News @ M-Media

Author: Ko Lay

  • ဗြိတိန်မွတ်စလင် အမျိုးသမီးတစ်ဦး အမျိုးသားကျောင်းသား သမဂ္ဂအဖြစ် ရွေးချယ် တင်မြှောက်ခံရ

    ဗြိတိန်မွတ်စလင် အမျိုးသမီးတစ်ဦး အမျိုးသားကျောင်းသား သမဂ္ဂအဖြစ် ရွေးချယ် တင်မြှောက်ခံရ

    ဧပြီ ၂၃၊ ၂၀၁၆
    M-Media

    black muslim woman

    – ဗြိတိန်၏ အမျိုးသားကျောင်းသားသမဂ္ဂ (NUS) မှာ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သည့် ၎င်းတို့၏ နှစ်ပတ်လည် ညီလာခံတွင် ဥက္ကဌအဖြစ် လူမည်းမွတ်စလင် အမျိုးသမီးတစ်ဦးကို ခန့်အပ်ခဲ့သည်ဟု သိရသည်။

    မာလီယာ ဘူအက်တီယာဖြစ်ပြီး မဲအရေအတွက် ၃၇၂ မဲတွင် ထောက်ခံမဲ ၃၂၈ မဲဖြင့် လက်ရှိ ဥက္ကဌ မီဂန်ဒွန်းအပါအ၀င် ပြိုင်ဘက်များကို အပြတ်အသတ်ကျော်ဖြတ်ကာ ရွေးချယ်ခံရခြင်းဖြစ်သည်။

    “ဒီအနိုင်ရမှုက ကျွန်မအတွက်သာ မဟုတ်ပါဘူး။ ဒီအောင်ပွဲအတွက် လမ်းခင်းပေးခဲ့တဲ့ ထောင်ပေါင်းများစွာသော ကျောင်းသူ၊ ကျောင်းသားတွေအတွက် အောင်ပွဲပါပဲ။ ယူကေတစ်ဝှမ်းက ကျောင်းသားတွေဟာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး ကျွန်မတို့သမဂ္ဂဟာ သူတို့နဲ့အတူ ရပ်တည်ဖို့ အရင်ကထက် ပိုပြီးတော့ အရေးကြီးလာပါပြီ” ဟု ဘူအက်တီယာက ပြောကြားခဲ့သည်။

    သူမမှာ ယူကေအစိုးရ၏ လူအခွင့်အရေးချိုးဖောက်သော အကြမ်းဖက် ဆန့်ကျင်ရေး မဟာဗျူဟာကို ဆန့်ကျင်သည့် ထင်ရှားသူများထဲမှ တစ်ဦးလည်းဖြစ်သည်။ ထို့ပြင် Students not Suspects လှုပ်ရှားမှုကို စတင်ခဲ့ကာ အစိုးရ၏ ထိုဗျူဟာတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရန် ယူကေရှိ အဆင့်မြင့် ပညာရေးအသင်းအဖွဲ့များကို တိုက်တွန်းလျက် ရှိနေသည်။

    ဘူအက်တီယာမှာ ယခုကဲ့သို့ ယူကေ အမျိုးသားကျောင်းသားသမဂ္ဂအဖြစ် ရွေးချယ်ခံရမှုနှင့်ပတ်သက်၍ သမဂ္ဂ၏ အမှုဆောင်ကောင်စီဝင်ဟောင်းဖြစ်ပြီး လူငယ်အလုပ်သမားများဆိုင်ရာ နိုင်ငံတကာအရာရှိဖြစ်သော အဘ်ဒီ အဇစ် ဆူလေမန်က အစ္စလာမ်ကြောက်ရောဂါကြောင့် ဘ၀များကို နစ်နာဆုံးရှုံးစေကာ ပြည်သူ့ကိုယ်စားပြုနေရာများတွင် တာဝန်ထမ်းဆောင်ရန် ခြိမ်းခြောက်မှုများရှိနေသော မွတ်စလင်လူငယ်အမျိုးသမီးမျာအတွက် ဘူအက်တီယာ၏ အဖြစ်အပျက်က မျှော်လင့်ချက်နှင့် သတ္တိကို ဖြစ်ပေါ်စေသည်ဟု ပြောကြားခဲ့သည်။

    Ref: IINA

  • ကာဗွန်ဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းစေမှု အပေါ် လျော်ကြေး သတ်မှတ်ဖို့ ကမ္ဘာ့ခေါင်းဆောင်များ သဘောတူညီမှုရ

    ကာဗွန်ဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းစေမှု အပေါ် လျော်ကြေး သတ်မှတ်ဖို့ ကမ္ဘာ့ခေါင်းဆောင်များ သဘောတူညီမှုရ

    ဧပြီ ၂၃၊ ၂၀၁၆
    M-Media

    carbon 1

    – ကမ္ဘာကြီးပူနွေးမှုကို တိုက်ဖျက်ရေး အရှိန်မြင့်တင်နိုင်ဖို့အတွက် ကာဗွန်လျော်ကြေးသတ်မှတ်မှုအစီအစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်ရေး ကမ္ဘာ့ခေါင်းဆောင်ခြောက်ဦးနဲ့ အင်အားကြီးနိုင်ငံစုံအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေအကြား သဘောတူညီမှုရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

    IMF၊ World Bank၊ OECD အဖွဲ့တို့နဲ့အတူ ကနေဒါ၊ ဂျာမနီ၊ ပြင်သစ်၊ မက္ကဆီကို၊ အီသီယိုပီးယားနဲ့ ချီလီနိုင်ငံတွေက ခေါင်းဆောင်တွေဟာ လေးနှစ်အတွင်း ကမ္ဘာ့ ကာဘွန်ထုတ်လွှတ်မှုရဲ့ ၂၅ ရာခိုင်နှုန်းအတွက် လျောကြေးရယူနိုင်ဖို့ ဖိအားပေးခဲ့ကြပါတယ်။

    ၎င်းတို့က ဆယ်စုနှစ်တစ်ခုအတွင်း ကာဗွန်လျော်ကြေးဟာ ထုတ်လွှတ်မှုအားလုံးရဲ့ ၅၀ ရာခိုင်နှုန်းကို ကာမိစေဖို့ တန်ဖိုးသတ်မှတ်ချင်ခဲ့တာပါ။ စက်မှုအကြိုအခေတ်ကထက် မြင့်မားလာတဲ့ ကမ္ဘာကြီးရဲ့ ပျမ်းမျှ အပူချိန်ကို ၂ ဒီဂရီ ဆဲလ်စီးယက်စ် အောက်လောက်သာ ရှိနေဖို့ဆိုတဲ့ ရည်ရွယ်ချက်ကို အောင်မြင်ဖို့ဆိုရင် အကောင်အထည်ဖော်မှုတွေကို မြန်မြန်ဆန်ဆန်နဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ လိုတယ်လို့လည်း အဲဒီ အကြီးအကဲတွေက ပြောကြားခဲ့ပါတယ်။

    ကာဗွန်လျော်ကြေးဆိုတာဟာ ကာဘွန်တွေထုတ်လွှတ်ပြီး သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းအောင်ပြုလုပ်သူတွေကို စရိတ်ကျခံစေဖို့ ရည်ရွယ်တာပါ။ အဲ့ဒီလိုငွေကြေးကုန်ကျနိုင်တဲ့ အစီအစဉ်တွေကနေတဆင့် ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချဖို့ လှုံ့ဆော်နိုင်မှာ ဖြစ်ပါတယ်။

    ယခုလက်ရှိမှာ နိုင်ငံပေါင်း ၄၀ နဲ့ မြို့နဲ့ ဒေသပေါင်း ၂၃ ခုလောက်ဟာ ကာဗွန်လျော်ကြေးအတွက် စီမံကိန်းတွေကို လက်ခံကျင့်သုံးနေပြီး အဲ့ဒီပမာဏဟာ ကမ္ဘာ့ကာဗွန်ထုတ်လွှတ်မှု ၁၂ ရာခိုင်နှုန်းကို ကာမိစေပါတယ်။

    Ref: Arab News

  • နာမ်ပိုင်းဆိုင်ရာ ဆေးဆရာများကို ဆော်ဒီက အသိအမှတ်ပြုလက်မှတ် ထုတ်ပေးမည်

    နာမ်ပိုင်းဆိုင်ရာ ဆေးဆရာများကို ဆော်ဒီက အသိအမှတ်ပြုလက်မှတ် ထုတ်ပေးမည်

    ဧပြီ ၂၃၊ ၂၀၁၆
    M-Media

    saudi 4

    – စိတ်မကျန်းမာသူတွေကို ကုသပေးနိုင်ဖို့အတွက် ရူက်ယာလို့ခေါ်တဲ့ နာမ်ပိုင်းဆိုင်ရာ ဆေးဆရာတွေကို မကြာခင်က ပြဌာန်းလိုက်တဲ့ ဥပဒေနဲ့အညီ အသိအမှတ်ပြုလတ်မှတ် ထုတ်ပေးတော့မယ်လို့ ဆော်ဒီအာရေဗျကျန်းမာရေးဝန်ကြီးဌာနက ဒီတစ်ပတ်အတွင်းမှာ ပြောကြားခဲ့ပါတယ်။

    အဲဒီလို အသိအမှတ်ပြုလက်မှတ် ထုတ်ပေးသွားတဲ့အပြင် ဆေးဘက်ဆိုင်ရာ အဆောက်အဦးတစ်ချို့နဲ့ ပစ္စည်းကိရိယာတစ်ချို့ကိုလည်း အဲဒီ နာမ်ပိုင်းဆိုင်ရာ ကုသမှုတွေအတွက် ၀န်ကြီးဌာနက သုံးစွဲခွင့်ပြုမှာ ဖြစ်ပါတယ်။

    နာမ်ပိုင်းဆိုင်ရာနည်းလမ်းနဲ့ ကုသခွင့်တောင်းခံမှုကို အတည်ပြုနိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ဘာသာရေးလမ်းညွှန်မှုနဲ့ အသိပညာပေးရေးဌာနကို ပေးပို့သွားပြီးမှသာ ကုသဖို့အတွက် အချိန်၊ နေ့ရက်၊ နေရာတို့ကို ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။

    ကုသမှုပြုလုပ်မယ့် နေရာမှာတော့ ဘာသာရေးဆိုင်ရာ လမ်းညွှန်အကြံပေးမှုအဖွဲ့က အဖွဲ့ဝင်တစ်ဦးဟာ နာမ်ပိုင်းဆိုင်ရာ ဆေးဆရာနဲ့အတူ ရှိနေမှာဖြစ်ပြီး ဆေးကုသမှု လုပ်ထုံးလုပ်နည်းတွေဟာ ကုရ်အာန်ကျမ်းတော်မြတ်၊ တမန်တော် မုဟမ္မဒ်ခသင်ရဲ့ သြ၀ါဒတော်တွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ ကြီးကြပ်သွားမှာဖြစ်ပါတယ်။

    တကယ်လို့ နာမ်ပိုင်းဆိုင်ရာ ဆေးဆရာ ဒါမှမဟုတ် လူနာကို ကုသမှုနည်းလမ်းဟာ ကုရ်အာန်၊ တမန်တော်ရဲ့ သြ၀ါဒတော်တွေကနေ သွေဖည်နေမယ်ဆိုရင်တော့ ဘာသာရေးလမ်းညွှန်အဖွဲ့ဝင်အနေနဲ့ ကုသမှုကို အဆုံးသတ်စေပြီး နောက်ထပ် လက်မှတ်ရဆရာတစ်ဦး ထပ်ရှာဖို့ လူနာနဲ့ ၎င်းရဲ့မိသားစုဆီ လမ်းညွှန်ပေးမှာဖြစ်ပါတယ်။

    Ref: IINA

  • ဇီကာကိုတိုက်ဖျက်မယ့် ခြင်ဖမ်းစက်ကို ဘရာဇီးလ်တီထွင်

    ဇီကာကိုတိုက်ဖျက်မယ့် ခြင်ဖမ်းစက်ကို ဘရာဇီးလ်တီထွင်

    ဧပြီ ၂၃၊ ၂၀၁၆
    M-Media

    mosquito

    – ဇီကာဗိုင်းရပ်စ်အန္တရာယ်ကို တိုက်ဖျက်ဖို့ အားထုတ်မှုတစ်ခုအနေနဲ့ ခြင်တွေကို မျှားခေါ်ပြီး သတ်ပစ်နိုင်တဲ့ ခြင်ဖမ်းစက် ဘုတ်ပြားတစ်မျိုးကို အောင်မြင်စွာ တီထွင်နိုင်ခဲ့တယ်လို့ ဘရာဇီးကုမ္ပဏီနှစ်ခုက ဗုဒ္ဓ္ဓဟူးနေ့မှာ ကြေငြာခဲ့ပါတယ်။

    အဆိုပါဘုတ်ပြားကနေ လူတွေအသက်ရှုထုတ်တဲ့အခါ ထွက်ရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ လူ့ချွေးအနံ့နဲ့ဆင်တူတဲ့ လက်တစ်အက်ဆစ်ဒြပ်နှောတစ်မျိုးကို ထုတ်လွှတ်ပေးကာ ခြင်တွေကို မျှားခေါ်တာဖြစ်ပါတယ်။

    ဒီစက်ကို တီထွင်သူတွေက ပြုလုပ်နည်းအသေးစိတ်ကို အခမဲ့ဖြန့်ချီခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက လူတွေကိုလည်း ဒီအတိုင်းပြုလုပ်သွားဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူတစ်ဦးကတော့ လူအများအပြားရှိနေနိုင်တဲ့ နေရာတွေကသာ အင်းဆက်တွေရောက်လာဖို့ ဆွဲဆောင်နိုင်တဲ့နေရာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အဲဒီခြင်ဖမ်းဆက်ကို တီထွင်ခဲ့တဲ့ Posterscope နဲ့ NBS ကုမ္ပဏီတွေက သူတို့ရဲ့အားထုတ်မှုဟာ ခြင်ကတစ်ဆင့်ကူးစက်တဲ့ ဇီကာဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့ ကူညီပေးနိုင်တယ်လို့ ယုံကြည်နေပါတယ်။ ဘုတ်ပြားပေါ်က ထုတ်လွှတ်ပေးတဲ့ အနံ့ဟာ ၂.၅ ကီလိုမီတာအကွာက အင်းဆက်တွေကို ဆွဲဆောင်နိုင်တယ်လို့လည်း သူတို့က ပြောကြားခဲ့ပါတယ်။

    “အထူးသဖြင့် အခုလိုကိရိယာမျိုးဟာ သွေးစုပ်တဲ့ခြင်အမတွေကိုသာ ဆွဲဆောင်သတ်ပစ်နိုင်ပါတယ်။ ခြင်အမတွေသာ လူတွေကို ကိုက်တာပါ” လို့ ဆော့သ်ဟမ်တန်တက္ကသိုလ်က အင်းဆက်ထိန်းချုပ်ရေးပညာရှင် ခရစ် ဂျက်ဆန်က ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် အဲဒီခြင်ဖမ်းစက်ကို လူများတဲ့နေရာတွေမှာ ထားမယ်ဆိုရင်တော့ အလုပ်ဖြစ်မှာမဟုတ်ဘူးလို့လည်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “ကျွန်တော်နည်းနည်းစိုးရိမ်နေတာ ရှိပါတယ်။ တကယ်လို့ အဲ့ဒါဟာ လူတွေနဲ့ ထိတွေ့နိုင်ခြေများတဲ့ လူနေမှုသိပ်သည်းတဲ့ နေရာမျိုးမဟုတ်ရင်တော့ ကိစ္စမရှိပါဘူး။ နို့မို့ဆိုရင်တော့ ဗိုက်ဆာနေတဲ့ ခြင်တွေအတွက် လူသားတွေက စားကျက်တွေ ဖြစ်သွားပါလိမ့်မယ်”

    Ref: IINA

  • အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး အစ္စလာမ့်မစ်စာနယ်ဇင်းဆိုင်ရာဖိုရမ် မော်စကိုတွင်ကျင်းပ

    အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး အစ္စလာမ့်မစ်စာနယ်ဇင်းဆိုင်ရာဖိုရမ် မော်စကိုတွင်ကျင်းပ

    ဧပြီ ၂၂၊ ၂၀၁၆
    M-Media

    moscow

    – “အကြမ်းဖက်ဝါဒကိုဆန့်ကျင်တဲ့ မွတ်စလင်နိုင်ငံများမှ စာနယ်ဇင်းသမားများ” ဆိုတဲ့ခေါင်းစဉ်နဲ့ နိုင်ငံတကာ မွတ်စလင်ဂျာနယ်လစ်များရဲ့ ဒုတိယအကြိမ်မြောက် ဖိုရမ်ကို ဗုဒ္ဓဟူးနေ့က ရုရှားနိုင်ငံ မော်စကိုမြို့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    နှစ်ရက်တာ ကြာမြင့်ခဲ့တဲ့ အဲဒီဖိုရမ်မှာ မွတ်စလင်နိုင်ငံ ၁၉ နိုင်ငံက ထိပ်တန်းဂျာနယ်လစ်ပေါင်း ၄၃ ဦး တက်ရောက်ခဲ့ကြပါတယ်။

    ဒီဖိုရမ်ကို တာတာစတန်ဒေသ သမ္မတ ရက်စ်တန် မင်နီခါနော့ဗ်က ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ “Russia-Islamic World” အဖွဲ့က ဦးစီးကျင်းပခဲ့တာဖြစ်ပြီး အဓိကအစည်းအဝေးကို အရှေ့အလယ်ပိုင်း၊ အာဖရိက၊ အိုအိုင်စီနဲ့ အခြားသော မွတ်စလင်အဖွဲ့အစည်းတွေနဲ့ ရုရှားတို့ရဲ့ ဆက်ဆံရေးကို တာဝန်ယူထားရသူ ဒုတိယနိုင်ငံခြားရေးဝန်ကြီး မီခေးလ် ဘော့ဂ်ဒါနော့ဗ်က ဖွင့်လှစ်ပေးခဲ့ပါတယ်။

    တာတာစတန်သမ္မတ မင်နီခါနော့ဗ်က ပေးပို့တဲ့ သ၀ဏ်လွှာမှာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးကိစ္စဟာ အရေးပါပြီး၊ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေကာ နေရာတိုင်းမှာ မတည်မငြိမ်ဖြစ်စေတာကြောင့် ဒီဝါဒကို အောင်အောင်မြင်မြင်တိုက်ဖျက်နိုင်ဖို့အတွက် စည်းလုံးညီညွှတ်အောင် ကြိုးစားဖို့လိုအပ်ကြောင်း၊ သတင်းအချက်အလက်နဲ့ မီဒီယာကဏ္ဍအပါအ၀င် နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

    ဖိုရမ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးအတွက် သတင်းအချက်အလက်ဆိုင်ရာ မူဝါ
    ဒအပေါ် ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်သွားဖို့ ဖြစ်ပါတယ်။

    Ref: IINA