သြဂုတ် ၁၇၊ ၂၀၁၅
M-Media

– ယူအေအီးနိုင်ငံ အဘူဒါဘီမြို့တွင် ပထမဆုံး ဟိန္ဒူဘုရားကျောင်းဆောက်လုပ်ရန် မြေနေရာ သတ်မှတ်ပေးလိုက်ပြီဟု ယူအေအီးအစိုးရက ယမန်နေ့တွင် ကြေညာခဲ့သည်။
လက်ရှိအချိန်တွင် ဒူဘိုင်း၌ ဟိန္ဒူဘုရားကျောင်း ၂ ခုနှင့် ဆစ်ခ်ဘုရားကျောင်း ၁ ခု ရှိနေပြီး အစိုးရက သတ်မှတ်ပေးခဲ့သည့် မြေနေရာမှာ အဘူဒါဘီတွင် ပထမဆုံး ဟိန္ဒူဘုရားကျောင်း ဖြစ်လာမည်ဖြစ်သည်။
ယူအေအီးသို့ ၂ ရက်ကြာ အလည်အပတ်ရောက်ရှိနေသည့် အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီကမူ ယူအေအီးအစိုးရအား Twitter စာမျက်နှာမှတစ်ဆင့် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ကြီးကျယ်သည့် ခြေလှမ်းတစ်ခုဖြစ်သည်ဟုလည်း ဆိုသည်။
မိုဒီမှာ ၃၄ နှစ်အတွင်း ယူအေအီးသို့ ပထဆုံးရောက်ရှိသည့် အိန္ဒိယ ၀န်ကြီးချုပ်လည်းဖြစ်ပြီး အဘူဒါဘီ အိမ်ရှေ့မင်းသား ရှိခ် မိုဟာမက် ဘင် ဇယဒ် အလ် နဟ်ယန်၊ ဒူဘိုင်းအုပ်ချုပ်ရေးမှူး ရှိခ် မိုဟာမက် ဘင် ရရှစ်ဒ် အလ် မွခ်တွန်တို့နှင့် တွေ့ဆုံခဲ့သည်။
ယူအေအီးတွင် အိန္ဒိယနိုင်ငံမှ ပြောင်းရွှေ့နေထိုင်သူ ၂.၆ သန်းရှိပြီး နိုင်ငံလူဦးရေ၏ ၃၀ ရာခိုင်နှုန်းလည်းဖြစ်သည်။ ထို့ပြင် ယူအေအီးမှ အိန္ဒိယနိုင်ငံသားများ အိန္ဒိယသို့ ပြန်ပို့ငွေမှာ တစ်နှစ်လျှင် ကန်ဒေါ်လာ ၁၄ ဘီလီယံခန့် ရှိနေသည်။
ယူအေအီးမှာ အမေရိကန်နှင့် တရုတ်တို့ပြီးလျှင် အိန္ဒိ၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး အိန္ဒိယမှာ ယူအေအီး၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သည်။ ၎င်းတို့နှစ်နိုင်ငံ၏ ကုန်သွယ်မှုတန်ဖိုးမှာ တစ်နှစ်လျှင် ဘီလီယံ ၆၀ ရှိနေသည်။
Ref: Indiaexpress, Aljazeera
Leave a Reply
You must be logged in to post a comment.