကေကတော့ အမေရိကန်နောက် ဒုတိယအကြီးဆုံး လက်နက်ထုတ်လုပ်တဲ့ နေရာဖြစ်တယ်လို့ စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအသင်းရဲ့ မှတ်တမ်းများက ဆိုပါတယ်။ ရုရှားကတော့ တတိယအကြီးဆုံး လက်နက် ရောင်းချတဲ့ နိုင်ငံပါပဲ။
ရုရှားဟာ သူ့စစ်တပ်ရဲ့ စွမ်းဆောင်နိုင်စွမ်းကို အဆင့်မြှင့်ဖို့ ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမား စလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ရုရှားရဲ့ ဒေသတွင်းကုမ္ပဏီတွေဟာ လက်နက်ထုတ်လုပ်ရောင်းချမှု ၂၀ ရာခိုင်နှုန်း တက်လာခဲ့ပြီး ဒါက ရုရှားစစ်တပ်ရဲ့ ၀ယ်လိုအားကြောင့် ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ သူ့ရဲ့ ပွင့်ပွင်းလင်းလင်း ပြောတတ်မှုကြောင့် လေးစားခံရသူ ဖြစ်ပါတယ်။ အသက် ၇၈ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အာဂျင်တီးနားနိုင်ငံသား ပုပ်ရဟန်းမင်းကြီးဟာ ကလေးမွးဖွားမှုထိန်းချုပ်ခြင်း၊ လွတ်လပ်စွာ ပြောဆိုခြင်းနဲ့ လိင်တူစိတ်ဝင်စားချင်း စတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်တွေကို ဖော်ထုတ်ပြောဆိုခဲ့ပြီး ရိုက်ခတ်မှုတွေလည်း ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့လကတော့ ပုပ်ရဟန်းမင်းကြီးဟာ အမျိုးသား၊ အမျိုးသမီး တန်းတူညီမျှ လုပ်ခလစာ ရပိုင်ခွင့်နဲ့ ပတ်သက်လို့ ပြောကြားခဲ့ပြီး လက်ရှိ အမျိုးသား၊ အမျိုးသမီး ကွာဟမှုတွေဟာ သိသာတဲ့ မကောင်းသတင်းသာဖြစ်တယ်လို့ ဆိုပါတယ်။
Ref: CNN
Leave a Reply
You must be logged in to post a comment.