အောက်တိုဘာ ၁၃၊ ၂၀၁၆
M-Media
– ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကျန်းမာရေးအခြေအနေ အလွန်ဆိုးရွားခဲ့သည့် ထိုင်းဘုရင်ကြီး ဘူမိဘောလ် အဒူလ်ရာဂျစ်မှာ ယနေ့ နေ့လည်ပိုင်းက ဘန်ကောက်မြို့ရှိ Siriraj ဆေးရုံတွင် ကံတော်ကုန်သွားခဲ့သည်ဟု သိရသည်။
သက်တော် ၈၈ နှစ်အရွယ်ရှိပြီဖြစ်သည့် ဘုရင်ကြီး နတ်ရွာစံမှု အကြောင်းအရင်းကို ဘုရင့်နန်းတော်က ထုတ်ပြန်ကြေငြာခြင်း မပြုခဲ့ပေ။ ကမ္ဘာပေါ်တွင် နန်းသက်အရှည်ဆုံးဖြစ်သည့် ဘုရင်ကြီးမှာ ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ကျောက်ကပ်နှင့် အဆုတ်ပြဿနာများအပါအ၀င် ကျန်းမာရေးချို့ယွင်းမှုကြောင့် ဆေးကုသမှု မပြတ်ခံယူနေရသူဖြစ်သည်။
၁၉၄၆ ခုနှစ်က ထီးနန်းဆက်ခံခဲ့သည့် ဘူမိဘောလ်မှာ ထိုင်းပြည်သူများ၏ လေးစားမှုကို အထူး ရရှိခဲ့သူဖြစ်ပြီး စည်းမျဉ်း ခံဘုရင်ဖြစ်သော်လည်း ထိုင်းနိုင်ငံ၏ မတည်ငြိမ်သော နိုင်ငံရေးအခြေအနေတွင် စည်းလုံးမှု၏ ပြယုဂ်လည်း ဖြစ်ခဲ့သည်။
ဘုရင်ကြီး ဘူမိဘောလ်၏ နေရာကို ဆက်ခံစိုးစံရမည့်သူမှာ အိမ်ရှေ့မင်းသား မဟာ ၀ါဂျီရာလွန်ကောန်ဖြစ်ပြီး ခမည်းတော်ကဲ့သို့ ပြည်သူလူထု၏ လေးစားမှုကို မရရှိသူဟု ရှုမြင်ခြင်းခံရသည်။ အိမ်ရှေ့မင်းသားမှာ ဂျာမနီတွင် နေထိုင်သူဖြစ်ပြီး ယမန်နေ့က ဘန်ကောက်သို့ ရောက်ရှိလာခဲ့သည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.