ဇန်န၀ါရီ ၄၊ ၂၀၁၆
M-Media
– ဇွန်လက လက်မှတ်ရေးထိုးခဲ့သော “ပါလက်စတိုင်းနိုင်ငံနှင့် ပုပ်ရဟန်းမင်းကြီး၏ သြဇာခံနယ်မြေအကြား နားလည်မှုဆိုင်ရာ သဘောတူညီမှုတစ်ရပ်” သည် အပြည့်အ၀ သက်ရောက်မှုရှိပြီဖြစ်ကြောင်း ဗာတီကန်က စနေနေ့တွင်ထုတ်ပြန်ကြေငြာခဲ့သည်။
အဆိုပါ သဘောတူညီချက်မှာ ရိုမန်ကက်သလစ် ခရစ်ယာန်အသင်းတော်ဖြစ်သည့် ဗာတီကန်က ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့ပြီးနောက် ၂ နှစ်အကြာတွင် ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။
ဗာတီကန်ဆိုင်ရာ ပါလက်စတိုင်းသံအမတ်အဖြစ်သည့် အီဆာ အီဆာ ကက်စီစီကမူ ဗာတီကန်မှ ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြုမှုကို ကြိုဆိုခဲ့ပြီး ဘက်နှစ်ဘက်စလုံး၏ ညှိနှိုင်းဆွေးနွေးမှုမှ ရလဒ်ဖြစ်သော နားလည်မှုဆိုင်ရာ စာချုပ်ကို လိုက်နာကျင့်သုံးမည့်အကြောင်းကိုလည်း အလေးအနက်ထား ပြောဆိုခဲ့သည်။
၎င်းက ကမ္ဘာ့နိုင်ငံများ (အထူးသဖြင့် ဥရောပနိုင်ငံများ) အနေဖြင့် ၁၉၆၇ နယ်နမိတ်အတိုင်း ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့ကာ နှစ်နိုင်ငံ အဖြေအတွက် ထောက်ခံခဲ့သည့် ဗာတီကန်၏ စံနမူနာကို အတုယူကြရန်လည်း တောင်းဆိုခဲ့သည်။
၂၀၁၂ နိုဝင်ဘာတွင် ကုလသမဂ္ဂအထွေထွေညီလာခံက ပါလက်စတိုင်းအား နိုင်ငံတော်တစ်ခုအဖြစ် အသိအမှတ်ပြု ရန် မဲပေးခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့သည့် နိုင်ငံများထဲတွင် ဗာတီကန်လည်း ပါဝင်ခဲ့သည်။
Ref: IINA


Leave a Reply
You must be logged in to post a comment.