ဇွန် ၁၊ ၂၀၁၆
M-Media
– ရီးယဲလ်မက်ဒရစ်တွင် သမိုင်းသစ်ရေးထိုးနိုင်ခဲ့သည့် နည်းပြဇီဒိန်းအား အသင်းဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်က ချီးကျူးပြောဆိုလိုက်သည်။
ဇန်န၀ါရီလက ရာဖေးလ်ဘင်နီတက်ဇ်၏နေရာကို အစားဝင်လာခဲ့သည့် ဇီဒိန်းမှာ ရီးယဲလ်အား ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်နိုင်အောင် နည်းပြနိုင်ခဲ့သည်။
ထို့ကြောင့် ဇီဒိန်းမှာ ရီးယဲလ်တွင် ၂၀၀၂ ခုနှစ်က ကစားသမားဘ၀ဖြင့်လည်းကောင်း၊ ၂၀၁၄ ခုနှစ်က လက်ထောက်နည်းပြ ဘ၀ဖြင့်လည်းကောင်း၊ ယခုနှစ်တွင် နည်းပြဘ၀ဖြင့်လည်းကောင်း ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်သည့် သမိုင်းကို ရရှိခဲ့သည်။
နည်းပြများကို ခန့်အပ်ထုတ်ပယ်ရာတွင် နာမည်ကျော်သည့် ဥက္ကဌ ပီရက်ဇ်ကမူ ဇီဒိန်းကို ချီးကျူးခဲ့သည်။
“ဇီဒိန်းက အခရာကျသူတစ်ဦးပါ။ သူဟာ ရီးယဲလ်ရဲ့ သိပ်မကြာသေးခင်က သမိုင်းကို ပြောင်းလဲပစ်လိုက်ပါတယ်။ ၂၀၀၁ ခုနှစ်ကတည်းက သူဟာ ဘောလုံးရဲ့ သဘောသဘာဝကို နားလည်ဖို့ လမ်းကြောင်းတစ်ခု ဖောက်ခဲ့ပါတယ်။ အဲဒါကြောင့်ပဲ ဒီလို ဥရောပဖလားရအောင် ကျွန်တော်တို့ကို ကူညီနိုင်တာပါ” ဟု ပြောကြားခဲ့သည်။
ထို့ပြင် နည်းပြအဖြစ် တာဝန်စယူစဉ်ကလည်း အသင်းအား အောင်မြင်အောင် စွမ်းဆောင်သွားမည်ဟု ဇီဒိန်းက ကတိပေးခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
Ref : Goal


Leave a Reply
You must be logged in to post a comment.