News @ M-Media

Author: Ko Lay

  • အစ္စလာမ်ကို လေ့လာချင်သူများအတွက် ချီကာဂိုတွင် Open Mosque Day အစီအစဉ် ပြုလုပ်မည်

    အစ္စလာမ်ကို လေ့လာချင်သူများအတွက် ချီကာဂိုတွင် Open Mosque Day အစီအစဉ် ပြုလုပ်မည်

    အောက်တိုဘာ ၄၊ ၂၀၁၅
    M-Media

    chicago

    – အစ္စလာမ်နှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းနိုင်ရေးနှင့် ဗလီဝတ်ကျောင်းတော်များကို ၀င်ရောက်လေ့လာနိုင်ရေးအတွက် ချီကာဂိုမြို့ရှိ ထိပ်တန်းမွတ်စလင်အဖွဲ့တစ်ခုက Open Mosque Day အစီအစဉ်တစ်ခုကို အောက်တိုဘာ ၅ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည်။

    “ဒီအစီအစဉ်က မွတ်စလင်တွေနဲ့ မရင်းနှီးတဲ့ ဒါမှမဟုတ် ဗလီဝတ်ကျောင်းတော်ကို မရောက်ဖူးတဲ့ လူတစ်ဦးချင်းဆီအတွက် အဲဒီအခွင့်အရေးတွေကို ရရှိမှာဖြစ်ပါတယ်” ဟု ထိုအစီအစဉ်ကို ကျင်းပပေးမည့် ချီကာဂိုမြို့ အစ္စလာမ့်ရေးရာအဖွဲ့များကောင်စီမှ အမှုဆောင်အကြီးအကဲဖြစ်သူ အမျိုးသမီး တာဘက်ဆမ် ဟာလီးမ်က ပြောကြားခဲ့သည်။

    ချီကာဂိုမြို့ရှိ ဗလီဝတ်ကျောင်းတော်များမှာ ထိုနေ့တွင် တစ်နေကုန်ဖွင့်ထားမည်ဖြစ်ပြီး အစ္စလာမ်နှင့်ပတ်သက်၍ မရှင်းလင်းသည်များကို မေးမြန်းလိုသူများ၊ ဗလီဝတ်ကျောင်းတော်အား ၀င်ရောက်လေ့လာချင်သူများအတွက် ရှင်းလင်းဖြေကြားမှုများ၊ လိုက်လံပြသမှုများ ပြုလုပ်ပေးသွားမည်ဖြစ်သည်။

    မြို့တွင်းရှိ ဗလီဝတ်ကျောင်းတော်များမှာ ယခင်က ထိုကဲ့သို့ အစီအစဉ်များ ပြုလုပ်ခဲ့သော်လည်း ကောင်စီက ကြီးမှူးကာ ယခုကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်လေသည်။

    “အိမ်နီးချင်းတွေ၊ တစ်ခြားလူတွေက ဗလီဝတ်ကျောင်းတော်ကို လာရောက်လည်ပတ်ချင်ပြီး ဖိတ်ကြားမှုတွေကို စောင့်နေတယ်ဆိုတဲ့ သတင်းတွေ ကျွန်မတို့ မကြာခဏ ကြားရပါတယ်။ ဖုန်းဆက်ပြီး ဗလီဝတ်ကျောင်းတော်ကို လာချင်တယ်လို့ပြောဖို့ သူတို့ မ၀ံ့ရဲကြပါဘူး။ မေးခွန်းတွေမေးချင်တဲ့ ဘယ်သူမဆို မွတ်စလင်တွေနဲ့အတူ ဗလီဝတ်ကျောင်းတော်ကို လာရောက်လှည့်ပါ။ ဒါဟာ အခွင့်အရေးကြီး တစ်ခုပါပဲ” ဟု ဟာလီမ်းက ပြောကြားခဲ့သည်။

    ထို့ပြင် မြို့တွင်းရှိ တစ်ချို့သော ဗလီဝတ်ကျောင်းတော်များမှာ ကျယ်ဝန်းပြီး၊ လှပသည့် ၀တ်ပြုရာနေရာများ တည်ရှိကြောင်း၊ ဗိသုကာလက်ရာများမှာလည်း ထူးခြားကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

    အဆိုပါ Open Mosque Day အစီအစဉ်အတွင်း အမေးအဖြေကဏ္ဍလည်း ပါဝင်မည်ဖြစ်ပြီး အစ္စလာမ်၊ မွတ်စလင်နှင့် ဗလီဝတ်ကျောင်းတော်များအကြောင်း သိရှိရန် လာရောက်လည်ပတ်သူများအတွက် အခွင့်အရေး ရစေမည်ဖြစ်သည်။

    ဧည့်သည်များမှာ နေ့လည်ပိုင်းဝတ်ပြုမှုကိုလည်း စောင့်ကြည့်နိုင်မည်ဖြစ်သည်။

    “ဒီအစီအစဉ်က အထူးသဖြင့် နားလည်မှုလွဲတာတွေ အများအပြားရှိနေတဲ့ နိုင်ငံရေးအခြေအနေကြောင့် ကြောက်ရွံ့မှုတွေကြီးမားနေတဲ့ ဒီလိုအချိန်မျိုးမှာ အပြန်အလှန်နားလည်မှု တိုးမြှင့်ဖို့ အလွန်ပဲ အထောက်အကူဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီကြောက်ရွံ့မှုတွေကို ကျော်လွှားဖို့ ဒါက ကြီးကျယ်တဲ့ အချိန် ဖြစ်မှာပါ” ဟု ဟလီးမ်က ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Onislam

  • ဆန်းဒါးလန်းနည်းပြ ရာထူးမှ နှုတ်ထွက်

    ဆန်းဒါးလန်းနည်းပြ ရာထူးမှ နှုတ်ထွက်

    အောက်တိုဘာ ၄၊ ၂၀၁၅
    M-Media

    sund

    – ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲအပြီး နိုင်ပွဲတစ်ပွဲမှမရှိဘဲ အဆင့် ၁၉ သို့ ရောက်နေသည့် ဆန်းဒါးလန်အသင်း၏ နည်းပြဖြစ်သူ ဒစ် အဒ်ဗိုကတ်မှာ နည်းပြရာထူးမှ ယနေ့တွင် နှုတ်ထွက်သွားခဲ့ပြီဖြစ်ပြီး ဖိအားများသည့် ပရီးမီးယားလိဂ်တွင် ယခုနှစ်၏ ပထမဆုံး နည်းပြရာထူး အပြောင်းအလဲဖြစ်ခဲ့ခြင်းလည်း ဖြစ်သည်။

    မတ်လက စတင် တာဝန်ယူကိုင်တွယ်ခဲ့ပြီး ပေါင် ၂၅ သန်း အသုံးပြု၍ ကစားသမားများကို ၀ယ်ကာ အသင်းအား အားဖြည့်ခဲ့သော်လည်း ဆိုးရွားသော ခံစစ်မှတ်တမ်းဖြင့် ဆန်းဒါးလန်းမှာ ယခုအချိန်အထိ ၁ မှတ်သာရရှိထားပြီး အဒ်ဗိုကတ်ကမူ အသင်းအား ပြောင်းလဲပစ်ရန် အချိန်အများအပြားလိုအပ်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော့်အနောက်မှာ ရပ်တည်ပေးခဲ့ကြသူတွေ အားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ဒီအသင်းဟာ ကြီးကျယ်တဲ့လူအများအပြားနဲ့ အလွန်ထူးခြားတဲ့အသင်းပါ။ ဒါပေမယ့် ဒီအချိန်ဟာ ဒီလိုလုပ်ဖို့ သင့်တော်တဲ့အချိန်လို့ ကျွန်တော် ခံစားရပါတယ်။ ကျွန်တော့်အတွက်မဟုတ်ပါဘူး။ အသင်းအတွက်ပါ”

    Ref: Goal

  • ၁၀ စုနှစ်အတွင်း အကြီးဆုံးစစ်ရေးလေ့ကျင့်မှုကို နေတိုးအဖွဲ့ စတင်

    ၁၀ စုနှစ်အတွင်း အကြီးဆုံးစစ်ရေးလေ့ကျင့်မှုကို နေတိုးအဖွဲ့ စတင်

    အောက်တိုဘာ ၄၊ ၂၀၁၅
    M-Media

    nato

    – ၁၃ နှစ်တာကာလအတွင်း အကြီးဆုံး စစ်ရေးလေ့ကျင်မှုအဖြစ် နိုင်ငံပေါင်း ၃၀ မှ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ကာ နေတိုးအဖွဲ့က အီတလီ၊ စပိန်နှင့် ပေါ်တူဂီနိုင်ငံများတွင် စစ်ရေးလေ့ကျင့်မှုကို ယနေ့တွင် စတင်လိုက်သည်။

    Trident Juncture 2015 ဟု အမည်ပေးထားသည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် နေတိုးအဖွဲ့ဝင်နိုင်ငံများ၊ ယခင် ဆိုဗီယက်နိုင်ငံဟောင်းများနှင့် အာဖရိကသမဂ္ဂမှ နိုင်ငံများ ပါဝင်ပြီး စုစုပေါင်း စစ်သား ၃၆၀၀၀၊ စစ်ရေယာဉ် ၆၀ ကျော်နှင့် လေယာဉ် ၂၀၀ ကျော်တို့ဖြင့် ကြည်း၊ ရေ၊ လေ လေ့ကျင့်ရေး၊ လက်တွေ့ တိုက်ခိုက်မှု လေ့ကျင့်ခန်းများကို နိုဝင်ဘာ ၁၆ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။

    “ဒီလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်က နေတိုး တန်ပြန်တုန့်ပြန်ရေးတပ်ဖွဲ့တွေကို လေ့ကျင့်ပေးဖို့နဲ့ ကြည်းတပ်၊ ရေတပ်၊ လေတပ်၊ အထူးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်ဖွဲ့စည်းထားတဲ့ နိုင်ငံတကာတပ်ဖွဲ့တွေရဲ့ အဆင်သင့်ဖြစ်နေမှု၊ နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုတွေကို စမ်းသပ်ဖို့ဖြစ်ပါတယ်” ဟု နေတိုး ပူးပေါင်းထပ်ဖွဲ့မှ တပ်မှူးဖြစ်သူ ဗိုလ်ချုပ် ဟန်စ် လိုသာရ် ဒွမ်ရို့စ်က ပြောကြားခဲ့သည်။

    Ref: RT

  • အင်ဒိုတောမီးအတွက် ကူညီရန်အသင့်ဟု မလေးရှားပြော

    အင်ဒိုတောမီးအတွက် ကူညီရန်အသင့်ဟု မလေးရှားပြော

    အောက်တိုဘာ ၄၊ ၂၀၁၅
    M-Media

    – ဆီးအုန်းတောများ မီးရှို့မှုကြောင့် ဆိုးရွားသော မီးခိုးဖုံးလွှမ်းမှုနှင့် ကြုံတွေ့နေရခြင်းကို ရင်ဆိုင်ရာတွင် အင်ဒိုနီးရှားက ပြင်ပနိုင်ငံမှ အကူအညီလိုအပ်ပါက မိမိတို့က ကူညီရန် အသင့်ရှိနေသည်ဟု မလေးရှား မီးသတ်နှင့် ကယ်ဆယ်ရေးဌာနက ယနေ့တွင် ပြောကြားလိုက်သည်။

    ဌာနမှ အထွေထွေဒါရိုက်တာဖြစ်သူ ၀မ် မိုဟာမက် နူရ် အီဘရာဟင်က အင်ဒိုနီးရှားရှိ ဆူမာတြားနှင့် ကာလီမန်တန်တို့တွင် တောမီးလောင်မှုအား ငြှိမ်းသက်ရန် မိမိတို့ကို ရွေးချယ်ပါက မိမိတို့ တပ်ဖွဲ့မှာ ပစ္စည်းကိရိယာ အပြည့်အစုံနှင့် လိုအပ်သော ကျွမ်းကျင်မှုရှိနေသည်ဟု ဖော်ပြခဲ့သည်။

    အဆိုပါတောမီးကြောင့် မီးခိုးများမှာ စင်ကာပူနှင့် မလေးရှားသို့ပါ ရောက်ရှိနေပြီး လေထုညစ်ငြမ်းမှုမှာ စိုးရိမ်ရဖွယ် အခြေအနေရှိနေသည်။ အင်ဒိုနီးရှားကလည်း မိမိတို့အနေဖြင့် နိုင်ငံခြားအကူအညီများကို တံခါးဖွင့်ထားသည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • တရုတ် Wuhan Open တင်းနစ်ပြိုင်ပွဲ ဗီးနပ်စ်ဝီလီယံဗိုလ်စွဲ

    တရုတ် Wuhan Open တင်းနစ်ပြိုင်ပွဲ ဗီးနပ်စ်ဝီလီယံဗိုလ်စွဲ

    အောက်တိုဘာ ၄၊ ၂၀၁၅
    M-Media

    tenn

    – တရုတ်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် Wuhan Open တင်းနင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲ၌ အမေရိကန် တင်းနစ်မယ် ဗီးနပ်စ်ဝီလီယံက ၀င်ဘယ်လ်ဒန်ပြိုင်ပွဲတွင် ဒုတိယရရှိခဲ့သည့် စပိန်မှ ဂါဘိုင်း မူဂူရုဇ်နာကို အနိုင်ရရှိကာ ဗိုလ်စွဲနိုင်ခဲ့သည်။

    ၆-၃၊ ၆-၀ ဖြင့် ဦးဆောင်နေစဉ် မူဂူရုဇ်နာက ဒဏ်ရာရ၍ အနားယူသွားခဲ့သောကြောင့် ဗီးနပ်စ်က ဖလားရခဲ့ခြင်းဖြစ်သည်။ ထိုဖလားမှာ ၎င်း၏ တင်းနစ်သက်တမ်းတစ်လျှောက် ၄၇ ကြိမ်မြောက် WTA ဆုဖလားဖြစ်ပြီး Tour ပြိုင်ပွဲများတွင် ၅ နှစ်အတွင်း ၎င်း၏ အမြင့်ဆုံးအောင်မြင်မှုလည်း ဖြစ်သည်။ ထို့ပြင် ယခုအောင်မြင်မှုကြောင့် ကမ္ဘာ့အဆင့် ၁၄ သို့ ရောက်ရှိလာပြီဖြစ်သည်။

    “ဖိုင်နယ်ရောက်အောင် ကစားနိုင်တဲ့အတွက် ဂါဘိုင်းကို ချီးကျူးပါတယ်။ သူမနေ့က ခက်ခက်ခဲခဲ ကစားခဲ့ရတယ်ဆိုတာ ကျွန်မသိပါတယ်။ အကောင်းဆုံးမကစားနိုင်တဲ့အချိန်မျိုးမှာ သိပ်မလွယ်ပါဘူး။ ရှင်သာ နေကောင်းနေမယ်ဆိုရင် ကျွန်မ ဒီလိုအခွင့်အရေးမျိုး ရမှာမဟုတ်ပါဘူး” ဟု ဗီးနပ်စ်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Dailymail