News @ M-Media

Tag: DailySportNews

  • မိမိအသင်းမှာ ရင့်ကျက်သော အသင်းသာဖြစ်ကြောင်း စပိန်နည်းပြ ဒဲလ်ဘော့စကေးဆို

    ဇွန်လ ၁၃ ၊ ၂၀၁၄
    M-Media
    422304_heroa
    – သက်ကြီးကစားသမားများပါဝင်နေသည့် မိမိတို့အသင်းမှာ အိုမင်းနေခြင်းမဟုတ်ဘဲ ရင့်ကျက်နေခြင်းသာဖြစ်သည်ဟု ကမ္ဘာ့ဖလားလက်ရှိချန်ပီယံ စပိန်အသင်း နည်းပြ ဒဲလ်ဘော့စကေးက ပြောကြားလိုက်သည်။

    စပိန်အသင်း၏ လူစာရင်းတွင် အသက် ၃၀ ကျော် ကစားသမား ၇ ဦးခန့် ပါဝင်နေပြီး အိုမင်းနေပြီဟု ဝေဖန်မှုများရှိနေသောကြောင့် ဒဲလ်ဘော့စကေးက ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

    “စစ်မှုထမ်းဟောင်း အသင်းလို ကျွန်တော်တို့ ခြေစစ်ပွဲအောင်ခဲ့တာ မဟုတ်ပါဘူး။ ရင့်ကျက်တဲ့အသင်းအဖြစ်သာ ခြေစစ်ပွဲအောင်ခဲ့တာပါ။ ၃၀ ကျော်ကစားသမား ၄၊ ၅ ယောက်လောက်ရှိပါတယ်။ ဒါဟာ မများပါဘူး။ ကျွန်တော်တို့ အကောင်းဆုံး ပုံစံမှာ ရှိနေပြီး၊ ဘယ်သူ့ကိုမှ မကြောက်ပါဘူး။ သက်ကြီးကစားသမားတွေဟာ အရမ်း အရမ်းကို ထူးချွန်ပြောင်မြောက်ကြပါတယ်” ဟု ဒဲလ်ဘော့စကေးက ပြောကြားခဲ့သည်။

    အိမ်ရှင်ဘရာဇီးလ်၊ ဂျမနီတို့နှင့်အတူ ဗိုလ်စွဲရန် ရေပန်းစားနေသည့် စပိန်အသင်းမှာ ၂၀၁၀ ကမ္ဘာ့ဖလားနောက်ဆုံးဗိုလ်လုပွဲတွင် အနိုင်ယူခဲ့သည့် ဟော်လန် အသင်းနှင့် ယနေ့ညတွင် အုပ်စု B ပွဲဦးထွက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

  • တောင်အာဖရိက ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် စပိန်အား ရှုံးနိမ့်မှုက မိမိအားခြောက်လှန့်နေဟု ရော်ဘင်ဆို

    ဇွန်လ ၁၃ ရက်၊ ၂၀၁၄
    M-Media
    422582_heroa
    – ၂၀၁၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် စပိန်အသင်းအား ရှုံးနိမ့်ခဲ့ရခြင်းက မိမိ၏ ဘ၀သက်တမ်းတစ်လျှောက် ခြောက်လှန့်နေတော့မည်ဟု ဟော်လန်အသင်း ကွင်းလယ်လူ အာဂျန်ရော်ဘင်က ပြောကြားလိုက်သည်။

    ထိုပွဲတွင် ရော်ဘင်မှာ ဆနိုက်ဒါ၏ ဖန်တီးပေးမှုမှတစ်ဆင့် ဂိုးသွင်းရန် အကောင်းဆုံးအခွင့်အရေး တစ်ကြိမ် ရခဲ့သော်လည်း အသုံးမချနိုင်ခဲ့ဘဲ အချိန်ပိုတွင် စပိန်၏ သွင်းဂိုးကို ခွင့်ပြုခဲ့ရက ကမ္ဘာ့ဖလား ကိုင်မြှောက်ခွင့် ဆုံးရှုံးခဲ့ရသည်။

    “အဲဒီအချိန်ဟာ ကျွန်တော့်ဘ၀ရဲ့ လျှက်တစ်ပြက် အချိန်တစ်ခုပါပဲ။ ကျွန်တော့်ရဲ့ ကစားသမားဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဘ၀တစ်လျှောက်လုံး ရှိနေမှာပါ။ ဒါပေမယ့် ဒါဟာ အတိတ်က ကိစ္စပါပဲ” ဟု ရော်ဘင်က သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    သို့သော်လည်း ထိုခံစားမှုက နက်ဖြန်တွင်ကစားမည့် စပိန်နှင့်ပွဲကို ထိခိုက်မည်မဟုတ်ကြောင်း ရော်ဘင်က ထည့်သွင်ပြောကြားခဲ့သည်။ အုပ်စု B ၏ အဖွင့်ပွဲအဖြစ် စပိန်နှင့် ဟော်လန်တို့မှာ ယနေ့ည ၁ နာရီခွဲတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

  • မိမိမှာ လာမည့်နှစ်တွင် ပိုမိုကောင်းမွန်လာမည်ဟု ဘေးလ်ဆို

    မိမိမှာ လာမည့်နှစ်တွင် ပိုမိုကောင်းမွန်လာမည်ဟု ဘေးလ်ဆို

    ဇွန် ၂၊ ၂၀၁၄
    M-Media

    2-C

    – လာမည့်နှစ်တွင် မိမိမှာ ပိုမိုကောင်းမွန်လာမည်ဖြစ်ပြီး ရီးယဲလ်နှင့်အတူ ချန်ပီယံလိဂ်ဖလားကို ကာကွယ်ချင်သည်ဟု ဝေးလ်တိုက်စစ်မှူး ဂါရက်ဘေးလ်က ပြောကြားလိုက်သည်။

    ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ဖြင့် စပါးအသင်းမှ ရီးယဲလ်သို့ ပြီးခဲ့သည့် နွေရာသီတွင် ပြောင်းရွှေ့ခဲ့သည့် ဘေးလ်မှာ အစပိုင်းတွင် ဒဏ်ရာများဖြင့် ရုန်းကန်ခဲ့ရသော်လည်း နောက်ပိုင်းတွင် အသင်းတွင် ပုံမှန်ပါဝင် ခြေစွမ်းပြနိုင်ခဲ့ကာ စပိန်ဘုရင့်ဖလားနှင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲများတွင် အရေးပါသော အနိုင်ဂိုးများကို သွင်းယူပေးနိုင်ခဲ့သည်။

    “ရီးယဲလ်မက်ဒရစ်မှာ ကျွန်တော်ပျော်ပါတယ်။ နောက်နှစ်မှာ ပိုကောင်းလာမယ်လို့ ကျွန်တော် သေချာပြောရဲပါတယ်။ ပြီးတော့ ချန်ပီယံလိဂ်ဖလားကို ကာကွယ်နိုင်တဲ့ ပထမဆုံးအသင်း ဖြစ်ချင်ပါတယ်” ဟု အင်ဒိုနီးရှားသို့ ရောက်ရှိနေသည့်ဘေးလ်ကဆိုသည်။

    ဘေးလ်မှာ ရီးယဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ပွဲပေါင်း ၄၄ ပွဲကစားပေးခဲ့ပြီး ၂၂ ဂိုးသွင်းယူနိုင်ခဲ့ကာ ၁၆ ကြိမ် ဖန်တီးပေးနိုင်ခဲ့သည်။
    Ref : Goal

  • ဂျာမနီအသင်းဘက်သို့ ဂိုးသွင်းယူခဲ့သည့် အီတူး မော်ရင်ဟိုကို လှောင်ပြောင်သည့် ပုံစံဖြင့် အောင်ပွဲခံခဲ့

    ဂျာမနီအသင်းဘက်သို့ ဂိုးသွင်းယူခဲ့သည့် အီတူး မော်ရင်ဟိုကို လှောင်ပြောင်သည့် ပုံစံဖြင့် အောင်ပွဲခံခဲ့

    ဇွန် ၂၊ ၂၀၁၄
    M-Media

    2-B

    – ယမန်နေ့က ကစားခဲ့သည့် ဂျာမနီအသင်းအား ၂ ဂိုးစီသရေကျသည့်ပွဲတွင် ပထမဦးဆောင်ဂိုး သွင်းယူခဲ့သည့် ကင်မရွန်းတိုက်စစ်မှူး အီတူးမှာ မော်ရင်ဟိုအား လှောင်ပြောင်သည့်ပုံစံဖြင့် အောင်ပွဲခံခဲ့သည်။

    ဂိုးသွင်းယူပြီးနောက် အီတူးမှာ ထောင့်ကန်ဘော အလံတိုင်နားသို့သွားကာ ခါးကိုင်းပြီး အလံတိုင်ကို အားပြု၍ အဘိုးကြီးအသွင်သဏ္ဍာန်ပြုလုပ်ကာ အသက်အရွယ် ကြီးလွန်းနေသည်ဟုဆိုသော မော်ရင်ဟို၏ မှတ်ချက်အား လှောင်ပြောင်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ အောင်ပွဲခံမှုမျိုးကို စပါးအသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်တစ်ခုတွင် အီတူးက စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သည့် စပွန်ဆာပွဲတစ်ခုတွင် မော်ရင်ဟိုက ထိုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်းဖြစ်ပြီး အီတူးက မကျေမနပ်ဖြစ်ကာ မေလ ၁၅ ရက်နေ့က ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် မော်ရင်ဟိုကို အရူး၊ ရုပ်သေးရုပ် စသဖြင့် ခေါ်ဝေါ်သုံနှုန်းခဲ့သည်။

    Ref : Goal

  • ကမ္ဘာ့ဖလား ဆန့်ကျင်ရေး ဆန္ဒပြမှု ဘရာဇီးတွင် အရှိန်မြင့်၊ ယမန်နေ့က ရီယိုဒီဂျနေရိုးတွင် လူရာချီ ထပ်မံ ဆန္ဒပြခဲ့

    ကမ္ဘာ့ဖလား ဆန့်ကျင်ရေး ဆန္ဒပြမှု ဘရာဇီးတွင် အရှိန်မြင့်၊ ယမန်နေ့က ရီယိုဒီဂျနေရိုးတွင် လူရာချီ ထပ်မံ ဆန္ဒပြခဲ့

    မေ ၃၁၊ ၂၀၁၄
    M-Media

    31D

    – ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန် ၁၀ ရက်ကျော်သာ လိုတော့ချိန်တွင် ဘရာဇီးနိုင်ငံတစ်ဝှမ်း ပြိုင်ပွဲဆန့်ကျင်ရေး ဆန္ဒပြမှုများမှာ ကြီးထွားလာနေပြီး ယမန်နေ့ကလည်း မြို့တော် ရီယိုဒီဂျနေရိုးတွင် ကြီးမားသည့် ဆန္ဒပြမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    ကျောင်းဆရာများအပါအ၀င် လူပေါင်း ၅၀၀ ကျော်ပါဝင်ပြီး မြို့တော်ခန်းမသို့ ငြိမ်းချမ်းစွာ ချီတက်ခဲ့ကြကာ ကမ္ဘာ့ဖလား ဆန့်ကျင်ရေး  ကျွေးကြော်သံများကို ကျွေးကြော်ခဲ့ကြသည်။ ထို့ပြင် ထိုပြိုင်ပွဲအတွက် ကုန်ကျသည့် ဒေါ်လာ ဘီလီယံများစွာကို ကျန်းမာရေး၊ ပညာရေး၊ သယ်ယူပို့ဆောင်ရေးနှင့် အိမ်ရာများအတွက် သုံးစွဲပါက ပိုမိုကောင်းမွန်လိမ့်မည်ဟု အစိုးရအား တောင်းဆိုခဲ့သည်။

    ဆန္ဒြုပနေစဉ် ရဲတပ်ဖွဲ့ရှိနေသော်လည်း ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့ခြင်း မရှိချေ။ မေလ ၂၈ ရက်နေ့ကလည်း ရီယိုဒီဂျနေရိုးရှိ ဘတ်စ်ကား မောင်းသူ သုံးပုံ တစ်ပုံက ဆန္ဒပြခဲ့ကြသောကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ အခက်တွေ့ခဲ့ရသည်။ ဘရာဇီးအာဏာပိုင်များကမူ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွင်း လုံခြုံရေးဆောင်ရွက်ရန် ရီယို ဒီဂျနေရိုးတွင် စစ်တပ် ၂ သောင်းခန့်ကို ချထားမည်ဖြစ်ကြောင်း စောစောပိုင်းက ပြောကြားထားသည်။

    Ref : PressTV