News @ M-Media

Tag: north korea

  • မြောက်ကိုရီးယားက ရေငုပ်သင်္ဘောသုံး တိုက်ချင်းပစ် ဒုံးကျည်ကို ထုတ်ဖော်ပြသ

    မြောက်ကိုရီးယားက ရေငုပ်သင်္ဘောသုံး တိုက်ချင်းပစ် ဒုံးကျည်ကို ထုတ်ဖော်ပြသ

    ဇန်န၀ါရီ ၁၀၊ ၂၀၁၆
    M-Media

    north

    – ရေငုပ်သင်္ဘောတွင် တပ်ဆင်ပစ်လွှတ်ရသော ဒုံးကျည်စမ်းသပ်မှုကို ပြီးခဲ့တဲ့လက အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း ဖော်ပြသည့် ဗီဒီယိုတစ်ခုကို မြောက်ကိုးရီးယားက ထုတ်လွှင့်ခဲ့ပြသခဲ့ပြီး ဟိုက်ဒရိုဂျင်ဗုံးကို အောင်မြင်စွာ ထုတ်လုပ်စမ်းသပ်နိုင်ခဲ့သည်ဟု ပြောဆိုပြီး နှစ်ရက်အကြာတွင် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

    မြောက်ကိုရီးယား၏ စစ်ရေးပြင်ဆင်မှု တစ်စိတ်အပိုင်းအဖြစ် ဒီဇင်ဘာ ၂၁ ရက်က ရေငုပ်သင်္ဘောတစ်ခုပေါ်မှ တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်မှု ဗီဒီယိုစိတ်အပိုင်းတစ်ခုကို Koreaan Central Television တွင် ပြသခဲ့ခြင်းဖြစ်သည်။ ယင်းဗီဒီယိုတွင် မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်က ဒုံးကျည် တိမ်ကိုခွင်းသွားသည့် ပုံအား ကြည့်ရှုနေမှုလည်း ပါဝင်သည်။

    ဗီဒီယိုပါ တိုက်ချင်းပစ်ဒုံးကျည်မှာ လက်ရှိမြောက်ကိုရီးယားက ထုတ်လုပ်နေသည့် KN-11 ဖြစ်ပုံရသည်။ Washington Free Beacon (WFB) ၏ ပြောကြားချက်အရ ရှင်ပိုအတန်းအစား ရေငုပ်သင်္ဘောတည်ဆောက်နေသည့် ရှင်ပိုဆိပ်ကမ်း၌ ဒုံးကျည်ကို ပစ်လွှတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

    “အခုက စမ်းသပ်ပစ်လွှတ်တာလောက်ပဲ ဖြစ်နိုင်ပါတယ်။ အပြီးသတ်အောင်မြင်တဲ့ အခြေအနေတော့ မတွေ့ရပါဘူး” ဟု တောင်ကိုးရီးယားစစ်တပ်အရာရှိက ပြောကြားခဲ့သည်။

    ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သည့် မြောက်ကိုးရီးယား၏ နျူကလီးယားစမ်းသပ်မှုကို ကုလလုံခြုံရေးကောင်စီက တစ်ညီတစ်ညွှတ်တည်း ရှုတ်ချခဲ့ပြီးနောက် သောကြာနေ့တွင် အဆိုပါဗီဒီယို ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားက သာမိုနျူကလီးယားဗုံးအသစ်တစ်လုံးကို စမ်းသပ်နိုင်ခဲ့ဟု ပြောဆိုပြီးနောက် ကျွမ်းကျင်သူများကမူ စမ်းသပ်လိုက်သည့် လက်နက်မှာ အက်တမ်ဗုံးတစ်လုံးဖြစ်သည်ဟု မှတ်ချက်ပြုခဲ့ကြသည်။

    Ref: RT

  • ကျွန်ုပ်သိသမျှ မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း အကြောင်း

    ကျွန်ုပ်သိသမျှ မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း အကြောင်း

    ဇန်န၀ါရီ ၈၊ ၂၀၁၆

    M-Media
    north
    Hwa Islet ကာကွယ်ရေးတပ်ခွဲတစ်ခုအား မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးနေသော မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း (ဓာတ်ပုံ – Reuters)

     

    – ဗုံးခွဲစမ်းသပ်မှုအပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ တွေးမြင်ယူဆချက်များနှင့်ပတ်သက်ပြီး သူသည် အလျဉ်း အရေးမလုပ်။

    မြောက်ကိုးရီးယားပြည်သူများစွာသည် ဇန်န၀ါရီ ၈ ရက်မှာ အထူးအလေးထားရမည့်နေ့ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဇန်န၀ါရီအစောပိုင်းကပင် သိမြင်ခဲ့ကြသည်။ ထိုနေ့သည်ကား ကြယ်လေးပွင့်ဗိုလ်ချုပ်ရာထူးသို့ လတ်လတ်ဆတ်ဆတ် တိုးမြှင့်ခံရသည့် လူငယ်တစ်ဦးကို အမှတ်တရဂုဏ်ပြုအခမ်းအနား၊ ၎င်းအပြင် မြောက်ကိုးရီးယား၏ထိပ်တန်းခေါင်းဆောင်ပိုင်းသို့ အဖွဲ့ဝင်အဖြစ် ထည့်သွင်းခြင်း စသည့်ဖြစ်ရပ်များကြောင့် ထင်ရှားသည်။

    ထိုလူငယ်၏အမည်က ကင်မ်ဂျုံအွန်း။ သူ့အား ယခုအခါကွယ်လွန်သွားပြီဖြစ်သည့် ချစ်လှစွာသောခေါင်းဆောင်ကြီးနှင့်စစ်တပ်အပေါင်းဦးစီးချုပ် ကင်မ်ဂျုံအီ၏သားအဖြစ် လူတိုင်းက သိရှိနေကြသည်။ သို့တိုင် တရားဝင်မီဒီယာ၌ အဆိုပါ မိသားစုဆက်နွှယ်မှုကို လူသိရှင်ကြား ဖော်ပြခြင်း အလျဉ်း မရှိခဲ့ချေ။

    သူသည် ၁၉၈၄ ခုနှစ်တွင် မွေးဖွားခဲ့သော်လည်း သူ့မွေးသက္ကရာဇ်အား လျှို့ဝှက်ထားသေး၏။ ဤသည်မှာ လူငယ်လေးတစ်ဦးအား အမွေစားအမွေခံအဖြစ် စီမံထားခြင်းအပေါ် စစ်သည်များ ထိတ်လန့်ကုန်မည်ကိုစိုး၍ ပြုလုပ်ထားခဲ့သည့် မြောက်ကိုးရီးယား၏နိုင်ငံရေးအစီအမံ ဖြစ်တန်ရာ၏။ ကင်မ်ဂျုံအီ၏ ကျန်းမာရေး ဆိုးဝါးနေစဉ်က သူ့လက်ရှိနေရာ ဆက်ခံမည့်သူကို မျှော်လင့်ထားသူဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိခဲ့။

    ၂၀၁၀ ခုနှစ် စက်တင်ဘာလ၌ ပုံနှိပ်စာမျက်နှာများထက်တွင် ကင်မ်ဂျုံအွန်း၏အမည် ပထမဆုံး ထွက်ပေါ်လာသည်။ သို့သော် ၁၄ လတာမျှ လွန်မြောက်ချိန် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ၌ သူ့ဖခင်သည် ရုတ်တရက်ကွယ်လွန်ပြီးသည့်နောက် သူသည် မြောက်ကိုးရီးယား၏ ခေါင်းဆောင်အဖြစ် တင်မြှောက်ခံရသည်။

    ထိုစဉ်က လူငယ်လေးကင်မ်သည် အုပ်ချုပ်ရေးကောင်စီမှ အရေးပါသည့်အခန်းကဏ္ဍကို ပဲ့ထိန်းမောင်းနှင်နေကြသော သူ့ဖခင်၏၀ါရင့်အကြံပေးပုဂ္ဂိုလ်များ၏ နည်းပေးလမ်းညွှန်မှုကို နှစ်အနည်းငယ်မျှ ခံယူလိမ့်ဦးမည်ဟု လေ့လာသူအများစုက မျှော်လင့်ထားခဲ့ကြသည်။ (စင်စစ်၌ ထိုသူများသည် အမည်ခံမျှသာဖြစ်ကြသည်)။

    သို့သော်လည်း ကင်မ်ဂျုံအွန်းမှာ ကိုယ့်လမ်းကိုယ်ရှာဖောက်သူ ဖြစ်နေခဲ့သည်။ သူ့အုပ်ချုပ်မှု၏ ပထမဆုံးရက်သတ္တပတ်အတွင်းမှာပင် အခြေခိုင်ပြီးသော စနစ်များကို တစ်ခုပြီးတစ်ခု ချိုးဖောက်ခဲ့၏။ အုပ်ချုပ်ရေးဆိုင်ရာအကြီးအကဲများ၏အကြံပြုလမ်းညွှန်မှုကို အလေးအနက် မထားကြောင်း ပြသလိုက်ခြင်းဖြစ်သည်။

    နောက်ဆုံးတော့ ယင်းအနေအထားနှင့်ပတ်သက်၍ ထိပ်တန်းအကြံပေးပုဂ္ဂိုလ်သုံးဦးမှ အသံထွက်လာကြသည်။ အကြံပေးတစ်ဦးမှာ အစိုးရအစည်းအဝေးတစ်ခုအတွင်း ကင်မရာများရှေ့မှောက်မှာပင် အဖမ်းခံရပြီး နောက်တစ်ပတ်၌ ကွပ်မျက်ခံရသည်။ နောက်တစ်ဦးမှာ တနင်္ဂနွေနံနက်ခင်းတွေ့ဆုံမှုအတွက် ဖိတ်ကြားခံရပြီးနောက် ၎င်းနှင့်စပ်လျဉ်းပြီး မည်သည့်အသံ မကြားရတော့။ ကင်မ်၏အဒေါ်အရင်းခေါက်ခေါက်ဖြစ်နေသော နောက်ထပ်တစ်ဦးမှာကား နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံလိုက်ရသည်ဟု ဆိုကြသည်။

    ကင်မ်ဂျုံအွန်းမှာ သူ၏သဘောထားတင်းမာမှုကိုယ်ရည်ကိုယ်သွေးကို သူကိုယ်တိုင်ကပင် ခင်းကျင်းပြသခဲ့သူဖြစ်၏။ တိုတောင်းလှသော သူ့လက်ထက်အတွင်း စစ်တပ်ဗိုလ်ချုပ်များ၊ ကက်ဘိနက်ဝန်ကြီးများ၊ ပါတီအတွင်းရေးမှူးများ ကဲ့သို့ ထိပ်တန်းအရာရှိပေါင်း ၇၀ ကျော်ကို သုတ်သင်ခဲ့ပြီးလေပြီ။

    ကျွန်ုပ်တို့မှ ဖော်ပြရန် မမေ့သင့်သည့်သူများရှိနေ၏။ ယမန်နှစ်က ကာကွယ်ရေးဝန်ကြီးသည် ဧပြီလအတွင်း ပျောက်ဆုံးသွားခဲ့ပြီး၊ ၎င်းမှာ ကွပ်မျက်ခံလိုက်ရသည်ဟု လူအများစုမှ ယုံကြည်ထားကြသည်။ ထို့အပြင် တောင်ကိုးရီးယားနှင့် စေ့စပ်ညှိနှိုင်းရေးခေါင်းဆောင်သည် လူ ၁၀၀ စီးနင်းလိုက်ပါလာသော ကားတစ်စီးအတွင်း ယာဉ်မတော်တဆမှုဖြင့် ကံဆိုးလှစွာ သေဆုံးခဲ့ကြောင်း အသံထွက်ခဲ့၏။

    အူကြောင်ကြောင် ဆံပင်ပုံစံ၊ ကို့ယို့ကားရား ၀တ်စားဆင်ယင်မှု၊ ထိပ်တန်းအရာရှိများအား သုတ်သင်ရှင်းလင်းရေး၌ ခုံမင်နှစ်သက်နေခြင်းတို့ကြောင့် ကင်မ်ဂျုံအွန်းမှာ ကမ္ဘာ့မီဒီယာများအလယ် ပြောင်လှောင်စရာသတ္တ၀ါ ဖြစ်လာခဲ့သည်။ သို့သော် ယင်းသို့ဖော်ပြချက်များက သူ၏အမှန်တကယ်ထူးခြားသည့်အောင်မြင်မှုများကို ကျွန်ုပ်တို့အား မျက်စေ့လျှမ်းသွားစေခဲ့၏။

    တောင်ကိုးရီးယားလူ့အဖွဲ့အစည်း၏ခေါင်းဆောင်ပိုင်းမှ သူ၏ပြိုင်ဖက်ဖြစ်သူများကပင်လျှင် အဆိုပါ ချာတိတ်ခေါင်းဆောင်သည် မြောက်ကိုးရီးယားသားအများစုအကြား အလွန်ရေပန်းစားလူကြိုက်များနေကြောင်း ယေဘူယျအားဖြင့် ၀န်ခံထားကြရသည်။

    သူ၏ ဖြုတ်ထုတ်သတ်အုပ်ချုပ်ရေးမှာ ပြုံးယမ်းရှိ လက်တစ်ဆုပ်စာ အခွင့်ထူးခံများအား ထိခတ်လှုပ်ခတ်သွားသော်လည်း လူနေမှုအဆင့်အတန်းများမှာမူ ခပ်ကြမ်းကြမ်း တိုးတက်လာသည်ကို တွေ့ရပေသည်။

    ဤသည်မှာ အနောက်တိုင်းမီဒီယာပရိသတ်များအဖို့ အထူးတဆန်း ဖြစ်သွားစေပေမည်။ ကင်မ်ဂျုံအွန်း၏ လေးနှစ်တာမျှ အုပ်ချုပ်မှုကာလလေးအတွင်း အရေးပါသောတိုးတက်မှုများ ထင်ထင်ရှားရှား ဖြစ်ပေါ်ခဲ့သည်။ နှစ်စဉ်တိုးတက်မှုနှုန်းက ပျမ်းမျှ ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအထိ ရှိနေသည်။ လွန်ခဲ့သောနှစ် ၂၀ ကာလ၌ စီးပွားရေးမှာ ဒလိမ့်ကောက်ကွေးကျဆင်းသွားပြီးနောက် ရပ်တန့်ဝပ်ဆင်းနေခဲ့၏။ ကင်မ်ဂျုံအီ၏နောက်ဆုံးနေ့ရက်များအတွင်း အနည်းငယ် ခေါင်းပြန်ထောင်လာသော်လည်း သူ့သားလက်ထက်တွင်မူ အရှိန်အဟုန်ဖြင့် တိုးတက်လာလေသည်။

    လယ်ယာစိုက်ပျိုးရေးအစီအမံများကို အပြောင်းအလဲလုပ်လိုက်ခြင်းမှသည် မည်သို့မျှ ထင်မှတ်မထားသော ဤအောင်မြင်မှုကို အကျိုးဆက်ဖြစ်ထွန်းသွားစေသည်။ မြောက်ကိုးရီးယားသားတို့မှာ ဆယ်စုနှစ်များစွာ ပုံသေခွဲတမ်းများဖြင့် နိုင်ငံတော်အတွက် အလုပ်လုပ်ခဲ့ကြသည်။ သို့သော် ကင်မ်ဂျုံအွန်းသည် အဆိုပါစနစ်ကို ၂၀၁၂ ခုနှစ်တွင် ပြောင်းလဲလိုက်သည်။

    ယခုသော် လယ်သမားတို့သည် သီးနှံများ၏ ၃၀ ရာခိုင်နှုန်းဝေစုအတွက် အလုပ်လုပ်ကိုင်နေကြလေပြီ။ သူတို့သည် ပို၍ ကြိုးစားလာသဖြင့် မြောက်ကိုးရီးယား၏ စားနပ်ရိက္ခာအနေအထားမှာ ခါတိုင်းနှင့်မတူအောင် ကောင်းမွန်တိုးတက်လာပုံရ၏။

    ပုဂ္ဂလိကစီးပွားရေးကဏ္ဍမွမ်းမံမှုတည်းဟူသော ကင်မ်ဂျုံအွန်း၏ ပေါ်လစီတစ်စိတ်တစ်ပိုင်းကိုလည်း မျက်စေ့လျှမ်းနေကြသည်။ ၎င်းမှာ လူအများအပြားမှ သိမြင်ထားသည်ထက်ပင် သြဇာကောင်းလျက်ရှိ၏။

    ကွန်မြူနစ်ဝါဒမှိုင်း အကြွင်းမဲ့ဖုံးလွှမ်းနေလင့်ကစား ယခုအခါတွင် မြောက်ကိုးရီးယား၌ ပုဂ္ဂလိကပိုင်စားသောက်ဆိုင်နှင့် တည်းခိုရိပ်သာများသာမက ပုဂ္ဂလိကပိုင် သတ္ထုတွင်းများ၊ ရေနံချက်စက်ရုံများနှင့် ငါးလုပ်ငန်းကုမ္ပဏီများကိုပင် တွေ့မြင်နိုင်ပေသည်။ ၎င်းတို့ကို ပုဂ္ဂလိကပိုင်အဖြစ် သတ်မှတ်ဖော်ပြမှုမရှိသော်လည်း အလွန်အကျိုးအမြတ်များပြားလှ၏။ သူ့ဖခင်နှင့်မတူကွဲပြားစွာ ကင်မ်ဂျုံအွန်းသည် ပုဂ္ဂလိကပိုင်စီးပွားရေးအား အုံ့ပုန်းလက်ခံထားပြီး အခါအားလျော်စွာ အားပေးအားမြှောက်ပြုပေးခြင်းကို တွေ့ရပေ၏။

    ကင်မ်ဂျုံအွန်းသည် ယခုနှစ်သူ၏မွေးနေ့တွင် သူ့ဖာသာသူ လက်ဆောင်ကောင်းတစ်ခု ပေးအပ်လိုက်သည်။ ဇန်န၀ါရီ ၆ ရက်နေ့က သူသည် အပူချိန်မြင့်နျူကလိယလက်နက်တစ်ခုကို ဖောက်ခွဲစမ်းသပ်ခဲ့၏။ ဤသည်မှာ မြောက်ကိုးရီးယားခေါင်းဆောင်က နိုင်ငံတကာအသိုင်းအ၀ိုင်းကို ကရုမစိုက်လှကြောင်း၊ မိမိပြည်တွင်း၌ ကြိုက်ရာလုပ်သည့်ကိစ္စ နိုင်ငံတကာမသက်ဆိုင်ကြောင်း ပြသလိုက်သည့် သတိပေးချက်တစ်ရပ်ဖြစ်လာသည်။

    မြောက်ကိုးရီးယား၏ လက်ဝေခံခေါင်းဆောင်ငယ်မှာ ၁၉၈၄ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ဧကန်ပင် သူ၏ ၃၂ နှစ်မြောက်ကို ကျင်းပနေခြင်းဖြစ်သည်။ ဤမွေးနေ့အထိမ်းအမှတ်လုပ်ရပ်ကလည်း သူ၏အာဏာရသက်တမ်း လေးနှစ်မြောက်နှင့် အတန်ပင် တိုက်ဆိုင်နေသည်။ သူအာဏာရခဲ့သည့် ရှေ့ပိုင်းနှစ်အနည်းငယ်က သွေးရူးသွေးတန်းဆန်ပြီး ပရမ်းပတာဖြစ်နေခဲ့သော်လည်း ကျဆုံးမှုမရှိခဲ့ကြောင်း ရှင်းလင်းလှသည်။ မည်သို့ပင်ဆိုစေ ၎င်းမြင်းရိုင်းစီးမူဝါဒမှာ အချိန်ကာလတစ်ခုအထိ တည်ရှိနေဦးမည်ဟု သုံးသပ်ရပါကြောင်း။

    Sorce : Al Jazeera
    (The Real North Korea : Life and Politics in the Failed Stalinist Utopia စာအုပ်ရေးသားသူ၊ ဆိုးလ်မြို့ Kookmin တက္ကသိုလ် ကိုးရီးယားရေးရာလေ့လာရေးပါမောက္ခ Andrel Lankov ရေးသားသော Kim Jong-un: What we know about the North Korean Leader ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုသည်။)

  • မြောက်ကိုးရီးယားနယ်စပ်တွင် ၀ါဒဖြန့်ချီရေးကို တောင်ကိုရီးယား ပြန်လုပ်မည်

    မြောက်ကိုးရီးယားနယ်စပ်တွင် ၀ါဒဖြန့်ချီရေးကို တောင်ကိုရီးယား ပြန်လုပ်မည်

    ဇန်န၀ါရီ ၈၊ ၂၀၁၆
    M-Media

    south

    – ဇန်န၀ါရီ ၈ ရက် သောကြာနေ့ မွန်းတည့်ချိန်မှစတင်ကာ မြောက်ကိုးရီးယားနယ်စပ်၌ အသံချဲ့စက်များဖြင့် ၀ါဒဖြန့်ချီရေးအသံလှိုင်းများ ထုတ်လွှင့်မှု ပြန်လည်စတင်မည်ဖြစ်ကြောင်း တောင်ကိုးရီးယားသမ္မတရုံးက ပြောကြားခဲ့သည်။

    သမ္မတရုံး လုံခြုံရေးဌာနမှ ပထမ လက်ထောက်အကြီးအကဲ ချိုတေးယုံက ယမန်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲအကျဉ်းချုပ်တွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါ ၀ါဒဖြန့်ချီမှုကို မြောက်ကိုရီးယားက တိုက်ရိုက်စစ်ကြေငြာခြင်းဖြစ်သည်ဟု သမုတ်ထားသည်။

    ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ လျှော့ချရန် တောင်ကိုရီးယားသမ္မတ ပက်ဂျုံဟေးနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့အကြား စစ်ရေးအကြံပေးထိပ်တန်းအဆင့် ဆွေးနွေးမှုများကို ပြုလုပ်ပြီး သဘောတူညီချက် ရယူခဲ့သည့် သြဂုတ် ၂၅ ရက်နောက်ပိုင်းတွင် တောင်ကိုရီးယားစစ်တပ်က အသံလှိုင်းလွှင့်ခြင်းကို ရပ်တန့်ခဲ့သည်။

    မြောက်ကိုရီးယားက ဟိုက်ဒရိုဂျင်ဗုံးစမ်းသပ်အောင်မြင်ပြီဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကြေညာပြီးနောက်ပိုင်းမှ ပြန်လည်လုပ်ဆောင်လာခြင်း ဖြစ်သည်။ မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုများကို ၂၀၀၆၊ ၂၀၀၉၊ ၂၀၁၃ ခုနှစ်များတွင် ပြုလုပ်ခဲ့သည်။

    မြောက်ကိုရီးယား၏ လေးကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုပြုလုပ်ခြင်းသည် တောင်ကိုရီးယားနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အထပ်ထပ်အခါခါ သတိပေးချက်ကို မထီမဲ့မြင်ပြုရာ ရောက်သည်ဟု ချိုတေးယုံက ဆိုသည်။

    အဆိုပါနျူကလီးယားစမ်းသပ်မှုမှာ သြဂုတ် ၂၅ ရက် သဘောတူညီချက်ကို ချိုးဖောက်လိုက်ခြင်းဖြစ်ပြီး စာချုပ်အရ ၀ါဒဖြန့်အသံလှိုင်းထုတ်လွှင့်မှုများ ပြန်လည်စတင်တော့မည်ဖြစ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    တောင်ကိုရီးယားသည် ၀ါဒဖြန့်အသံလှိုင်းထုတ်လွှင့်မှုကို ၂၀၁၅ သြဂုတ်တွင် ၁၁ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။ သြဂုတ်လ ၄ ရက်နေ့တွင် တောင်ကိုရီးယားရှေ့တန်းတပ်ဖွဲ့၏ ကင်းလှည့် တပ်သားနှစ်ယောက်မှာ မြောက်ကိုရီးယားထောင်ထားသည့် မြေမြှုပ်မိုင်းများ နင်းမိ၍ အကြီးအကျယ် ထိခိုက်ခံခဲ့ ရသည့်အတွက် လက်စားချေသည့်အနေဖြင့် ၀ါဒဖြန့်အသံလှိုင်းများ ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။ မြောက်ကိုးရီး ယားကမူ အဆိုပါ မြေမြုပ်မိုင်းကိစ္စကို ငြင်းဆိုထားသည်။

    တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံမှာ သြဂုတ် ၂၅ သဘောတူညီမှုအရ တင်းမာမှုများအနည်းငယ် လျော့ကျခဲ့ပြီး ယခုတစ်ဖန် ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်လာပြီး နှစ်ဖက်တပ်များကို အမြင့်ဆုံးတပ်လှန့်ထားခဲ့ကြသည်။

    ကျွမ်းကျင်သူများကမူ အသံလှိုင်းပြန်လည်ထုတ်လွှင့်မှုပြုလျှင် သြဂုတ်လတွင် မြင်တွေ့ခဲ့ရသကဲ့သို့ ကိုရီးယားကျွန်းဆွယ်ကို အန္တရာယ်ကြီးသည့် လက်နက်ကိုင်ပဋိပက္ခများဆီသို့ တွန်းပို့လိုက်ရာရောက်မည်ဟု သတိပေးထားသည်။

    Ref : xinhua

  • ဟိုက်ဒရိုဂျင်ဗုံးကို အောင်မြင်စွာ စမ်းသပ်နိုင်ကြောင်း မြောက်ကိုရီးယား ကြေငြာ

    ဟိုက်ဒရိုဂျင်ဗုံးကို အောင်မြင်စွာ စမ်းသပ်နိုင်ကြောင်း မြောက်ကိုရီးယား ကြေငြာ

    ဇန်န၀ါရီ ၆၊ ၂၀၁၆
    M-Media

    north

    – နျူကလီးယားလက်နက် စမ်းသည့်နေရာဟု သိရသည် မြို့အနီးတွင် ပြင်းအား ၅.၁ မဂ္ဂနီကျုရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး နာရီအနည်းငယ်အကြာတွင် မြောက်ကိုရီးယားက မိမိတို့မှာ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှု အောင်မြင်ခဲ့သည်ဟု ပြောကြားလိုက်သည်။

    မြောက်ကိုရီးယား နိုင်ငံပိုင် ရုပ်သံက ယနေ့တွင် ကြေငြာခဲ့ခြင်းဖြစ်ပြီး ထိုသို့ ကြေငြာမှုမပြုလုပ်ခင် တောင်ကိုရီးယား မိုးလေ၀သအေဂျင်စီက မြောက်ကိုရီးယားမှာ နျူးကလီးယားလက်နက် စမ်းသပ်မှု ပြီးသွားသည့် အလားအလာရှိသည်ဟု လှုပ်ခတ်ခဲ့သော ငလျင် အချက်အလက်များကို အခြေခံ၍ ပြောကြားခဲ့သည်။

    ငလျင်မှာ မြောက်ကိုရီးယား၏ ယခင် နျူလက်နက်စမ်းသပ်နေရာဖြစ်သော ပန်ဂျီရီ အနီးတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အမေရိကန် ဘူမိဗေဒစစ်တမ်းကောက်ယူမှုအဖွဲ့ (USGS) ကလည်း အဆိုပါ ငလျင်အကြောင်း ဖော်ပြခဲ့သည်။

    တောင်ကိုရီးယား သမ္မတရုံးက ထိုကိစ္စနှင့်ပတ်သက်၍ အရေးပေါ်အစည်းအဝေးတစ်ခု ကျင်းပခဲ့ပြီး မိမိတို့အစိုးရ အနေဖြင့် မြောက်ကိုရီးယား၏ လုပ်ရပ်များကို တုန့်ပြန်ရန်အတွက် ဖြစ်နိုင်သမျှသော ဆောင်ရွက်မှုအားလုံးကို လုပ်ဆောင်သွားမည်ဟု နောက်ပိုင်းတွင် ပြောကြားခဲ့သည်။

    ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ယနေ့တွင် အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ပြီး မြောက်ကိုရီးယား၏ အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများအားလုံးမှာ ရှုတ်ချသည့် ကြေငြာချက်များ ထုတ်ရန် အလျင်အမြန် ဆောင်ရွက်နေကြသည်ဟု သံတမန်များက ပြောကြားခဲ့သည်။

    မြောက်ကိုရီးယား၏ မဟာမိတ်ဖြစ်သည့် တရုတ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာနကမူ စမ်းသပ်မှုနှင့်ပတ်သက်၍ သတင်းအချက်အလက် မရသေးဟုဆိုသည်။ ၀န်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဟွာချန်ယင်းက ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားကင်းစင်ရေးအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

    အမေရိကန်အစိုးရက မြောက်ကိုရီးယာမှာ နျူကလီးယား စမ်းသပ်မှုပြုလုပ်သည်ဟု အတည်မပြုနိုင်သေးဘဲ၊ အမှန်တကယ်ပြုလုပ်ပါက ရန်စမှုသာဖြစ်ပြီး ဒေသအတွင်းရှိ မိမိတို့၏ မဟာမိတ်များကို ဆက်လက်ကာကွယ်သွားမည်ဟု ပြောကြားခဲ့သည်။

    ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း မြောက်ကိုရီးယား၏ ထိုလုပ်ရပ်မှာ မိမိတို့အတွက် ခြိမ်းခြောက်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံရှိ စောင့်ကြည့်အဖွဲ့များက ယခုအချိန်အထိ ရေဒီယိုသတ္တုကြွမှုကို မတွေ့ရှိသေးဟု ဆိုသည်။

    Ref: Aljazeera

  • ကနေဒါ ခရစ်ယာန်သင်းအုပ်ဆရာအား မြောက်ကိုရီးယားက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်

    ကနေဒါ ခရစ်ယာန်သင်းအုပ်ဆရာအား မြောက်ကိုရီးယားက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်

    ဒီဇင်ဘာ ၁၇၊ ၂၀၁၅
    M-Media

    north

    – မြောက်ကိုးရီးယားတွင် ၁၀ လ ခန့် ချုပ်နှောင်ထိန်းသိမ်းခံထားရသည့် ကနေဒါ ခရစ်ယာန်သင်းအုပ်ဆရာကို “အစိုးရအား ဖြုတ်ချရန် ကြံစည်မှု” ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်ဟု သိရသည်။

    တောင်ကိုရီးယားနွယ်ဖွား ဘုန်းတော်ကြီး ဟွန်ဆူလင်မ် ဖြစ်ပြီး အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် မဟုတ်မမှန်ဝါဒဖြန့်မှုများ လုပ်ဆောင်ခဲ့သည့်အတွက် အပြစ်ရှိသည်ဟု သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်အစိုးရ သတင်းဌာန Xinhua က ဖော်ပြခဲ့သည်။

    “တရားရုံးချုပ်က ဟွန်ဆူလင်မ်ဟာ အမေရိကန်နဲ့ တောင်ကိုးရီးယားရှိ လူ့အခွင့်အရေးလှုပ်ရှားသူများနဲ့ ဆက်သွယ်ခဲ့ပြီး နိုင်ငံ့ပုံရိပ်ကျဆင်းစေသည့် မဟုတ်မတရားဝါဒဖြန့်မှုများ ပြုလုပ်မှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရသောကြာင့်” အလုပ်နှင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    အသက် ၆၀ အရွယ် လင်မ်မှာ အသင်းဝင် ၃၀၀၀ ခန့်ရှိသော တိုရွန်တိုရှိ Light Korean Presbyterian ခရစ်ယာန်အသင်းတော်မှ တာဝန်ရှိသူတစ်ဦးဖြစ်ပြီး ၁၉၈၆ တွင် တောင်ကိုးရီးယားမှ ကနေဒါသို့ ပြောင်းရွှေ့နေထိုင်ခဲ့ခြင်းဖြစ်သည်။

    ၎င်းသည် ဇန်န၀ါရီ ၃၀ တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခရီးစဉ်အဖြစ် တရုတ်နိုင်ငံမှ မြောက်ကိုးရီးယားသို့ ခရီးထွက်ခဲ့သည်ဟု ၎င်းမိသားစု၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။ မြောက်ကိုရီးယားအစိုးရက ၎င်းအား ဖေဖော်ဝါရီလတွင် ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

    ဟွန်ဆူလင်မ်မှာ မြောက်ကိုးရီးယားသို့ အကြိမ် ၁၀၀ မက သွားရောက်ခဲ့ပြီးဖြစ်သည်ဟု ၎င်းမိသားစုက ဆိုသည်။

    ယခုခရီးစဉ်၌ နိုင်ငံအရှေ့မြောက်ပိုင်း ရာဂျင်မြို့တွင် ၎င်းတည်ထောင်ထားသည့် ခရစ်ယာန်ဘုရားကျောင်းမှတစ်ဆင့် အကူအညီပေးရေး စီးမံကိန်းများကို ဆောင်ရွက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဘုရားကျောင်းနှင့်အတူ မိဘမဲ့ဂေဟာတစ်ခု၊ မူကြိုတစ်ခုနှင့် သက်ကြီးစောင့်ရှောက်ရေးစင်တာတစ်ခုတို့ကို ၎င်းက ဖွင့်လှစ်ထားသည်။

    Ref: CNN