News @ M-Media

Tag: fifa

  • ဖီဖာဥက္ကဌဘလတ္တာ တာဝန်ပျက်ကွက်မှုအတွက် တရားစွဲဆိုခံရ

    ဖီဖာဥက္ကဌဘလတ္တာ တာဝန်ပျက်ကွက်မှုအတွက် တရားစွဲဆိုခံရ

    စက်တင်ဘာ ၂၅၊ ၂၀၁၅
    M-Media

    fifa

    – ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဌအနေဖြင့် ၎င်း၏ တာဝန်များကို ချိုးဖောက်ပျက်ကွက်သည်ဟူသော သံသယဖြင့် ဖီဖာဥက္ကဌ ဆပ်ဘလတ္တာအား ဆွစ်ဇာလန် တရားသူကြီးချုပ်က ရာဇ၀တ်မှုဆိုင်ရာ တရားစွဲဆိုမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ဆွစ်ဇ်အာဏာပိုင်များက ယနေ့တွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ဥက္ကဌရာထူးမှ အနားယူတော့မည်ဟု ကြေငြာထားသည့် ဘလတ္တာအား မှားယွင်းသော စီမံခန့်ခွဲမှုများအတွက် စစ်ကြောမေးမြန်းခဲ့သည်ဟု ဆိုသည်။

    ယခုသတင်း မထွက်လာမီ နာရီပိုင်းအလိုတွင် ဘလ္လတာနှင့် ယနေ့ပြုလုပ်ရန် စီစဉ်ထားသည့် သတင်းစာရှင်းလင်းပွဲကို ဖီဖာက အကြောင်းပြချက်မပေးဘဲ ဖျက်သိမ်းခဲ့သည်။ အမှုဆောင်ကော်မတီ အစည်းအဝေးကို ၂ ရက်တာ ကျင်းပပြုလုပ်ခဲ့ပြီးနောက် ဘလတ္တာမှာ ဖီဖာရုံးချုပ်၌ မီဒီယာများနှင့် တွေ့ဆုံရန် စီစဉ်ထားခြင်းဖြစ်သည်။

    ဆွစ်ဇ်အစိုးရကမူ အမှုဆောင်ကော်မတီအစည်းအဝေးပြီးနောက် ဘလတ္တာအား စစ်ကြောမေးမြန်းခဲ့ခြင်း ဖြစ်ပြီး၊ ၂၀၁၁ ခုနှစ်က ဘလတ္တာထံမှ ယုံကြည်ဖွယ်ရာမရှိသည့် ကန်ဒေါ်လာ ၂.၀၅ သန်း ရရှိမှုနှင့်ပတ်သက်၍ ဒုဥက္ကဌ မိုက်ကယ် ပလာတီနီကိုလည်း သက်သေအဖြစ် မေးမြန်းခဲ့သည်ဟု ဆိုသည်။

    “ကာရစ်ဘီယံ ဘောလုံးအဖွဲ့ချုပ်ရဲ့ စာချုပ်ကိစ္စနဲ့ပတ်သက်ပြီး ဂျိုးဆပ် ဘလတ္တာဟာ ယုံကြည်စွာ အပ်နှံခြင်းခံထားရတဲ့ တာဝန်တွေကို ချိုးဖောက်တယ်လို့ သံသယရှိ ခံထားရပါတယ်” ဟု ဆွစ်ဇာလန် တရားသူကြီးချုပ်ရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ဘလတ္တာအား တရားစွဲဆိုမှုမှာ ခြစားမှုအတွက် နိုင်ငံတကာရဲတပ်ဖွဲ့က အလိုရှိနေသည့် ဖီဖာဒုဥက္ကဌဟောင်း ဂျက်ဝါနာအား တရားစွဲဆိုထားမှုကိစ္စနှင့် ဆက်စပ်နေသည်ဟု ဆိုသည်။

    Ref: Aljazeera

  • ချစားမှုသတင်းထွက်သည့် အထွေထွေအတွင်းရေးမှူးကို ဖီဖာ အနားပေး

    ချစားမှုသတင်းထွက်သည့် အထွေထွေအတွင်းရေးမှူးကို ဖီဖာ အနားပေး

    စက်တင်ဘာ ၁၈၊ ၂၀၁၅
    M-Media

    fifa

    – ၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲ လက်မှတ်များကို ဈေးတင်းရောင်းချခြင်းမှ အကျိုးအမြတ်ရယူရန် ကြိုးစားခဲ့သည်ဆိုသော သတင်းများ ထွက်ပေါ်လာပြီးနောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ အထွေထွေအတွင်းရေးမှူး ဂျယ်ရိုမီ ဗော့လ်ကီကို တာဝန်မှ ရပ်ဆိုင်းလိုက်သည်ဟု သိရသည်။

    အဆိုပါ ချစားမှုသတင်းမှာ ယမန်နေ့က ထွက်ပေါ်လာခြင်းဖြစ်ပြီး ဖီဖာဥက္ကဌ ဆပ်ဘလတ္တာ၏ ညာလက်ရုံးဖြစ်သူ ဗော့လ်ကီမှာ ၂၀၁၄ ကမ္ဘာ့ဖလား လက်မှတ်များ ရောင်းချရမှု၏ အကျိုးအမြတ် ၅၀ ရာခိုင်နှုန်း (ယူရို ၂သန်းခန့်) ကို ရယူရန် JB Marketing ကုမ္ပဏီနှင့် သဘောတူခဲ့သည်ဟု ဆိုသည်။

    ဘရာဇီးလ်သတင်းဌာနဖြစ်သည့် Estadao မှာ ဗော့လ်ကီနှင့် JB Marketing ကုမ္ပဏီမှ အကြံပေး ဘန်နီ အေလွန်တို့အကြား ပေးပို့ခဲ့သော အီးမေးလ်များကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ JB Marketing ကုမ္ပဏီမှာ ၂၀၁၄ ကမ္ဘာ့ဖလားပွဲ ၂၄ ပွဲစာ၏ လက်မှတ်များကို ၀ယ်ယူရန် ၂၀၁၀ ခုနှစ် ဧပြီလက ဖီဖာနှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

    စာချုပ်အရ အဆိုပါ ၂၄ ပွဲတွင် ၁၂ ပွဲကို JB Marketing မှ စိတ်ကြိုက်ရွေးရမည်ဖြစ်ပြီး အခြား ၁၂ ပွဲကို ဖီဖာမှ ရွေးပေးရမည် ဖြစ်သည်။ သို့သော်လည်း ဖီဖာမှ ရွေးပေးသည့် ပွဲများတွင် ပရိတ်သတ် စိတ်ဝင်စားမှုနည်းသည့် ပွဲများ ပါဝင်မည်ဖြစ်သောကြောင့် အေလွန်က ဗော့လ်ကီအား အကူအညီတောင်းကာ အိမ်ရှင်ဘရာဇီးလ်အသင်း ကန်မည့် ပွဲအားလုံးအပါအ၀င် ၂၄ ပွဲစလုံး ၎င်းတို့စိတ်ကြိုက် ရွေးချယ်ခွင့်ရရန် ဆောင်ရွက်ခဲ့သည်။

    ထို့ပြင် လက်မှတ်များကို ရောင်းချသည့်အခါတွင် သတ်မှတ်ထားသည့်ဈေးထက် ၃ ဆပိုတင်၍ ရောင်းချရန် တောင်းဆိုမှုကိုလည်း ဗော့လ်ကီက ခွင့်ပြုခဲ့သည်။

    သို့သော်လည်း နောက်ပိုင်းတွင် လက်မှတ်ဝယ်ယူရန် သဘောတူညီချက်ကို ဖျက်သိမ်းကာ ဖီဖာ၏ အခြားကိုယ်စားလှယ်ဖြစ်သော Match နှင့် ဆက်သွယ်၍ ၀ယ်ယူရန် JB Marketing သို့ ဗော့လ်ကီက ပြောကြားခဲ့သည်။

    ဗော့လ်ကီနှင့် အေလွန်တို့၏ ကနဦးသဘောတူညီချက်မှာ အကောင်အထည်ပေါ်မလာခဲ့ဘဲ လက်မှတ်များကို ဈေးတင်ရောင်းချခဲ့ခြင်းမရှိသလို၊ ဗော့လ်ကီမှာလည်း မည်သည့်ငွေကြေးမှ မရခဲ့ဟု အေလွန်က Sportsmail သို့ ပြောကြာခဲ့သည်။

    ဖီဖာကမူ အဆိုပါ သတင်းများ ထွက်ပေါ်လာပြီး နာရီအနည်းငယ်အကြာတွင် ဗော့လ်ကီအား ရာထူးအားလုံးမှ အနားပေးလိုက်ပြီး၊ စုံစမ်းစစ်ဆေးမှုများကို ချက်ခြင်းပြုလုပ်သွားမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

    “အထွေထွေအတွင်းရေးမှူး ဂျယ်ရိုမီ ဗော့လ်ကီကို အနားပေးလိုက်ပြီး နောက်ထပ် သတင်းမထုတ်ပြန်မချင်း တာဝန်းအားလုံးမှ ချက်ခြင်းရပ်ဆိုင်းလိုက်ပြီလို့ ဖီဖာက ယနေ့ ကြေငြာလိုက်ပါတယ်” ဟု ဖီဖာမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် ဗော့လ်ကီပါဝင်သည်ဟု စွပ်စွဲခံရသည့် ကိစ္စများအားလုံးကို မိမိတို့ သိရှိထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ကျင့်ဝတ်ဆိုင်ရာ ကော်မတီကို တောင်းဆိုထားသည်ဟု ဆိုသည်။ ဗော့လ်ကီကမူ ထိုစွပ်စွဲမှုအားလုံးမှာ လုပ်ကြံမှုသာဖြစ်သည်ဟု ရှေ့နေမှတစ်ဆင့် ကြေညာခဲ့သည်။

    ဗော့လ်ကီ၏ ယခုကိစ္စမှာ ချစားမှုပြဿနာများနှင့် ရင်ဆိုင်နေရသည့် ဖီဖာအတွက် ကြီးမားသည့် ထိုးနှက်ချက်လည်း ဖြစ်ခဲ့သည်။ ပြီးခဲ့သည့် မေလ ဆွစ်ဇာလန်၌ ပြုလုပ်မည့် ဖီဖာ၏ နှစ်ပတ်လည်အစည်းအဝေး မတိုင်မီ ဖီဖာမှ အကြီးတန်းအရာရှိများမှာ ဖမ်းဆီးခံခဲ့ရပြီး ချစားမှုများဖြင့် တရားစွဲဆိုခံထားရသည်။

    ထို့ပြင် ၂၀၁၈ နှစ် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲများအတွက် အိမ်ရှင်ရွေးချယ်မှုတွင် ဖီဖာမှာ ချစားမှုများ ရှိခဲ့သည်ဆိုသော သံသယဖြင့် ဆွစ်ဇ်အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    Ref: Dailymail

  • ဖီဖာအရှုပ်တော်ပုံအတွက် ထပ်မံဖမ်းဆီးမှုများ ရှိလာနိုင်

    ဖီဖာအရှုပ်တော်ပုံအတွက် ထပ်မံဖမ်းဆီးမှုများ ရှိလာနိုင်

    စက်တင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    fifa

    – ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာအတွင်း ချစားမှုကိစ္စနှင့် ပတ်သက်၍ အမေရိကန်အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုကို ချဲ့ထွင်လိုက်ပြီး ထပ်မံတရားစွဲဆိုမှုများ ရှိလာနိုင်သည်ဟု အမေရိကန် တရားသူကြီးချုပ် လော်ရက်တာ လင့်ခ်ျက ပြောကြားခဲ့သည်။

    ယခုနှစ်မေလက ဆွဇ်ဇာလန်နိုင်ငံ၌ ဖီဖာ၏ အစည်းအဝေး မတိုင်ခင် ဖီဖာမှအကြီးတန်း အရာရှိ ၇ ဦးမှာ ဖမ်းဆီးခံခဲ့ရပြီး အမေရိကန်သို့ လွှဲပြောင်းပို့ဆောင်ကာ တရားစွဲဆို ခံနေရသည်။ ဆွစ်ဇာလန် အာဏာပိုင်များကလည်း ၂၀၁၈နှင့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်မှု လုပ်ငန်းစဉ်တွင် လာဘ်ပေး၊ လာဘ်ယူမှုများ ရှိခဲ့လားဆိုသည်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    “အခုဆောင်ရွက်နေတဲ့ တရားစွဲဆိုမှုကလွဲလို့ ကျွန်တော် ပြောနိုင်တာက ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေဟာ အသက်ဝင်ပြီး၊ ဆက်လက်လုပ်ဆောင်နေတယ် ဆိုတာပါပဲ။ တကယ်တော့ မေလကတည်းက ချဲ့ထွင် စုံစမ်းနေတာပါ” ဟု လင့်ခ်ျက ဆွစ်ဇ် တရားသူကြီးချုပ် မီခေးလ် လောင်ဘာနှင့်အတူ ယမန်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    “(ဆွစ်ဇ်အာဏာပိုင်တွေနဲ့) ပူးပေါင်းဆောင်ရွက်မှုနဲ့ သက်သေအထောက်အထား အသစ်တွေအပေါ်မှာ အခြေခံပြီး ကျွန်တော်တို့ဟာ လူတစ်ဦးတစ်ယောက်ချင်းနဲ့ အဖွဲ့တွေကို တရားစွဲဆိုမှု အသစ်တွေလုပ်ဖို့ လိုက်နေပါတယ်”

    ထိုစုံစမ်းမှုများတွင် ဖီဖာဥက္ကဌ ဆပ်ဘလတ္တာအား ပစ်မှတ်ထားခြင်း ရှိ၊ မရှိကို လင့်ခ်ျက ပြောကြားခဲ့ခြင်း မရှိချေ။

    ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်ရွေးချယ်မှုတွင် ငွေကြေးခ၀ါချခြင်းအတွက် ဆွစ်ဇာလန်က ပြုလုပ်နေသည့် စုံစမ်းစစ်ဆေးမှုများအတွင်း အဲလ်ပ်စ် တောင်တန်းရှိ နေအိမ်များမှ ပစ္စည်းများကို အစိုးရက သိမ်းယူခဲ့သည်။ လောင်ဘာကမူ နိုင်ငံအနောက်ပိုင်းရှိ အိမ်များကို ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး၊ သက်သေအထောက်အထားများကို သိမ်းဆည်းနိုင်ခဲ့ကာ ဘဏ်အကောင့် ၁၂၁ ခုမှာ သံသယဖြစ်ဖွယ်အနေအထား ရှိသည်ဟု ထောက်လှမ်းရေးဌာနက သတင်းပို့ထားကြောင်း ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဖီဖာဥက္ကဌနေရာ ဇစ်ကိုဝင်ပြိုင်လိုမှု ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် ထောက်ခံ

    ဖီဖာဥက္ကဌနေရာ ဇစ်ကိုဝင်ပြိုင်လိုမှု ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် ထောက်ခံ

    ဇူလိုင် ၃၁၊ ၂၀၁၅
    M-Media

    zico

    – ဘရာဇီးလ်၏ ဂန္တ၀င်ကစားသမားဟောင်း ဇစ်ကို၏ ဖီဖာဥက္ကဌရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် ဆန္ဒရှိမှုကို ထောက်ခံသွားမည်ဟု ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် CBF က ကြေညာလိုက်သည်။

    ဇစ်ကိုမှာ လာမည့်နှစ်တွင်ပြုလုပ်မည့် ဖီဖာဥက္ကဌရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ဆန္ဒရှိသည်ဟု မကြာသေးမီက ကြေညာထားသူဖြစ်သည်။ ထို့ကြောင့် ယူအီးအက်ဖ်အေ ဥက္ကဌ ပလာတီနီ၊ ဂျော်ဒန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ မင်းသား အလီ ဘင် ဟူစိန်နှင့် တောင်ကိုရီးယား ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဟောင်း ချန်မွန်ဂျွန်းတို့နှင့် ထိုနေရာအတွက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

    ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်၏ ထောက်ခံမှုကို ရရှိခြင်းမှာ ဇစ်ကိုအတွက် ထူးခြားသည့် အခြေအနေမျိုး ဖြစ်သည်။ သို့သော်လည်း ဖီဖာဥက္ကဌအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် အခြား ဘောလုံးအဖွဲ့ချုပ် ၄ ခုကလည်း ထောက်ခံရန် လိုအပ်နေပြီး CBF ကမူ စောင့်ကြည့်သွားမည် ဖြစ်သည်။

    “ဘရာဇီးလ်နိုင်ငံသားတစ်ယောက်အနေနဲ့ ကျွန်တော့်နိုင်ငံက ဘောလုံးအဖွဲ့ချုပ်ရဲ့ အားပေးမှုမရဘဲနဲ့ မစတင်နိုင်ပါဘူး။ ကျွန်တော်ဟာ လက်ရွေးစင်အသင်းမှာ ၁၀ နှစ်ကြာကစားခဲ့ပြီး ဘရာဇီးလ်အသင်းဂုဏ်တက်အောင် အမြဲတမ်း ကြိုးစားခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်နိုင်ငံရဲ့ ဒီလိုထောက်ခံမှုမျိုး လိုချင်ခဲ့ပါတယ်” ဟု ဇစ်ကိုက CBF ၀ဘ်ဆိုက်တွင် ဖော်ပြခဲ့သည့် ကြေညာချက်၌ ပြောကြားခဲ့သည်။

    ထို့ပြင် ထိုကဲ့သို့ ထောက်ခံမှုရခြင်းဖြင့် လိုအပ်နေသော နောက်ထပ် ဘောလုံးအဖွဲ့ချုပ် ၄ ခုမှ ထောက်ခံချက်ရရှိရေး ကြိုးစားဆောင်ရွက်ရန်နှင့် ဥက္ကဌနေရာအတွက် လူတိုင်း၏ ယုံကြည်မှုရရှိအောင် ကြိုးစားဆောင်ရွက်ရန် တွန်းအားဖြစ်စေခဲ့ကြောင်း ဇစ်ကိုက ထပ်လောင်းပြောကြားခဲ့သည်။

    ဇစ်ကိုမှာ ၁၉၇၆ ခုနှစ်မှ ၁၉၈၆ ခုနှစ်များအတွင်း ဘရာဇီးလ်အသင်းအတွက် ၇၁ ပွဲ ကစားပေးခဲ့ပြီး ၄၈ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ ထို့ပြင် ၎င်း၏ ကစားသမားဘ၀ အများစုကို မွေးရပ်မြေ ဖလာမင်ဂိုအသင်း၌ ကုန်ဆုံးခဲ့သည်။

    “ကျွန်တော် ပျော်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို လက်ခံတဲ့အတွက်လည်း (CBF ဥက္ကဌ မာကိုပိုလို ဒဲလ် နီရို) ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဖီဖာဥက္ကဌနေရာ ယှဉ်ပြိုင်မယ်လို့ သူ့ကို ပြောခဲ့ပြီး သူ့ရဲ့တုန့်ပြန်မှုအတွက်လည်း ပျော်ရွှင်မိပါတယ်” ဟု ဇစ်ကိုက ထပ်လောင်းပြောကြားခဲ့သည်။

    ၁၉၉၉ ခုနှစ်မှစ၍ ဇစ်ကိုမှာ နည်းပြလောကထဲသို့ ၀င်ရောက်ခဲ့ပြီး ဖီနာဘာချီ၊ အိုလံပီယာကော့စ်အသင်းများ၊ ဂျပန်နှင့် အီရတ်လက်ရွေးစင်အသင်းများကို နည်းပြခဲ့သည်။ ယခုလက်ရှိတွင် အိန္ဒိယ စူပါလိဂ်ကလပ် အက်ဖ်စီဂိုအာအသင်းအား နည်းပြနေသည်။

    Ref: Goal

  • ဖီဖာဥက္ကဌနေရာအတွက် တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ် ဥက္ကဌဟောင်း ၀င်ပြိုင်မည်

    ဖီဖာဥက္ကဌနေရာအတွက် တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ် ဥက္ကဌဟောင်း ၀င်ပြိုင်မည်

    ဇူလိုင် ၃၀၊ ၂၀၁၅
    M-Media

    fifa

    – လာမည့်နှစ်ဆန်းပိုင်းတွင် ပြုလုပ်မည့် ဖီဖာဥက္ကဌရွေးကောက်ပွဲတွင် မိမိအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဟု တောင်ကိုရီးယား ဘောလုံးအဖွဲ့ချုပ် ဥက္ကဌဟောင်း ချန်မွန်ဂျွန်းက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်ဇွန်လက ငါးကြိမ်ဆက် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည့် ဥက္ကဌ ဘလတ္တာက ၎င်းအနေဖြင့် ရာထူးမှ နှုတ်ထွက်တော့မည်ဟု ပြောကြားခဲ့ပြီးနောက် လာမည့်နှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ဥက္ကဌသစ် ရွေးကောက်ပွဲကို ပြုလုပ်ရန် ဖီဖာက ရက်သတ်မှတ်ခဲ့သည်။

    ယူအီးအက်ဖ်အေဥက္ကဌ ပလာတီနီကမူ ၎င်းအနေဖြင့် ဖီဖာဥက္ကဌရာထူးအတွက် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ယမန်နေ့တွင် ကြေညာခဲ့ပြီး ၎င်းပင် အရွေးခံရမည်ဟု ရေပန်းစားနေသည်။

    ဖီဖာ၏ ဒုတိယဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အသက် ၆၁ နှစ်အရွယ် ချန်မွန်ဂျွန်းကလည်း ၎င်းအနေဖြင့် ထိုရာထူးအတွက် ၀င်ရောက်အရွေးခံသွားမည်ဟု ယနေ့တွင် ပြောကြားခဲ့ပြီး ပလာတီနီမှာ သင့်တော်သူမဟုတ်ဟု ဆိုသည်။

    “အဓိပ္ပါယ်ရှိတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ မစ္စတာ ပလာတီနီအတွက် တော်တော်ခက်ခဲပါလိမ့်မယ်။ သူဟာ လက်ရှိဖီဖာတည်ဆောက်ပုံကို ထောက်ခံအားပေးသူပါ။ ပြီးတော့ သူဟာ လက်ရှိစနစ်ရဲ့ လက်ထွက်လည်း ဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော်အရွေးခံရရင် ကျွန်တော့်အလုပ်က ရုံးထိုင်ဇိမ်ခံနေဖို့ မဟုတ်ပါဘူး။ ဒီတည်ဆောက်ပုံကို ပြောင်းလဲဖို့ပါ” ဟု ဂျွန်းက
    BBC သို့ပြောကြားခဲ့သည်။

    ဂျွန်းမှာ နိုင်ငံရေးသမားနှင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်သည်။

    Ref: Goal