News @ M-Media

Tag: EPL 2015-16

  • ပုံမှန်နေရာအတွက် ထိုက်တန်သည့်ခြေစွမ်း ပြရမည်ဟု ရူနီကို ဗန်ဂါးလ် သတိပေး

    ပုံမှန်နေရာအတွက် ထိုက်တန်သည့်ခြေစွမ်း ပြရမည်ဟု ရူနီကို ဗန်ဂါးလ် သတိပေး

    ဧပြီ ၂၀၊ ၂၀၁၆
    M-Media

    roney

    – တနင်္ဂနွေနေ့ အဲဗာတန်အသင်းနှင့် FA ဖလား ဆီမီးဖိုင်နယ်ပွဲတွင် ပါဝင်ခွင့်ရရှိရန်အတွက် ကြားရက်တွင်ကစားမည့် ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင် ခြေစွမ်းတိုးတက်အောင် ဆောင်ရွက်ရမည်ဟု မန်ယူနည်းပြဗန်ဂါးလ်က တိုက်စစ်မှူး ၀ိန်း ရူနီအား ပြောကြားလိုက်သည်။

    အသက် ၃၀ အရွယ်ရှိပြီဖြစ်သည့် ရူနီမှာ ဒူးဒဏ်ရာကြောင့် ၂ လတာ အနားယူခဲ့ရပြီး ယခုတွင် ပြန်လည်ကစားရန် တာဆူနေသည်။ ထိုသို့အနားယူရခြင်းမှာ ယခုနှစ်အတွင်း ဒဏ်ရာကြောင့် ဒုတိယအကြိမ်မြောက် အနားယူရခြင်းလည်း ဖြစ်သည်။

    ဗန်ဂါးလ်ကမူ ရူနီမှာ ပုံမှန်နေရာရရှိရန်အတွက် ထိုက်တန်သော ခြေစွမ်းကို ပြသရန် လိုအပ်သည်ဟု ဆိုသည်။

    “အခြားကစားသမားတွေလို သူလည်းပဲ နေရာရဖို့အတွက် ခြေစွမ်းဘယ်လောက်ပြနိုင်လဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ စနေနေ့ပွဲမှာ သူကစားမလားဆိုပြီး ခင်ဗျားတို့က ယူဆနေကြမှာပါ။ အက်စတွန်ဗီလာနဲ့ပွဲ ပထမပိုင်းမှာ သူ တော်တော်လေး ကောင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ သူ ဟိုက်လာပြီး မိနစ် ၆၀ လောက်အထိတော့ ခြေစွမ်းကို သူ ထိန်းထားနိုင်ခဲ့ပါတယ်။ အင်္ဂါနေ့မှာ သူ လေ့ကျင့်ခန်းပြန်ဆင်းတယ်။ သူ နာလန်ပြန်ထလာပြီး ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲ ဒုတိယပိုင်းမှာ သူဘယ်လို ကစားလဲဆိုတာ ကြည့်ရပါမယ်။ ကစားပုံကောင်းဖို့တော့ လိုပါတယ်” ဟု ဗန်ဂါးလ်ကပြောကြားခဲ့ပါတယ်။

    Ref : Goal

  • စပါးမှာ လက်စတာကို လိုက်နိုင်မည်ဟု မာ့ခ်ဟုဂ်ျပြော

    စပါးမှာ လက်စတာကို လိုက်နိုင်မည်ဟု မာ့ခ်ဟုဂ်ျပြော

    ဧပြီ ၁၉၊ ၂၀၁၆
    M-Media

    spur 2

    – ပရီးမီးယားလိဂ်ဇယားကို ဦးဆောင်နေသည့် လက်စတာအား ဒုတိယနေရာမှစပါးက မှီအောင် လိုက်နိုင်မည်ဟု စတုတ်စီးတီးနည်းပြ မာ့ခ်ဟုဂ်ျက ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် စပါးနှင့် စတုတ်စီးတီးအသင်းတို့ပွဲတွင် စပါးက ၄ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီး ကစားရန် ၄ ပွဲသာလိုတော့သည့်အချိန်တွင် ထိပ်ဆုံးမှ လက်စတာနှင့် ၅ မှတ်သာ ကွာဟတော့သည်။

    မာ့ခ်ဟုဂ်ျကမူ စပါး၏ ကစားပုံကို ချီးကျူးခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်သည်ဟု ဆိုသည်။

    “စပါးကို တော်တော်လေးအထင်ကြီးခဲ့ရတယ်လို့ ကျွန်တော် ပြောရပါမယ်။ ရာသီအစ သူတို့နဲ့ ကစားတုန်းက ဒီလောက်မကောင်းသေးပါဘူး။ ဒီလိုကစားပုံမျိုးနဲ့ လက်စတာကို လိုက်နိုင်မယ်ဆိုတာ လောင်းစရာတောင် မလိုပါဘူး။ ပရီးမီးယားလိဂ်ရဖို့ သူတို့ အစွမ်းရှိနေပါပြီ။ ရိုးရိုးသားသားပြောရရင် ကျွန်တော်တို့ကတော့ ကစားပုံ မကောင်းခဲ့ပါဘူး” ဟု ဟုဂ်ျက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • အသင်းတန်းမဆင်းအောင် မိမိတို့ ဆောင်ရွက်နိုင်မည်ဟု နယူးကာဆယ်ကွင်းလယ်လူ ပြော

    အသင်းတန်းမဆင်းအောင် မိမိတို့ ဆောင်ရွက်နိုင်မည်ဟု နယူးကာဆယ်ကွင်းလယ်လူ ပြော

    ဧပြီ ၁၉၊ ၂၀၁၆
    M-Media

    new

    – မိမိတို့အသင်းမှာ တန်းမဆင်းရအောင် ကြိုးစားနိုင်လိမ့်မည်ဟု နည်းပြဘင်နီတက်ဇ်နှင့် ကစားသမားအားလုံးက ယုံကြည်နေသည်ဟု နယူးကာဆယ် ကွင်းလယ်လူ မူဆာ ဆစ်ဆိုကိုက ပြောကြားလိုက်သည်။

    တန်းဆင်းဇုန်ထဲရောက်နေသည့် နယူးကာဆယ်မှာ ယခုတစ်ပတ်တွက် ဆွမ်ဆီးအသင်းအား ၃ ဂိုး ပြတ်ဖြင့် အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ်တွင်တင်ကျန်ရေး မျှော်လင့်ချက်မှာ ရှင်သန်လာခဲ့သည်။ နယူးကာဆယ်မှာ လက်ကျန်ပွဲများကို မန်စီးတီး၊ လီဗာပူးလ်၊ ခရစ္စတယ်ပဲလေ့စ်၊ အက်စတွန်ဗီလာနှင့် စပါးတို့ဖြင့် ကစားရမည်ဖြစ်သောကြောင့် တန်းဆင်းဇုန်အတွင်းရှိ အခြားအသင်းများထက်ပို၍ ပွဲကြပ်နေသည်။

    သို့သော်လည်း ဆစ်ဆိုကိုကမူ နည်းပြဘင်နီတက်ဇ်က အသင်းတန်းမဆင်းရရေး မျှော်လင့်ချက်အသစ်ကို ဆောင်ကျဉ်းလာခဲ့သည်ဟု ဆိုသည်။

    “ယုံကြည်ချက် ပြန်ရနေပါပြီ။ ကျွန်တော်တို့ တန်းဆင်းဇုန်က လွတ်နိုင်မှာပါ။ တကယ်လို့ မန်စီးတီးကိုနိုင်ရင် နော်ဝစ်ခ်ျနဲ့ ကျွန်တော်တို့ အမှတ်တူသွားပါပြီ။ လွယ်တော့ မလွယ်ဘူးပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်တို့ ရေကုန်ရေခန်း ကစားသွားရမှာပါ။ ကျွန်တော်တို့ လုပ်နိုင်စွမ်းရှိတဲ့အတွက်ကြောင့် ယုံကြည်ချက်လည်း ရှိရပါလိမ့်မယ်။ အရင်ကလည်း အသင်းကြီးတွေကို ကျွန်တော်တို့ နိုင်ဖူးတယ်။ ဒီရာသီမှာလည်း လီဗာပူးလ်နဲ့ စပါးတို့ကို ကျွန်တော်တို့ နိုင်ထားပါတယ်” ဟု န ဆစ်ဆိုကိုက ပြောကြားခဲ့သည်။

    Ref: Goal

  • ဖာဂူဆန်ကဲ့သို့ နည်းပြမျိုး နှစ် ၁၀၀ တွင် တစ်ယောက်မရှိဟု ဟာနန်ဒက်ဇ်ပြော

    ဖာဂူဆန်ကဲ့သို့ နည်းပြမျိုး နှစ် ၁၀၀ တွင် တစ်ယောက်မရှိဟု ဟာနန်ဒက်ဇ်ပြော

    ဧပြီ ၁၈၊ ၂၀၁၆
    M-Media

    harnendaz

    – မန်ချက်စတာယူနိုက်တက်အသင်းမှာ ဖာဂူဆန်၏နေရာကို အစားထိုးနိုင်မည့် နည်းပြမျိုးကို လာမည့်နှစ် ၁၀၀ အတွင်း ရှာမတွေ့နိုင်ဟု တိုက်စစ်မှူးဟောင်း ဂျာဗီယာ ဟာနန်ဒက်ဇ်က ပြောကြားလိုက်သည်။

    လက်ရှိတွင် မန်ယူမှာ အဆင့် ၄ နေရာနှင့် ၅ မှတ်အကွာ အဆင့် ၅ နေရာတွင် ရှိနေပြီး နည်းပြဗန်ဂါးလ်၏ အနာဂတ်မှာလည်း မရေရာတော့ဟု သတင်းများထွက်ပေါ်နေသည်။ ဗန်ဂါးလ်နေရာကို အစားထိုးရန် ရွိုင်ယန်ဂစ်နှင့် မော်ရင်ဟိုတို့က တစ်ပြေးနေသည်။

    ဖာဂူဆန်ထွက်သွားပြီးနောက်ပိုင်း မန်ယူသို့ ရောက်ရှိလာခဲ့သည့် နည်းပြ မိုယက်စ်နှင့် ဗန်ဂါးလ်တို့မှာ ဖာဂူဆန်၏ ခြေရာကို နင်းနိုင်ခြင်း မရှိပေ။

    “ရိုးရိုးသားသားပြောရရင် ဗန်ဂါးလ်ဟာ နည်းပြကောင်းတစ်ယောက်ပါ။ ကမ္ဘာပေါ်က နည်းပြတွေလိုမျိုး သူ့မှာ ကိုယ်ပိုင် နည်းစနစ်တွေ ရှိပါတယ်။ ဖာဂူဆန်လို ပုဂ္ဂိုလ်မျိုးကို နောက်ထပ် နှစ် ၅၀၊ ၁၀၀ လောက်နေရင်လည်း ရှာတွေ့မှာ မဟုတ်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ သူဟာ တစ်မူထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။ ဗန်ဂါးလ်က လုပ်နိုင်စွမ်းရှိသူတစ်ယောက်ပါ။ ဒါပေမယ့် ဘောလုံးမှာ အချိန်နဲ့ရလဒ်တွေက စကားပြောပါတယ်” ဟု ဟာနန်ဒက်ဇ်က ပြောကြားခဲ့သည်။

    ဟာနန်ဒက်ဇ်မှာ ယခုနှစ်ဘောလုံးရာသီအစက မန်ယူမှ လေဗာကူဆင်သို့ ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်သည်။

    Ref: Goal

  • အမှတ်ပေးချန်ပီယံဖြစ်ပါက ကစားသမားတိုင်းကို ရုပ်ထုလုပ် ဂုဏ်ပြုရမည်ဟု စပါးနည်းပြပြော

    အမှတ်ပေးချန်ပီယံဖြစ်ပါက ကစားသမားတိုင်းကို ရုပ်ထုလုပ် ဂုဏ်ပြုရမည်ဟု စပါးနည်းပြပြော

    ဧပြီ ၁၈၊ ၂၀၁၆
    M-Media

    spur 2

    – စပါးအသင်းအနေဖြင့် ပရီးမီးယားလိဂ်ဖလားကို ရရှိပါက အသင်းသားများအား ရုပ်တုလုပ်၍ ဂုဏ်ပြုရမည်ဟု နည်းပြ ပိုချက်တီနိုက ပြောကြားလိုက်သည်။

    ထိပ်ဆုံးမှ လက်စတာမှာ ယမန်နေ့က ၀က်စ်ဟမ်းအား သရေကျသွားခဲ့သောကြာင့် ဒုတိယနေရာမှ စပါးနှင့် ၈ မှတ် ကွာဟနေပြီး ယနေ့ညတွင် ကစားမည့် စတုတ်စီးတီးအသင်းနှင့်ပွဲတွင် စပါးအနိုင်ရပါက အမှတ်ကွာဟမှုကို ၅ မှတ်အထိ လျှော့ချနိုင်မည်ဖြစ်သည်။

    ထို့ကြောင့် စပါးအသင်း၏ ပရီးမီးယားလိဂ် ဗိုလ်စွဲရေး မျှော်လင့်ချက်မှာ ပိုမိုရှင်သန်လာခဲ့ပြီး ပိုက်ချက်တီနိုကမူ ကစားသမားများအား ဂုဏ်ပြုချင်နေသည်။

    “တကယ်လို့ ကျွန်တော်တို့ ချန်ပီယံဖြစ်ရင် ကစားသမားတိုင်းဟာ ရုပ်တုလုပ်ပြီး ဂုဏ်ပြုတာမျိုးနဲ့ ထိုက်တန်ပါတယ်။ အမှတ်ကွာဟမှုက များနေတာကြောင့် စိန်ခေါ်မှုက ကြီးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အခု တိုက်ပွဲဝင်နေသလိုမျိုး ဆက်သွားနိုင်မယ်ဆိုရင်တော့ အဆုံးမှာ ကျွန်တော်တို့ ချန်ပီယံဖြစ်မှာပါ။ လူတိုင်းက ကျွန်တော်တို့ရဲ့ တန်ဖိုးကို အသိအမှတ်ပြုကြလိမ့်မယ်။ ပြီးတော့ ကျွန်တော်တို့လည်း ပျော်ရွှင်မှာပါ” ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။

    Ref: Goal