News @ M-Media

Category: ကျန်းမာရေးနှင့်ဆေးပညာ

  • မြို့ပြများတွင် လေထုညစ်ညမ်းမှု မြင့်တက်လာသည်ဟု WHO သတိပေး

    မြို့ပြများတွင် လေထုညစ်ညမ်းမှု မြင့်တက်လာသည်ဟု WHO သတိပေး

    မေ ၁၇၊ ၂၀၁၆
    M-Media

    – ၀င်ငွေနိမ့်ပါးတဲ့ ဒါမှမဟုတ်၊ အလယ်အလတ်ရှိတဲ့ နိုင်ငံတွေက မြို့ကြီးပြကြီးတွေမှာ နေထိုင်သူ ၉၈ ရာခိုင်နှုန်းခန့်ဟာ အလွန်အမင်းလေထုညစ်ညမ်းမှုဒဏ်နဲ့ ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြီးခဲ့တဲ့ တစ်ပတ်မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    အဲဒီကြေငြာချက်မှာ မြို့ပြနေပြည်သူ ၅ ဦးမှာ လေးဦးဟာ WHO ရဲ့ လေထုအရည်အသွေး လမ်းညွှန်ချက်တွေနဲ့ ကိုက်ညီမှုမရှိတဲ့ မြို့တွေမှာ နေထိုင်နေရပြီး၊ ၀င်ငွေမြင့်မားတဲ့ နိုင်ငံတွေက လူဦးရေ ၅၆ ရာခိုင်နှုန်းဟာလည်း လေထုညစ်ညမ်းမှုဒဏ်ကို ခံစားနေရတယ်လို့ ဆိုပါတယ်။

    လေထုညစ်ညမ်းမှုကို လျော့ချရေး တစ်ချို့ဒေသတွေမှာ တိုးတက်မှုအချို့ ရှိခဲ့ပေမယ့် ကမ္ဘာလုံးဆိုင်ရာ မြို့ပြလေထုညစ်ညမ်းမှုအဆင့်ဟာ ၈ ရာခိုင်နှုန်းလောက် ပိုများခဲ့ကာ၊ လေထုအရည်အသွေး ဆိုးရွားတဲ့အတွက် လေဖြတ်ရောဂါ၊ နှလုံးရောဂါ၊ အဆုတ်ကင်ဆာနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်နိုင်ချေများတယ်လို့လည်း WHO က သတိပေးခဲ့ပါတယ်။

    Ref: IINA

  • မွတ်စလင်များ၏ ဥပုသ်စောင့်ခြင်းက အသည်းအဆီဖုံးရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်

    မွတ်စလင်များ၏ ဥပုသ်စောင့်ခြင်းက အသည်းအဆီဖုံးရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်

    မေ ၁၆၊ ၂၀၁၆
    M-Media

    fasting

    – အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်လမှာ ဥပုသ်သီလဆောက်တည်သလို အစာရေစာကို အချိန်အတိုင်းအတာတစ်ခုအထိ ရှောင်ကျဉ်ခြင်းက လူခန္ဓာကိုယ်အပေါ်မှာ ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုရှိပြီး အထူးသဖြင့် တစ်ကမ္ဘာလုံးမှာ အဖြစ်များလေ့ရှိတဲ့ အသည်းအဆီဖုံးရောဂါကို ကာကွယ်ပေးနိုင်တယ်လို့ ဂျာမန်သိပ္ပံပညာရှင်တွေ ပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာ တွေ့ရှိခဲ့ရပါတယ်။

    အဲဒီ လေ့လာမှုကို Helmholtz Zentrum München သုတေသနဌာနမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ခဏတာ အစာရေစာဖြတ်တောက်ထားခြင်းက အသည်းရဲ့ဇီဝရုပ်ဖြစ်စဉ်ကို ထိန်းညှိပေးတဲ့ ပရိုတိန်းတစ်ချို့ထွက်ရှိစေကြာင်း တွေ့ရှိခဲ့တာဖြစ်ကာ လေ့လာမှုရလဒ်ကိုတော့ EMBO Molecular Medicine ဆိုတဲ့ ဆေးပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။

    “ဥပုသ်စောင့်ထိန်းခြင်းက ကျွန်တော်တို့ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုအပေါ် ဘယ်လို လွှမ်းမိုးနိုင်စွမ်း ရှိလဲဆိုတာကို နားလည်လာတဲ့အခါ ဒီအကျိုးသက်ရောက်မှုကို ရောဂါကုထုံးဆိုင်ရာ လုပ်ငန်းတွေမှာ အကျိုးရှိရှိ အသုံးချနိုင်မှာ ဖြစ်ပါတယ်” လို့ ဌာနရဲ့ ဂျာမန်ကင်ဆာသုတေသနစင်တာမှာ တာဝန်ယူထားတဲ့ ဒေါက်တာ အဒမ် ဂျေ ရို့စ်က ပြောကြားခဲ့ပါတယ်။

    မကြာခင်က ပြုလုပ်ခဲ့တဲ့ အဲဒီလေ့လာမှုမှာ သိပ္ပံပညာရှင်တွေဟာ ဥပုသ်စောင့်ခြင်းကြောင့် အသည်းမှာရှိတဲ့ ဆဲလ်တွေရဲ့ မျိုးရိုးဗီဇဆိုင်ရာလှုပ်ရှားမှု ခြားနားချက်ဖြစ်ပေါ်လာတာကို ဖော်ထုတ်နိုင်ခဲ့တာပါ။ ဆာလောင်မှုပြင်းထန်လာလေ အသည်းမှာ GADD45β ဆိုတဲ့ ပရိုတိန်းမော်လီကျူးများများ ပိုထွက်လာလေဖြစ်ပြီး ယင်းမော်လီကျူးဟာ DNA ပျက်စီးခြင်းနဲ့ ဆဲလ်သံသရာစက်ဝန်း ပျက်စီးခြင်းကို ပြန်လည်ပြုပြင်ပေးတယ်လို့လည်း တွေ့ရှိခဲ့ပါတယ်။

    GADD45β ဟာ အသည်းမှာ အဆီကို စုပ်ယူမှုလုပ်ငန်းစဉ်ကို ထိန်းချုပ်ပေးတဲ့ တာဝန်ကိုလည်း ထမ်းဆောင်ပြီး ဒီမော်လီကျူးတွေ နည်းလာပြီဆိုရင်တော့ အသည်းမှာ အဆီဖုံးမှု ပိုမိုများပြားလာစေပါတယ်။ ဥပုသ်စောင့်ခြင်းဟာ GADD45β ပရိုတင်းကို ပိုမိုထွက်ရှိစေတာကြောင့် အသည်းအဆီဖုံးရောဂါဖြစ်ပွားမှု အန္တရာယ်ကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

    Ref: IINA

  • အင်္ဂလန်၏ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ အခြေအနေ ဆိုးရွားလာနေ

    အင်္ဂလန်၏ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ အခြေအနေ ဆိုးရွားလာနေ

    မေ ၁၅၊ ၂၀၁၆
    M-Media

    NHS

    – အင်္ဂလန် အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာန (NHS) က နိုင်ငံအတွင်းမှာရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေရဲ့ စံနှုန်းတွေ လျော့ကျလာနေတယ်လို့ ၎င်းတို့ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။

    အဲဒီ အစီရင်ခံစာမှာ ၁၅ နှစ်တာအတွင်း ဆေးရုံတွေမှာ ၀န်ထမ်း ဒါမှမဟုတ် ကုတင်တွေ မရှိတော့တာကြောင့် ခွဲစိတ်မှုအတော်များများကို နောက်ဆုံးအချိန်ကျမှ ဖျက်သိမ်းလိုက်ရတယ်လို့ဆိုပြီး၊ ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်ထဲမှာပဲ အင်္ဂလန်က လူနာ ၇၄၀၀၀ ကျော်ဟာ ကုသမှုနဲ့မဆိုင်တဲ့ အကြောင်းပြချက်တွေနဲ့ ဆေးခန်းပြမယ့်အစီအစဉ်တွေ ရွှေ့ဆိုင်းခံနေရတာမျိုး ရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

    တော်ဝင်သမားတော်များကောလိပ်က အဆိုပါအချက်အလက်တွေဟာ စိတ်ပျက်ဖွယ်ကောင်းတယ်လို့ ပြောဆိုလိုက်ပြီး အခုလို ကြန့်ကြာမှုတွေကြောင့် လူနာတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း သတိပေးခဲ့ပါတယ်။

    ကျွမ်းကျင်သူတွေကတော့ ဒီအချက်အလက်တွေဟာ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေမှာ ဖိအားတွေ များလွန်းတာကြောင့် စံနှုန်းတွေ လျော့ကျလာတဲ့ လက္ခဏာဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။

    NHS ရဲ့ အလုပ်ချိန်တိုးမြှင့်ပြီး လစာတိုးမပေးတာကြောင့် ပြီးခဲ့တဲ့လ နှောင်းပိုင်းမှာ အင်္ဂလန်က အငယ်တန်းဆရာဝန်တွေဟာ သပိတ်မှောက်ခဲ့ကြပြီး အဲဒီသပိတ်ကြောင့် ဖျက်ပစ်လိုက်ရတဲ့ ခွဲစိတ်ကုသမှု စာရင်းတွေကတော့ အခုထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မပါဝင်ပါဘူး။

    Ref: Presstv

  • ဇီကာနှင့် ဦနှောက်သေးရောဂါ ဆက်နွယ်မှုကို တရုတ်ပညာရှင်များ ဖော်ထုတ်

    ဇီကာနှင့် ဦနှောက်သေးရောဂါ ဆက်နွယ်မှုကို တရုတ်ပညာရှင်များ ဖော်ထုတ်

    မေ ၁၄၊ ၂၀၁၆
    M-Media

    zika

    – မွေးကင်းစကလေးငယ်တွေမှာဖြစ်တတ်တဲ့ ဦးနှောက်သေးရောဂါနဲ့ ဇီကာဗိုင်းရပ်စ် တိုက်ရိုက်ဆက်နွယ်မှုရှိကြောင်းကို တရုတ်သိပ္ပံပညာရှင်များက ပထမဆုံးအကြိမ် ရှာဖွေဖော်ထုတ်လိုက်ပါတယ်။

    ဦးနှောက်သေးရောဂါဆိုတာ ဦးနှောက်နဲ့ ဦးခေါင်းခွံတို့ ပုံမှန် ဖွံဖြိုးမှုမရှိတဲ့ အခြေအနေဖြစ်ပြီး ဘရာဇီးနဲ့ အခြားနေရာတွေမှာ ဦးနှောက်သေးရောဂါနဲ့မွေးဖွားလာကြတဲ့ မွေးကင်းစကလေးငယ်တွေရဲ့ မိခင်တွေဟာ ဇီကာဗိုင်းရပ်စ်သယ်ဆောင်ထားတဲ့ ခြင် အကိုက်ခံရကြောင်း အတွေ့ရများလာပြီးတဲ့နောက်မှာ ၎င်းတို့ကြားဆက်စပ်မှုကို သံသယ၀င်လာကြပါတယ်။

    အခုတော့ တရုတ်သိပ္ပံအကယ်ဒမီကျောင်းက မျိုးရိုးဗီဇနဲ့ ဖွံ့ဖြိုးမှုဇီဝဗေဒဌာနက သိပ္ပံပညာရှင်တွေ၊ စစ်ဘက်ဆေးသိပ္ပံအကယ်ဒမီလက်အောက်က အနုဇီဝဗေဒနဲ့ ရောဂါပျံ့ပွားမှုထိန်းချုပ်ရေးဌာနက သိပ္ပံပညာရှင်တွေဟာ တိုက်ရိုက်ဆက်နွယ်မှုကို တွေ့ရှိထားပြီးဖြစ်ကြောင်း CCTV သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

    တရုတ်လူနာတစ်ဦးစီက ဗိုင်းရပ်စ်နမူနာကိုယူကာ မွေးကင်းစကြွက်လေးတွေ ဦးနှောက်မှာ ထည့်သွင်းလေ့လာခဲ့တာဖြစ်ပြီး၊ ဦးနှောက်သေးရောဂါနဲ့ စက်ဆပ်နေတဲ့ လက္ခဏာတွေအားလုံးကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

    စမ်းသပ်မှုမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ ကွင်ကတော့ ဒီလိုဖော်ထုတ်နိုင်တာဟာ ဦးနှောက်သေးရောဂါကို ကုသနိုင်မယ့် ဆေးဝါးနဲ့ ကာကွယ်ဆေးတွေ ထုတ်လုပ်ရာမှာ အသုံးဝင်မှာဖြစ်ပြီး ဇီကာကူးစက်နိုင်မှုကို တားဆီးရေးနဲ့ ကုသရေးတို့မှာလည်း အကူအညီဖြစ်စေနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Reuter

  • မြို့ပြတွင် လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူ ၇ သန်း သေဆုံးနေ

    မြို့ပြတွင် လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူ ၇ သန်း သေဆုံးနေ

    မေ ၁၃၊ ၂၀၁၆
    M-Media

    india
    အိန္ဒိယနိုင်ငံ ဒေလီမြို့မှ လေထုညစ်ညမ်းမှု မြင်ကွင်းတစ်ခု

    – ကမ္ဘာတစ်ဝှမ်းက မြို့ကြီးတွေမှာ လေထုညစ်ညမ်းမှုတွေ များပြားလာတဲ့အတွက် ခန့်မှန်းခြေအားဖြင့် နှစ်စဉ် လူခုနှစ်သန်းကျော် သေဆုံးနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးလိုက်ပါတယ်။

    “ယေဘူယျအားဖြင့်ပြောရရင် အခြေအနေတွေဟာ ပျက်ယွင်းလာခဲ့ပြီး လေထုညစ်ညမ်းမှုကလည်း ၈ ရာခိုင်နှုန်းလောက် မြင့်တက်လာပါတယ်။ ဒါ့ကြောင့် အခြေအနေက ပိုဆိုးသထက်ဆိုးလာပါတယ်” ဟု WHO ရဲ့ လူထုကျန်းမာရေးဆိုင်ရာ အကြီးအကဲ မာရီယာ နီယာရာက ဗုဒ္ဓဟူးနေမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    “ပြီးတော့ မြို့နေလူထု ၈၀ ရာခိုင်နှုန်းဟာ လေထုညစ်ညမ်းမှု အမြင့်ဆုံးအဆင့်နဲ့ ထိတွေ့နေရပါတယ်။ ဒါတွေကြောင့် ရောဂါတွေလည်း ထူပြောလာပါတယ်။ အဲ့ဒါဟာ ကြောက်စရာကောင်းလှတဲ့ ကိန်းဂဏန်းပါပဲ၊ WHO ရဲ့ခန့်မှန်းချက်အရ နှစ်စဉ်လူခုနှစ်သန်း သေဆုံးလျက်ရှိနေပါတယ်။ လေထုညစ်ညမ်းမှုကြောင့် ပုံမှန်ထက်စောတဲ့ သေဆုံးမှုတွေ နှစ်စဉ်တွေ့ကြုံနေရပါတယ်”

    ဒီလိုအခြေအနေမျိုးဟာ တော်တော်လေးအရေးကြီးတဲ့ လူထုကျန်းမာရေးပြဿနာဖြစ်ကြောင်း၊ လူထုအသိပညာပေးလုပ်ငန်းတွေ လုပ်ဖို့လိုကြောင်း နိုင်ငံတွေအနေနဲ့လည်း လေထုအရည်အသွေးကို စောင့်ကြည့်ထိန်းချုပ်တာမျိုးတွေ ပြုလုပ်သင့်ကြောင်း နီယာရာက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Presstv