ဇွန် ၁၊ ၂၀၁၅
M-Media
– နိုင်ငံအနောက်တောင်ပိုင်း ကမ်းရိုးတန်းတွင် မျောနေသည်ကို တွေ့ရှိခဲ့ပြီးနောက် ဖမ်းဆီးခဲ့သည့် စက်လှေမှ ရွှေ့ပြောင်းလာသူ ၇၀၀ ကျော်ကို ထိန်းသိမ်းထားသော ကျွန်းသို့ သွားရောက်သတင်းယူရန် ကြိုးစားခဲ့သည့် ဂျာနယ်လစ်များကို မြန်မာရေတပ်က ယာယီ
ထိန်းသိမ်းခဲ့သည်ဟု သိရသည်။
ဂျာနယ်လစ်အချို့မှာ ၎င်းတို့၏ ကင်မရာများမှ မမ်မိုရီကတ်များကို လွှဲပြောင်းပေးရန် ဖိအားပေးခံခဲ့ရပြီး၊ ထိုကျွန်းသို့ နောက်ထပ် လာရောက်ခြင်းမပြုတော့ဟု ခံဝန်ကတိလည်း ထိုးခဲ့ရသည်။
သောကြာနေ့က မြန်မာရေတပ်မှ ကယ်ဆယ်ခဲ့သည့် အဆိုပါစက်လှေတွင် အမျိုးသမီး ၇၄ ဦးနှင့် ကလေး ၄၅ ဦးအပါအ၀င် လူပေါင်း ၇၂၇ ဦး ပါဝင်ပြီး အားလုံးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ဖြစ်သည်ဟု မြန်မာအစိုးရက ကြေညာခဲ့သည်။
ဂျာနယ်လစ်များ အဆိုပါ ရွှေ့ပြောင်းသူများကို ထိန်းသိမ်းထားရာ သမီးလှကျွန်းသို့ သွားရောက်သည့်အခါ ၎င်းတို့မှာ မောင်းထုတ်ခြင်းခံခဲ့ရပြီး၊ ခေတ္တထိန်းသိမ်းခြင်းနှင့် ရေတပ်အာဏာပိုင်များ၏ မေးမြန်းခြင်းကို ခံခဲ့ရသည်။ ၂ နာရီခန့် ထိန်းသိမ်းခံခဲ့ရသည့်
သတင်းထောက်များထဲတွင် အေပီသတင်းဌာနမှ သတင်းထောက် ၄ ယောက်လည်း ပါဝင်ခဲ့သည်။
ဘီဘီစီသတင်းဌာနကမူ ဂျာနယ်လစ်များ၏ ကင်မရာအတွင်းရှိ ဓာတ်ပုံများကို ရေတပ်က ဖျက်ခိုင်းခဲ့ပြီး၊ အဆိုပါ ဂျာနယ်လစ်များအား ပြန်ကြားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်မပါသည့်အတွက် လုံခြုံရေးကြောင့် ၀င်ရောက်ခွင့်မပြုခြင်းဖြစ်သည်ဟု ရေတပ်က ပြောကြားခဲ့ကြောင်း ဖော်ပြခဲ့သည်။
အမည်ပြောရန် ငြင်းဆန်ခဲ့သည့် ရေတပ်မှ တပ်မှူးတစ်ဦးက ၎င်းတို့မှာ ဘင်္ဂလားဒေ့ရှ်မှ ရွှေ့ပြောင်းလာသူများကို အန္တရာယ်ကင်းစွာ ကယ်တင်ခဲ့သည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် ၎င်းတိုအား ရေတပ်ဝင်းအတွင်း ခေါ်ဆောင်သွားခဲ့သည်ဟု ပြောကြားခဲ့သော်လည်း အေပီသတင်းထောက်များကမူ စက်လှေကို ရေတပ်သင်္ဘောတစ်ခုနှင့် ချည်ထားပြီး စက်လှေထိပ်ပိုင်းတွင် လူ ၅၀ ခန့် ရှိနေသည်ကို တွေ့ခဲ့ရသည်။
“ကျွန်တော်တို့ သူတို့ကို အစားသောက်နဲ့ ဆေးဝါးတွေ ပေးခဲ့ပါတယ်။ ဆရားဝန်တွေကလည်း သူတို့ကို ကြည့်ရှုစစ်ဆေးနေပါတယ်။ သူတို့ အခြေအနေကောင်းသွားတဲ့အခါမှာ ကျွန်တော်တို့ ပြန်ပို့မှာပါ” ဟု အဆိုပါ ရေတပ်အရာရှိက ထည့်သွင်းပြောကြားခဲ့သည်။
Ref: AP,BBC


Leave a Reply
You must be logged in to post a comment.