News @ M-Media

Author: Ko Lay

  • အာဆင်နယ်မှထွက်ပါက အခြားအသင်းတွင် နည်းပြနိုင်သည်ဟု ၀င်းဂါး ဖွင့်ဟ

    အာဆင်နယ်မှထွက်ပါက အခြားအသင်းတွင် နည်းပြနိုင်သည်ဟု ၀င်းဂါး ဖွင့်ဟ

    အောက်တိုဘာ ၁၃၊ ၂၀၁၆
    M-Media

    winger

    – အာဆင်နယ်အသင်းတွင် မိမိ၏ စွမ်းဆောင်မှုများနှင့်ပတ်သက်၍ မိမိကိုယ်ကို ဆန်းစစ်မှုက အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုမည့် ကိစ္စအတွက် အဆုံးအဖြတ် ဖြစ်သွားနိုင်ပြီး၊ အာဆင်နယ်မှ ထွက်ခွာပါက အခြားနေရာတွင် နည်းပြအဖြစ် ဆောင်ရွက်နိုင်သည်ဟု အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    အသင်းတွင် နည်းပြသက်တမ်း နှစ် ၂၀ အတွင်း ပရီးမိးယားလိဂ်ဖလား ၃ လုံးနှင့် FA ဖလား ၆ လုံး ရယူပေးထားသည့် ၀င်းဂါးမှာ ယခုရာသီကုန်လျှင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး ၎င်း၏ အနာဂတ်နှင့်ပတ်သက်၍ မရေရာမှုများလည်း ရှိနေသည်။

    ပြီးခဲ့သည့် ၁၀ စုနှစ်တစ်ခုအတွင်း ကြီးမားသည့် အောင်မြင်မှုမျိုး ရရှိအောင် စွမ်းဆောင်နိုင်ခြင်း မရှိသည့်အတွက် ပရိတ်သတ်များက ၀င်းဂါးအပေါ် ဝေဖန်မှုများ ပြုလုပ်လာခဲ့ကြသည်။

    “ကျွန်တော် အသင်းမှာ ဆက်နေမှာလား၊ မနေဘူးလားဆိုတာကိုတော့ ဒီမှာ ဆက်နေဖို့ ဆန္ဒရှိလား၊ မရှိဘူးလား၊ အသင်းက အလိုရှိလား၊ မရှိဘူးလား၊ ကျွန်တော်ရဲ့ စွမ်းဆောင်မှုက ကောင်းမွန်လား၊ မကောင်းမွန်ဘူးလားဆိုတဲ့ သုံးသပ်မှု စတာတွေနဲ့ ဆုံးဖြတ်သွားမှာပါ။ ဆုံးဖြတ်ဖို့အတွက် အဓိက အကြောင်းအရင်းကတော့ ကျွန်တော့်အနေနဲ့ ကောင်းကောင်း စွမ်းဆောင်နိုင်လား။ အသင်းနဲ့ ကျွန်တော်လိုချင်တဲ့ အောင်မြင်မှုမျိုး ရရှိလား ဆိုတာပါပဲ” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် ကောင်းမွန်သည့် စွမ်းဆောင်မှုမျိုး မရှိဟု ထင်ပါက အသင်းမှ ထွက်ခွာသွားမည်ဖြစ်ပြီး အခြားနေရာတွင် နည်းပြအဖြစ် ဆောင်ရွက်မှုမှာလည်း ဖြစ်နိုင်ချေရှိကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Goal

  • ၂၀၁၆ စာပေဆိုင်ရာနိုဘယ်ဆုကို အမေရိကန် ဂီတပညာရှင်တစ်ဦး ရရှိ

    ၂၀၁၆ စာပေဆိုင်ရာနိုဘယ်ဆုကို အမေရိကန် ဂီတပညာရှင်တစ်ဦး ရရှိ

    အောက်တိုဘာ ၁၃၊ ၂၀၁၆
    M-Media

    poet

    – ၂၀၁၆ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆုကို အမေရိကန်တေးဂီတလောကမှ နာမည်ကျော် အဆိုတော်နှင့် တေးရေးဆရာ ဘော့ဘ် ဒိုင်လန်က ရရှိသွားခဲ့သည်ဟု သိရသည်။

    ဒိုင်လန်ရရှိမှုကို နိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့က ယနေ့တွင် ကြေငြာခဲ့ခြင်းဖြစ်ပြီး၊ ဂီတပညာရှင်တစ်ယောက်အနေဖြင့် ပထမဆုံး နိုဘယ်ဆုရရှိသူ ဖြစ်လာခဲ့သည်။ အသက် ၇၄ နှစ်အရွယ်ရှိ ဒိုင်လန်မှာ နိုဘယ်ဆု ဇကာတင်စာရင်းတွင် နှစ်အတော်ကြာ ပါဝင်ခဲ့သော်လည်း ယခုနှစ်တွင်မှ အံ့သြဖွယ် ရရှိခဲ့ခြင်းဖြစ်သည်။

    ဒိုင်လန်မှာ ၁၉၆၀ ပြည့်နှစ်များကတည်းက အမေရိကန် ဂီတလောကတွင် အဆိုတော်၊ တေးရေးဆရာတစ်ယောက်အနေဖြင့် လွှမ်းမိုးခဲ့ခြင်းဖြစ်သည်။

    “ဒိုင်လန်ဟာ အထင်ကရပုဂ္ဂိုလ်တစ်ဦးပါ။ ခေတ်ပြိုင်ဂီတလောကမှာ သူ့ရဲ့ သြဇာလွှမ်းမိုးမှုဟာ မယုံနိုင်စရာပါပဲ” ဟု နိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

    ၎င်းရေးသားခဲ့သည့် သီချင်းများတွင် Blowin’ in the Wind၊ Masters of War၊ A Hard Rain’s a-Gonna Fall၊ The Times They Are a-Changin၊ Subterranean Homesick Blues နှင့် Like a Rolling Stone သီချင်းများမှာ အမေရိကန် ဂီတလောကအား တော်လှန်ပြောင်းလဲလိုသူများကို ဖမ်းစားနိုင်ခဲ့သည်။

    Ref: Aljazeera

  • ပြင်သစ်တွင် ခြေစွမ်းပြနေသည့် ဘာလော့တယ်လီကို မန်စီနီ ချီးကျူး

    ပြင်သစ်တွင် ခြေစွမ်းပြနေသည့် ဘာလော့တယ်လီကို မန်စီနီ ချီးကျူး

    အောက်တိုဘာ ၁၃၊ ၂၀၁၆
    M-Media

    balo

    – ပြင်သစ်လီဂူးကလပ် နိုက်စ်အသင်းတွင် ခြေစွမ်းပြနေသည့် အီတလီတိုက်စစ်မှူး မာရီယို ဘာလော့တယ်လီမှာ ယခုနှစ်တွင် ဂိုး ၂၀ ကျော် သွင်းယူနိုင်မည်ဟု မန်စီးတီးနည်းပြဟောင်း မန်စီနီက ပြောကြားလိုက်ပြီး အောင်ပွဲခံရာတွင် အင်္ကျီမချွတ်ရန်လည်း သတိပေးခဲ့သည်။

    လီဗာပူလ်းနှင့် အေစီမီလန်တို့တွင် မအောင်မြင်ခဲ့သည့် ဘာလော့တယ်လီမှာ လက်ရှိတွင် နိုက်စ်အသင်း၌ ခြေစွမ်းကောင်းများ ပြသနေပြီး ပြိုင်ပွဲအားလုံးတွင် ၅ ပွဲ ပါဝင်ကစားကာ ၆ ဂိုး သွင်းယူပေးထားသည်။ အင်တာ၊ မန်စီးတီးနှင့် အီတလီအသင်းတို့တွင် ဘာလော့တယ်လီနှင့် လက်တွဲခဲ့ဖူးသည့် မန်စီနီကမူ တပည့်ဟောင်း အကောင်းဆုံးအနေအထား ပြန်ရောက်လာမှုအတွက် ၀မ်းသာနေသည်။

    “မာရီယိုနဲ့ပတ်သက်ပြီး လူတိုင်းမှာ ပြောစရာတစ်ခုခုတော့ ရှိနေတတ်ပါတယ်။ ဒါတွေက သူ့အတွက် ညည်းငွေ့ဖွယ်တွေဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူက လက်ဖျားခါလောက်တဲ့ ကစားသမားပါ။ သူလုပ်လိုက်တဲ့အရာတိုင်းက အထူး စပါယ်ရှယ်ပါပဲ။ နိုက်စ်မှာ အနည်းဆုံး ဂိုး ၂၀ လောက်တော့ သူသွင်းပါလိမ့်မယ်။ ဒါပေမယ့် အနာဂတ်မှာ သူ့အင်္ကျီကိုတော့ သတိထားရပါလိမ့်မယ်။ ဂိုးသွင်းတယ်ဆိုတဲ့ သူ့အတွက် ထမင်းစားရေသောက်ပါပဲ” ဟု မန်စီနီက ပြောကြာဲး့သည်။

    Ref: Goal

  • ဂရိမြို့တော် အေသင်၏ ပထမဆုံးဗလီ မကြာမီ ဆောက်လုပ်တော့မည်

    ဂရိမြို့တော် အေသင်၏ ပထမဆုံးဗလီ မကြာမီ ဆောက်လုပ်တော့မည်

    အောက်တိုဘာ ၁၃၊ ၂၀၁၆
    M-Media

    athen

    – အစိုးရက ဘဏ္ဍာရေးထောက်ပံ့ပေးထားပြီး မြို့၏ ပထမဆုံးဖြစ်လာမည့် ဗလီဝတ်ကျောင်းတော်တစ်လုံးကို ဂရိနိုင်ငံ မြို့တော်အေသင်ရှိ ဗိုတာနီကို့စ်ဒေသတွင် လာမည့်ရက်ပိုင်းအတွင်း ဆောက်လုပ်တော့မည်ဟု သိရသည်။

    ဂရိရေတပ်၏ အဆောက်အဦးဟောင်းကို ဖြိုချကာ ဗလီဝတ်ကျောင်းတော်ကို ဆောက်လုပ်မည်ဖြစ်ပြီး၊ ဆောက်လုပ်ရေးလုပ်ငန်းမှာ ၆ လခန့် ကြာမြင့်မည်ဖြစ်သည်။ ကုန်ကျငွေမှာမူ ယူရို ၈၈၇၀၀၀ ၀န်းကျင် ရှိမည်ဖြစ်ပြီး အစိုးရက ထောက်ပံ့ပေးထားခြင်းဖြစ်သည်။

    ဆောက်လုပ်ရေးအတွက် သဘောတူညီချက်ကို ဂရိအစိုးရ၏ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုတို့က တနင်္လာနေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။

    ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ခွင့်ပြုရေးအတွက် ဂရိပါလီမန်တွင် အကြိတ်အနယ် ဆွေးနွေးခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။ ထို့နောက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန၏ မူဘောင်များကြောင့် ဆောက်လုပ်ရေး နှောင့်နှေးခဲ့ရသည်။

    အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ နှစ်ပေါင်း ၁၈၀ အတွင်း မြို့တော်အေသင်၌ ပထမဆုံး ဗလီဝတ်ကျောင်းတော် ဖြစ်လာမည်ဖြစ်ပြီး မြို့အတွင်းနေထိုင်သည့် မွတ်စလင် ၂ သိန်းကျော်အတွက် ၀န်ဆောင်မှုပေးနိုင်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် အေသင်ရှိ အစ္စလာမ်ဘာသာဝင်များမှာ ၎င်းတို့ အဆင်ပြေရာနေရာများတွင် စုပေါင်းဝတ်ပြုနေကြသည်။

    Ref : greece.greekreporter.com

  • အများပြည်သူနေရာများတွင် ဆေးလိပ်ပိတ်ပင်ရန် ဖိလစ်ပိုင် စီစဉ်နေ

    အများပြည်သူနေရာများတွင် ဆေးလိပ်ပိတ်ပင်ရန် ဖိလစ်ပိုင် စီစဉ်နေ

    အောက်တိုဘာ ၁၃၊ ၂၀၁၆
    M-Media

    duterte

    – မူးယစ်နှိမ်နှင်းရေး လှုပ်ရှားမှုကြောင့် နိုင်ငံတကာမှ ဖိအားများနှင့် ရင်ဆိုင်နေရသည့် ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးမှာ ယခုလမကုန်ခင် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများ၌ ဆေးလိပ်သောက်မှု ပိတ်ပင်ရန် စီစဉ်နေသည်ဟု သိရသည်။

    ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီး ပေါ်လင်း ယူဘီယဲလ်က AP သတင်းဌာနနှင့် တွေ့ဆုံစဉ် ထိုအစီအစဉ်နှင့်ပတ်သက်၍ ပြောကြားခဲ့ခြင်းဖြစ်ပြီး ဆေးရွက်ကြီးထုတ်ကုန်များတွင် ကျန်းမာရေး သတိပေးဓာတ်ပုံများ ကပ်ရမည့် ဥပဒေ နိုဝင်ဘာ ၄ ရက်နေ့ အသက်မ၀င်ခင် ထိုကဲ့သို့ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများ၌ ဆေးလိပ်သောက်သုံးမှုကို ပိတ်ပင်ရန် သမ္မတက မိမိအား တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

    ဒူတာတေးမှာ ယခင် နိုင်ငံတောင်ပိုင်း ဒါဗာအိုမြို့၏ မြို့တော်ဝန်ဖြစ်ခဲ့စဉ် ထိုကဲ့သို့ ပိတ်ပင်ခဲ့ဖူးပြီး ယခုနှစ်တွင် တစ်နိုင်ငံလုံးရှိ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် ဆေးလိပ်ကင်းစင်ဒေသအဖြစ် ဆောင်ရွက်ရန် အလိုရှိနေသည်ဟု ၀န်ကြီးက ဆိုသည်။

    ထို့ပြင် အဆောက်အဦးအပြင်ဘက်၊ အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများ၏ အဝေးတွင် ဆေးလိပ်သောက်သုံးသည့်နေရာ သီးသန့်ထားရှိမည်ဖြစ်ပြီး ဒေသအတွင်းအစိုးရများကိုလည်း ဆေးလိပ်သောက်သုံးမှုပိတ်ပင်ရန်နှင့် ဒဏ်ကြေးများ ချမှတ်ရန် အမိန့်ပေးသွားမည်ဖြစ်သည်။

    ထိုကဲ့သို့ ပိတ်ပင်မှုတွင် အီလက်ထရောနစ် စီးကရက်များလည်း ပါဝင်မည်ဖြစ်ပြီး ၎င်းတို့မှာ အငွေ့ထွက်သောကြောင့်ဖြစ်သည်ဟု ယူဘီယဲလ်က ထည့်သွင်းပြောကြားခဲ့သည်။ ဒါဗာအိုမြို့အား ဒူတာတေး မြို့တော်ဝန်အဖြစ်ဆောင်ရွက်စဉ်က ထိုပိတ်ပင်မှုမှာ အောင်မြင်ခဲ့ပြီး စံပြဒေသအဖြစ် မှတ်ယူခံခဲ့ရသည်။

    Ref : Aljazeera