News @ M-Media

Author: Ko Lay

  • ဂျပန်နိုင်ငံ၏ ထင်ရှားသည့် ယဉ်ကျေးမှုဆိုင်ရာဆုကို ပါကစ္စတန် ဗိသုကာပညာရှင် ရရှိ

    ဂျပန်နိုင်ငံ၏ ထင်ရှားသည့် ယဉ်ကျေးမှုဆိုင်ရာဆုကို ပါကစ္စတန် ဗိသုကာပညာရှင် ရရှိ

    မေ ၃၁၊ ၂၀၁၆
    M-Media

    paki woman

    – အာရှဒေသ ယဉ်ကျေးမှုအနုပညာနယ်ပယ်တွင် ထူးချွန်သူများကို ပေးအပ်ချီးမြှင့်သည့် ဂျပန်နိုင်ငံ၏ Fukuoka ဆုမှ ၂၀၁၆ ခုနှစ်အတွက် အာရှယဉ်ကျေးမူဆိုင်ရာဆုကို ပါကစ္စတန်နိုင်ငံ၏ ပထမဆုံးသော အမျိုးသမီးဗိသုကာပညာရှင် ယာစမင်း လာရီက ရရှိခဲ့သည်ဟု သိရသည်။

    ယာစမင်းမှာ အာရှယဉ်ကျေးမှုကို ထိန်းသိမ်းမှုနှင့် ဖန်တီးဖော်ထုတ်မှုတို့တွင် ပြောင်မြောက်သော ၎င်း၏ စွမ်းဆောင်မှုများအတွက် ယခုကဲ့သို့ ရရှိခဲ့ခြင်းဖြစ်သည်။

    အောက်စဖို့ဒ် ဗိသုကာသင်တန်းကျောင်းမှ ဘွဲ့ရခဲ့သည့် ယာစမင်း လာရီမှာ ပါကစ္စတန်တွင် သမိုင်းအမွေအနှစ်ဖောင်ဒေးရှင်း တည်ထောင်ခဲ့သည့် ၁၉၈၀ ပြည့်နှစ်မှစ၍ ခေတ်ပြိုင် အဆောက်အဦး ဒီဇိုင်းများကို ဖန်တီးခဲ့ရုံသာမက သမိုင်းဝင် ရှေးဟောင်းအဆောက်အဦးများအား ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများတွင်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။

    ၂၀၀၅ ခုနှစ် ပါကစ္စတန်ငလျင်လှုပ်ခတ်မှု နောက်ပိုင်းတွင်လည်း ယာစမင်းမှာ ထိခိုက်ဒဏ်ရာရသူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ထိုအချိန်မှစ၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို တောက်လျှောက် လုပ်ဆောင်လာခဲ့သည်။

    ပါကစ္စတန်၏ ပထမဆုံး အမျိုးသမီး ဗိသုကာပညာရှင်တစ်ဦးဖြစ်သည့် သူမမှာ ၁၉၆၄ ခုနှစ်တွင် ဗိသုကာဆိုင်ရာ ရုံးခန်းတစ်ခု ဖွင့်လှစ်ခဲ့သည်။

    Fukuoka ဆုကို ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှုဆိုင်ရာမြို့တစ်မြို့ဖြစ်သော ဖူကူအိုကာမြို့က ၁၉၉၀ ပြည့်နှစ်တွင် စတင်ချီးမြှင့်ခြင်းဖြစ်ပြီး အနုပညာလက်ရာ၊ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ အက၊ ဗိသုကာတို့ အပါအ၀င် အာရှဒေသအတွင်းရှိ ယဉ်ကျေးမှုအနုပညာနယ်ပယ်တွင် ထူးချွန်သောသူများအား နှစ်စဉ် ရွေးချယ်ပေးအပ်ခြင်းဖြစ်သည်။

    Ref: The News

  • ချဒ်နိုင်ငံမှ စစ်အာဏာရှင်ဟောင်း ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရ

    ချဒ်နိုင်ငံမှ စစ်အာဏာရှင်ဟောင်း ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရ

    မေ ၃၁၊ ၂၀၁၆
    M-Media

    chad

    – အာဏာရှိစဉ်က လူသားထုအပေါ် ကျူးလွန်သော ရာဇ၀တ်မှု၊ ငြှင်းပမ်းနှိပ်စက်မှုနှင့် လိင်ကျွန်ပြုမှုတို့အတွက် ချဒ်နိုင်ငံ၏ စစ်အာဏာရှင်ဟောင်း ဟစ်ဆန်နီ ဟာဘရီမှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရသည်ဟု သိရသည်။

    ၁၉၉၀ ပြည့်နှစ် အာဏာသိမ်းမှုတွင် ပြုတ်ကျခဲ့ပြီးနောက် ဟာဘရီထွက်ပြေးခဲ့သော ဆီနီဂေါနိုင်ငံရှိ အထူးခုံရုံးက ယမန်နေ့တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဟာဘရီ၏ ကျူးလွန်မှုကို ခံခဲ့ရသူများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ ၁၆ နှစ်တာ ကြိုးပမ်းမှု၏ အောင်မြင်မှုလည်းဖြစ်သည်။

    “လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု၊ အဓမ္မပြုကျင့်မှု၊ လိင်ကျွန်ပြုမှု၊ ပြန်ပေးဆွဲမှုနဲ့ စစ်ရာဇ၀မှုတွေအတွက် တရားရုံးက ဟစ်ဆန်နီ ဟာဘရီကို အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒါ့ကြောင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်ပါတယ်” ဟု အထူးခုံရုံးဥက္ကဌ ဂျီဘာဒို ဂူစတေ့ဗ် ကမ် က ပြောကြားခဲ့သည်။

    အသက် ၇၂ နှစ်အရွယ်ရှိ ဟာဘရီမှာ ၁၉၈၂ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ ၎င်း အာဏာရှိစဉ်အတွင်း လူပေါင်း ၄၀၀၀၀ သေဆုံးမှုအတွက် တာဝန်ရှိသည်ဟု လူ့အခွင့်အရေး အဖွဲ့များက ပြောကြားခဲ့သည်။

    ၎င်း၏ အမှုအား ဆီနီဂေါမြို့တော် ဒါကာရှိ အာဖရိကအထူးခုံအဖွဲ့က ကြားနာစစ်ဆေးခဲ့ခြင်းဖြစ်ပြီး အဆိုပါခုံအဖွဲ့ကို အနောက်အာဖရိက တရားရေးစနစ်နှင့်အညီ အာဖရိကသမဂ္ဂက ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera

  • ရမ်ဇာန်ဥပုသ်လအတွင်း မက္ကာအစိုးရက ထမင်းဟင်းလျာ ၅ သန်း ဝေငှလှူဒါန်းမည်

    ရမ်ဇာန်ဥပုသ်လအတွင်း မက္ကာအစိုးရက ထမင်းဟင်းလျာ ၅ သန်း ဝေငှလှူဒါန်းမည်

    မေ ၃၁၊ ၂၀၁၆
    M-Media

    ramadan 2

    – မက္ကာဟ်နဲ့ ဂျစ်ဒါမြို့နေရာတစ်ချို့မှာ ရာမ်ဇာန်ဥပုသ်လအတွင်း ထမင်းဟင်းလျာ ၅ သန်းနဲ့ ရေသန့်ဘူးများကို ဝေငှသွားဖို့ စီစဉ်ထားတယ်လို့ မက္ကာမြို့တော်ဝန်က ပြီးခဲ့တဲ့တစ်ပတ်မှာ ကြေငြာလိုက်ပါတယ်။

    မက္ကာဟ်အစိုးရနဲ့ ပညာရေးဌာနတို့ ပူးပေါင်းပြုလုပ်တဲ့ အဲဒီအလှူဒါနမှာ လူငယ်ကျောင်းသား ၂၅၀ နဲ့ ကျောင်းဆရာ ၂၀ တို့က စေတနာ့ဝန်ထမ်း ကူညီသွားကြမှာပါ။ ဝေငှမယ့်နေရာတွေကတော့ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော် ၀န်းကျင်၊ အ၀ိုင်းပတ်လမ်းဆုံတွေ၊ ဂိတ်ပေါက်တွေ၊ ဆေးရုံတွေနဲ့ ဘုရင်အဗ္ဗဒူလ်အဇီးဇ် နိုင်ငံတကာလေဆိပ်၊ ဂျစ်ဒါအစ္စလာမ်မစ်ဆိပ်ကမ်းတို့မှာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ် ရမ်ဇာန်ဥပုသ်လနဲ့ ဟဂ်ျဘုရားဖူးကာလတွေမှာလည်း ထမင်းဟင်းလျာ ၆ သန်းကို မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်မှာ လှူဒါန်းခဲ့ပြီး၊ ဘုရားဖူးခရီးစဉ် လာရောက်ကြသူတွေကို ရေသန့်ဘူး ၁၇ သန်းနဲ့ အစ်ဟ်ရမ်ဝတ်ရုံ ၃၀၀၀ ကျော်ကိုလည်း ဝေငှခဲ့ကြပါတယ်။ အဲဒီလိုလှူဒါန်းမှုဟာ ဆော်ဒီနိုင်ငံအတွင်းက ပရဟိတအဖွဲ့အမျိုးမျိုးရဲ့ ထောက်ပံ့မှုနဲ့ ပြုလုပ်တာဖြစ်ပါတယ်။

    Ref: IINA

  • အစ္စလာမ်၏ သရုပ်မှန်ကိုဖော်ဆောင်ရန် လိုအပ်နေပြီဟု ပါကစ္စတန်သမ္မတပြော

    အစ္စလာမ်၏ သရုပ်မှန်ကိုဖော်ဆောင်ရန် လိုအပ်နေပြီဟု ပါကစ္စတန်သမ္မတပြော

    မေ ၃၀၊ ၂၀၁၆
    M-Media

    – တစ်ချို့အဖွဲ့အစည်းတွေကြောင့် အစ္စလာမ်သာသနာအပေါ် အဆိုးမြင်နေတာတွေကို တန်ပြန်တိုက်ထုတ်ဖို့အတွက် အစ္စလာမ်ရဲ့ သရုပ်မှန်ကို ဖော်ဆောင်ရေး ကျရာအခန်းကဏ္ဍကနေ ဆောင်ရွက်ကြဖို့ ပါကစ္စတန်သမ္မတ မာမွန် ဟူစိန်က တွေးခေါ်ပညာရှင်တွေ၊ သုတေသီတွေ၊ ကျောင်းဆရာတွေနဲ့ ကျောင်းသားတွေကို တိုက်တွန်းပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့ တစ်ပတ် အစ္စလာမာဘတ်မြို့တော်က နိုင်ငံတကာ အစ္စလာမ့်တက္ကသိုလ် (IIUI) မှာ ပြုလုပ်တဲ့ ၁၀ ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပြီး မဟာတမန်တော်မြတ်ရဲ့ နောက်လိုက်ပီပီ အစ္စလာမ်ရဲ့သရုပ်သကန် အစစ်အမှန်ကို မီးမောင်းထိုးပြပြီး လက်တွေ့လိုက်နာကျင့်သုံးဖို့ လိုပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။

    နောက်ပြီး အစွန်းရောက်အတွေးအခေါ်တွေနဲ့ အကြမ်းဖက်ဝါဒတွေဟာ လူသားမျိုးနွယ်ကြားထဲမှာ ပုံစံအမျိုးမျိုးနဲ့ပြန့်နှံ့နေပြီး ကမ္ဘာ့လူထုကိုပါ ကြောက်ရွံ့တုန်လှုပ်စေကြောင်း၊ တမန်တော်မြတ်ရဲ့ နောက်လိုက်တွေဖြစ်တဲ့ မိမိတို့အနေနဲ့ မတူကွဲပြားမှုတွေကို ဘေးဖယ်ထားပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် အားသွန်ခွန်စိုက်လုပ်ဆောင်ဖို့ လိုကြောင်း သမ္မတက အလေးအနက်ပြောဆိုခဲ့ပါတယ်။

    အကြမ်းဖက်ဝါဒနဲ့ပတ်သက်ပြီးတော့လည်း သမ္မတက တစ်ချို့သောအဖွဲ့တွေဟာ အစ္စလာမ်သာသနာကို လိုသလိုဆွဲယူကာ ရုန်းရင်းဆန်ခတ်မှုတွေကို ဖန်တီးနေပြီး သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် မွတ်စလင်လူ့အဖွဲ့အစည်းတွေမှာ မင်းမဲ့စရိုက်တွေ လွှမ်းမိုးနေတယ်လို့လည်း ထောက်ပြ ပြောဆိုခဲ့ပါတယ်။

    ဒီလိုကိစ္စတွေကို သုတေသီတွေနဲ့ ဆရာ၊ ဆရမတွေက တန်ပြန်တိုက်ဖျက်ဖို့ လိုအပ်တယ်လို့လည်း ပါကစ္စတန်သမ္မတက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    Ref: IINA

  • ယခုနှစ်တွင် အွမ္မရာဟ်ပြုလုပ်သူ ၅ ရာခိုင်နှုန်းခန့်တိုးလာ

    ယခုနှစ်တွင် အွမ္မရာဟ်ပြုလုပ်သူ ၅ ရာခိုင်နှုန်းခန့်တိုးလာ

    မေ ၃၀၊ ၂၀၁၆
    M-Media

    umrah

    – ဒီနှစ်အတွင်းမှာ ကမ္ဘာတစ်ဝှမ်းက လာရောက်ပြီး အွမ္မရာဟ်ပြုသူ အရေအတွက်ဟာ ၅ ရာခိုင်နှုန်း တိုးလာတယ်လို့ ဆော်ဒီအာရေဗျက ပြောကြားလိုက်ပါတယ်။

    ဆော်ဒီသံရုံးတွေက ထုတ်ဝေတဲ့ အွမ္မရာဟ်ဗီဇာအရေအတွက်ဟာ ၅,၆၇၁,၈၅၅ အထိ ရှိလာပြီး ပြင်ပကိုယ်စားလှယ်တွေရဲ့ လိုင်စင်ယူလုပ်ကိုင်နေတဲ့ အွမ္မရာဟ်ခရီးစဉ်လုပ်ငန်းနဲ့ ကုမ္ပဏီတွေရဲ့ ဈေးကွက်ရှာဖွေမှုတွေ ကျေးဇူးတင်ရှိတယ်လို့လည်း ဆိုပါတယ်။

    လေကြောင်း၊ ကုန်းကြောင်း ခရီးစဉ်အမျိုးမျိုးနဲ့ ဆော်ဒီသို့ရောက်ရှိလာတဲ့ အွမ္မရာဟ်ပြုလုပ်သူ အရေအတွက်ဟာ ၅,၀၄၇,၀၈၈ ထိ ရှိပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်ကထက် ၅ ရာခိုင်နှုန်း တိုးလာတာပါ။ လာရောက်သူအများစုက အီဂျစ်မှလာတာဖြစ်ပြီး လူပေါင်း ၁ သိန်းကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

    Ref; Arabnews