News @ M-Media

Tag: north korea

  • မြောက်ကိုရီးယားအစိုးရကို လူသားထုအပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုဖြင့် တရားစွဲရန် ကုလတိုက်တွန်း

    မြောက်ကိုရီးယားအစိုးရကို လူသားထုအပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုဖြင့် တရားစွဲရန် ကုလတိုက်တွန်း

    မတ် ၁၄၊ ၂၀၁၆
    M-Media

    north

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် ၎င်း၏ အကြီးတန်းတာဝန်ရှိသူများကို လူသားထုအပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် တရားစွဲဆိုရန် ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မာဇူကီ ဒါရုစ်မန်က ယနေ့တွင် တိုက်တွန်းဆော်သြလိုက်သည်။

    ကုလလူ့အခွင့်အရေးကောင်စီတွင် ပြောကြားသည့်မိန့်ခွန်းတွင် ဒါရုစ်မန်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မြောက်ကိုရီးယားမှာ နျူကလီးယားနှင့် အခြား ဖျက်အားပြင်းလက်နက် အမြောက်အများထုတ်လုပ်ရန် တိုင်းပြည်၏ ရင်းမြစ်များကို အသုံးချနေပြီး ပြည်သူများမှာ ငတ်မွတ်ခေါင်းပါးနေသည်ဟု ဆိုသည်။

    ၎င်း၏ တိုက်တွန်းမှုကို ဥရောပသမဂ္ဂနှင့် အမေရိကန်တို့ကလည်း ထောက်ခံခဲ့ပြီး၊ တရုတ်နိုင်ငံကမူ လူ့အခွင့်အရေးပြဿနာများကို နိုင်ငံရေးအတွက် အမြတ်မထုတ်သင့်ဟု ပြောဆိုခဲ့ကာ မြောက်ကိုရီးယားနှင့် ဆက်ဆံရေးတွင် ပြည့်ဝသည့် နည်းလမ်းတစ်ခု ဖော်ဆောင်ရန် တိုက်တွန်းခဲ့သည်။

    ဒါရုစ်မန်မှာ ပြီးခဲ့သည့်လက မြောက်ကိုရီးယား၏ လူ့အခွင့်အရေး ကျူးလွန်မှုများနှင့်ပတ်သက်၍ လူ့အခွင့်အရေးကောင်စီသို့ အစီရင်ခံစာတစ်ခု တင်သွင်းခဲ့ပြီး ထိုအစီရင်ခံစာတွင် မြောက်ကိုရီးယားရှိ အကျဉ်းစခန်းများ၊ ကျွန်ပြုခိုင်းစေမှုများ၊ ဘာသာရေး ဖိနှိပ်ချုပ်ချယ်မှုများကို ဖော်ပြထားသည်။

    ကုလမှာ မြောက်ကိုရီးယား၏ လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့်ပတ်သက်၍ လွန်ခဲ့သည့် ၂ နှစ်မှစတင်ကာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    Ref : Channelnewsasia

  • ယနေ့မနက်တွင် မြောက်ကိုရီးယားက ဒုံးကျည်နှစ်စင်း ပစ်လွှတ်

    ယနေ့မနက်တွင် မြောက်ကိုရီးယားက ဒုံးကျည်နှစ်စင်း ပစ်လွှတ်

    မတ် ၁၀၊ ၂၀၁၆
    M-Media

    north 4

    – အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ သမိုင်းတစ်လျှောက် အကြီးဆုံး စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေသည့်အချိန်တွင် မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည်နှစ်စင်းကို ပင်လယ်ထဲသို့ ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယား စစ်တပ်က ပြောကြားလိုက်သည်။

    ယနေ့မနက် ဒေသစံတော်ချိန် ၅ နာရီ မိနစ် ၂၀ က မြောက်ကိုရီးယားရှိ ဟွမ်ဟေးပြည်နယ်မှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး ကီလိုမီ ၅၀၀ ခန့် ပျံသန်းသွားပြီးနောက် တောင်ကိုရီးယား ၀ွန်ဆန်မြို့၏ အရှေ့မြောက်ဖက် အရှေ့ပင်လယ် (ဂျပန်ပင်လယ်)အတွင်းသို့ ကျသွားခဲ့သည်ဟု ဆိုသည်။

    တောင်ကိုရီးယား စစ်ဦးစီးအရာရှိချုပ်ကမူ မိမိတို့အနေဖြင့် အခြေအနေအရပ်ရပ်ကို စောင့်ကြည့်နေပြီး မြောက်ကိုရီးယား၏ မည်သည့်ရန်စမှုမျိုးကိုမဆို တုံ့ပြန်သွားရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

    အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက ၎င်းတို့၏ အချုပ်အခြာအာဏာကို ထိပါးသည်ဟု ယူဆထားပြီး၊ နျူလက်နက်ဖြင့် တုံ့ပြန်သွားမည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက ခြိမ်းခြောက်ပြောဆိုထားသည်။

    Ref: RT

  • မြောက်ကိုရီးယားကုန်တင်သင်္ဘောကို ဖိလစ်ပိုင် ဖမ်းဆီးထိန်းသိမ်း

    မြောက်ကိုရီးယားကုန်တင်သင်္ဘောကို ဖိလစ်ပိုင် ဖမ်းဆီးထိန်းသိမ်း

    မတ် ၅၊ ၂၀၁၆
    M-Media

    philipine

    – ကုလသမဂ္ဂက မြောက်ကိုရီးယားအပေါ် အသစ်ချမှတ်လိုက်သည့် ပိတ်ဆို့မှုအရ မိမိတို့အနေဖြင့် မြောက်ကိုရီးယား သင်္ဘောတစ်စီးကို ထိန်းသိမ်းလိုက်သည်ဟု ဖိလစ်ပိုင်နိုင်ငံက ယနေ့တွင် ကြေငြာလိုက်သည်။

    ကုန်တန်ချိန်ပေါင်း ၆၈၃၀ တင်ဆောင်နိုင်သည့် ကုန်တင်သင်္ဘော Jin Teng ဖြစ်ပြီး မြို့တော်မနီလာ အရှေ့မြောက်ပိုင်းရှိ Subic ဆိပ်ကမ်းမှ ထွက်ခွာခွင့် မပြုတော့ခြင်းဖြစ်သည်။ အဆိုပါသင်္ဘော ထိုဆိပ်ကမ်းတွင် ဒေါက်တင်ထားသည်မှာ ၃ ရက်တာ ကြာမြင့်နေပြီဖြစ်ပြီး သင်္ဘောပေါ်တွင် လိုက်ပါလာသည့် သင်္ဘောသားများကိုမူ နယ်နှင်ဒဏ်ပေးမည်ဟု သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ မာနိုလို ကွီဇန်က နိုင်ငံပိုင်ရေဒီယို Radyo ng Bayan သို့ ပြောကြားခဲ့သည်။

    ယခင်ပြုလုပ်ထားသည့် ပိတ်ဆို့မှုတွင် ပါဝင်သော တာဝေးပစ်ဒုံးကျည်ကို အသုံးပြု၍ မြောက်ကိုရီးယားက ပြီးခဲ့သည့် လအတွင်း ဂြိုဟ်တုလွှတ်ခဲ့သောကြောင့် ကုလသမဂ္ဂမှာ ကြာသာပတေးနေ့တွင် ပိတ်ဆို့မှုအသစ်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

    မြောက်ကိုရီးယားကလည်း ထိုပိတ်ဆို့မှုချမှတ်ပြီး ၁ ရက်အကြာ ယမန်နေ့တွင် စစ်တပ်နှင့် နျူလက်နက်များကို အဆင်သင့်ဖြစ်နေစေရန် အမိန့်ပေးခဲ့သည်။

    Ref: Channelnewsasia

  • နျူလက်နက်များနှင့် စစ်တပ်ကို အသင့်ဖြစ်နေစေရန် မြောက်ကိုရီးယား အမိန့်ပေးထား

    နျူလက်နက်များနှင့် စစ်တပ်ကို အသင့်ဖြစ်နေစေရန် မြောက်ကိုရီးယား အမိန့်ပေးထား

    မတ် ၅၊ ၂၀၁၆
    M-Media

    north korea

    – မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်က ရန်သူတွေရဲ့ ခြိမ်းခြောက်မှု ကြီးထွားလာတဲ့အတွက် နျူကလီးယား လက်နက်တွေကို အချိန်မရွေး တိုက်ခိုက်နိုင်ဖို့၊ စစ်တပ်ကိုလည်း တိုက်ခိုက်ရန် အသင့်အနေအထားရှိနေဖို့ ယမန်နေ့မှာ အမိန့်ပေးလိုက်တယ်လို့ သိရပါတယ်။

    ကိုးရီးယားကျွန်းဆွယ်မှာ တင်းမာမှု မြင့်တက်လာတဲ့အတွက် မြောက်ကိုးရီးယားကို အပြင်းအထန်ဆုံး အရေးယူပိတ်ဆို့ဖို့ အမေရိကန်ရဲ့ တောင်းဆိုမှုကို ကုလသမဂ္ဂက အတည်ပြုလိုက်ပြီး နောက်တစ်ရက်မှာ အဆိုပါကြေငြာချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

    ဘယ်အချိန်မဆို ပစ်လွှတ်နိုင်ဖို့အတွက် နျူကလီးယားထိပ်ဖူးတွေကို အသင့်ပြင်ထားရမယ်လို့ ကင်က အမိန့်ပေးခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KNCA သတင်းဌာနက ယမန်နေ့မှာ ဖော်ပြခဲ့ပါတယ်။ အသစ်ထုတ်လုပ်လိုက်တဲ့ ဒုံးကျည်တွေ အသုံးပြုပြီး စစ်ရေးလေ့ကျင့်မှုကို ကြီးကြပ်နေချိန်မှာ မြောက်ကိုရီးယားခေါင်းဆောင်က ဒီလို အမိန့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

    အမေရိကန်နဲ့ တောင်ကိုးရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ပြီး မကြာခင်မှာပဲ အရေးယူပိတ်ဆို့မှုတွေ ထပ်မံပြဌာန်းလိုက်တာကြောင့် အန္တရာယ်အလွန်များလာတယ်လို့လည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အဲဒီ အရေးယူပိတ်ဆို့မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုးရီးယားကမ်းရိုးတန်းနဲ့ ၁၅၀ ကီလိုမီတာအကွာ (မိုင်၉၀ခန့်) ကို မြောက်ကိုးရီးယားက ကြာသာပတေးနေ့မှာ ဒုံးကျည်အမြောက်များ ပစ်လွှတ်ခဲ့ပါတယ်။

    “တကယ်လို့ မြောက်ကိုးရီးယားက ရန်စပစ်ခတ်မှုတွေ လုပ်လာမယ်ဆိုရင်တော့ ပြန်လည်ပေးဆပ်ရမယ်ဆိုတာ သိရှိစေဖို့ ပြင်းထန်တဲ့အနေအထားနဲ့ တုံ့ပြန်သွားမှာ ဖြစ်ပါတယ်၊ ကျွန်မတို့နိုင်ငံကို ကာကွယ်ဖို့အတွက် စိတ်ပိုင်းဖြတ်ထားပြီးသားပါ” လို့ တောင်ကိုးရီးယားသမ္မတ ပတ်ဂျုံဟေးက မြောက်ကိုရီးယားရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ယမန်နေ့မှာ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

    မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တုန့်ပြန်ဖို့ အဆင့်မြင့်အမေရိကန်ဒုံးကျည်စနစ် THAAD ကို တောင်ကိုရီးယားမှာ ဖြန့်ကျက်ချထားရေး တောင်ကိုးရီးယားနဲ့ အမေရိကန်တို့က ယမန်နေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါ THAAD စနစ်နဲ့အတူ ချထားမယ့် X-Band ရေဒါစနစ်က ကိုးရီးယားကို ကျော်ပြီး မိမိတို့နိုင်ငံထဲ ၀င်လာမှာကို စိုးရိမ်တယ်လို့ တရုတ်က ပြောကြားထားပါတယ်။

    Ref: Presstv

  • မြောက်ကိုးရီးယားကို ပိုပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဖို့ အမေရိကန်နဲ့တရုတ် တောင်းဆို

    မြောက်ကိုးရီးယားကို ပိုပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဖို့ အမေရိကန်နဲ့တရုတ် တောင်းဆို

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၆
    M-Media

    north

    – မြောက်ကိုးရီးယားရဲ့ နျုကလီးယားစမ်းသပ်မှုနဲ့ ဒုံးကျည်ပစ်လွှတ်မှုအပေါ် ပိုပြီး ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်သွားဖို့ တောင်းဆိုထားတဲ့ မူကြမ်းတစ်ခုကို အမေရိကန်နဲ့ တရုတ်တို့က ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တင်သွင်းလိုက်ပါတယ်။

    အဲဒီမူကြမ်းဟာ မြောက်ကိုရီးယားနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီကို ပထမဆုံးတင်သွင်းတဲ့ မူကြမ်းဖြစ်ပြီး ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး စမန်သာပါဝါက မြောက်ကိုရီးယားကို ၀င်ထွက်သွားလာတဲ့ ကုန်သင်္ဘောဘောတွေကို မဖြစ်မနေစစ်ဆေးမှုလုပ်ဖို့ မူကြမ်းမှာ ဖော်ပြထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒါဟာ အဓိက ထပ်မံဆောင်ရွက်ချက်ဖြစ်ပြီး၊ နယ်ပယ်ပိုများများမှာ ပိုပြီးတင်းတင်းကြပ်ကြပ်နဲ့ ဟာကွက်မရှိ ဖိအားပေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ပြီးတော့ လုပ်နေကြပုံစံထဲကနေထွက်ပြီး နည်းလမ်းသစ်ချဲ့ထွင်လိုက်တာ ဖြစ်ပါတယ်” လို့ ပါဝါက ပြောကြားခဲ့ပါတယ်။

    အဆိုပါမူကြမ်းဟာ မြောက်ကိုးရီးယားရဲ့အဓိကမဟာမိတ်ဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်တို့ကြားက သဘောတူညီမှုတစ်ခုရဲ့ ရလဒ်ဖြစ်ပြီး၊ တရုတ်အနေနဲ့ ၎င်းရဲ့အိမ်နီးချင်း မြောက်ကိုရီးယားနိုင်ငံအပေါ် နိုင်ငံရေးမူဝါဒပြောင်းလဲလာမှုကို အချက်ပြလိုက်တာလည်း ဖြစ်ပါတယ်။ ကုလလုံခြုံရေးကောင်စီကတော့ အဲဒီ မူကြမ်းကို ဒီသီတင်းပတ်အဆုံးမှာ မဲခွဲဖို့ ရှိနေပါတယ်။

    Ref: Al-jazeera