News @ M-Media

Tag: US

  • ပဲရစ်ဂယက်ကြောင့် ဆီးရီးယားဒုက္ခသည်များကို အမေရိကန်မှ ပြည်နယ်များ လက်မခံလိုကြ

    ပဲရစ်ဂယက်ကြောင့် ဆီးရီးယားဒုက္ခသည်များကို အမေရိကန်မှ ပြည်နယ်များ လက်မခံလိုကြ

    နိုဝင်ဘာ ၁၇၊ ၂၀၁၅
    M-Media

    syria

    – ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှု နောက်ပိုင်း အစ္စလာမ်ကြောက်ရာဂါ မြင့်တက်လာသည့်အချိန်တွင် အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်အုပ်ချုပ်ရေးမှူးများက ၎င်းတို့၏ ပြည်နယ်များတွင် ဆီးရီးယားဒုက္ခသည်များကို နေရာချထားပေးမည်မဟုတ်ဟု ပြောကြားလိုက်သည်။

    လက်ယာယိမ်း ရီပက်ဘလစ်ကန်ပါတီမှ အနည်းဆုံး ပြည်နယ်အုပ်ချုပ်ရေးမှူး ၁၆ ဦးက တနင်္ဂနွေနှင့် တနင်္လာနေ့များတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ပဲရစ်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူတစ်ဦး၏ အလောင်းနားတွင် ဆီးရီးယား နိုင်ငံကူးလက်မှတ် တွေ့ရှိရမှုကို ထောက်ပြခဲ့ကြသည်။

    ဆီးရီးယားဒုက္ခသည်များအား လက်မခံလိုသည့် ပြည်နယ်များမှာ တက္ကဆက်၊ ဂျော်ဂျီယာ၊ အိုဟိုင်းယိုး၊ မက်ဆာချူးဆက်၊ အလာဘားမား၊ မီချီဂန်၊ လူဝီစီယားနား၊ အင်ဒီယားနား၊ ဖလော်ရီဒါ၊ မစ္စစီပီ၊ အရီဇိုနား၊ အီလီနွိုက်စ်၊ မြောက်ကယ်ရိုလိုင်းနား၊ ၀စ်ကွန်ဆင်နှင့် အာရကန်းနက်စ် ပြည်နယ်များ ဖြစ်ကြသည်။

    ဒုက္ခသည်များအား ၎င်းတို့၏ ပြည်နယ်များအတွင်း နေရာချထာပေးရေးကို ပြည်နယ်အစိုးရက တာဆီးနိုင်သည့် အခွင့်အာဏာ မရှိသော်လည်း ဒေသတွင်းရှိ ဒုက္ခသည်အရေး ဆောင်ရွက်နေသည့် အဖွဲ့များကို ဖက်ဒရယ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် အမိန့်ပေးနိုင်သည်။

    သို့သော်လည်း လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့် အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ CAIR ကမူ ပြည်နယ်အုပ်ချုပ်ရေးမှူးများ၏ ထိုကဲ့သို့ ကြေငြာမှုမှာ အမေရိကန်ရှိ လူများစုကြားတွင် အစ္စလာမ်ကြောက်ရောဂါ ကြီးထွားလာမှုကို ညွှန်ပြနေခြင်းဖြစ်သည်ဟု ဆိုသည်။

    အမေရိကန်မှာ ယနေ့အချိန်အထိ ဆီးရီးယားဒုက္ခသည် ၁၅၀၀ ကိုသာ လက်ခံရသေးပြီး အိမ်ဖြူတော်ကမူ လာမည့် ၁၂ လတာ ကာလအတွင်း နောက်ထပ် ၁၀၀၀၀ ကို ထပ်မံလက်ခံမည်ဟု ယခုနှစ် အစောပိုင်းက ပြောကြားခဲ့သည်။ အချို့သော ရီပက်ဘလစ်ကန် တာဝန်ရှိသူများကမူ အမေရိကန်အနေဖြင့် ဆီးရီးယားမှ ခရစ်ယာန်ဒုက္ခသည်များကိုသာ လက်ခံသင့်သည်ဟု ဆိုသည်။

    လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့သည့် ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှုပြီးနောက် ဥရောပတွင် ဒုက္ခသည်ဆန့်ကျင်ရေး သဘောထားများ ပိုမိုကြီးထွားလာခဲ့ပြီး ပြင်သစ်တွင် ဆီးရီးယားဒုက္ခသည်များ၏ စခန်းများကို မီးရှို့မှုပင် ဖြစ်ပွားခဲ့သည်။

    Ref: Aljazeera

  • IS အဖွဲ့က အစ္စလာမ်၊ မွတ်စလင်တို့နှင့် မပတ်သက်ဟု အိုဘားမားပြော

    IS အဖွဲ့က အစ္စလာမ်၊ မွတ်စလင်တို့နှင့် မပတ်သက်ဟု အိုဘားမားပြော

    နိုဝင်ဘာ ၁၇၊ ၂၀၁၅
    M-Media

    obama

    – တူရကီနိုင်ငံမှာ ပြုလုပ်နေတဲ့ G20 ထိပ်သီးအစည်းဝေးမှာ အမေရိကန်သမ္မတ ဘာရက်အိုဘားမားက IS အဖွဲ့ဟာ အစ္စလာမ်ကို ကိုယ်စားမပြုသလို မွတ်စလင်အများစုရဲ့ ပြုမူနေထိုင်ပုံတွေနဲ့လည်း ဘယ်လိုမှ မပတ်သက်ဘူးလို့ ပြောသွားခဲ့ပါတယ်။

    “ISIL (IS) အဖွဲ့ဟာ အစ္စလာမ်ကို ကိုယ်စားမပြုပါဘူး။ မွတ်စလင်အများစုရဲ့ ပြုမူနေထိုင်ပုံ ဘယ်လို သဘောထားတွေကိုမှလည်း သူတို့က ကိုယ်စားမပြုပါဘူး” လို့ အိုဘားမားက သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    အကြမ်းဖက်တိုက်ခိုက်မှုနဲ့ဆက်နွယ်ပြီး အစ္စလာမ်နဲ့ မွတ်စလင်တွေအပေါ် ယိုးစွပ်ပြောဆိုတာတွေကိုလည်းအိုဘားမားက ဆန့်ကျင်ခဲ့ပြီး ဒီလို ၀ါးလုံးသိမ်းရမ်းတာတွေဟာ အကြမ်းဖက်အဖွဲ့အစည်းတွေ လူသစ်စုဆောင်းဖို့ အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားမယ်လို့လည်း အိုဘားမားက သတိပေးခဲ့ပါတယ်။

    “ပဲရစ်မှာဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ ကိစ္စတွေကို အစ္စလာမ်ရဲ့ သွန်သင်မှုတွေနဲ့ တန်းတူပဲလို့ တစ်ယောက်ယောက်က သတ်မှတ်တာမျိုးနဲ့ ပတ်သက်ပြီး ပြောရရင်၊ ဒီလို ယူဆချက်အမှားတွေဟာ အကျိုးယုတ်စေမှာဖြစ်ပြီး အဲဒီလို သတ်မှတ်တာတွေဟာလည်း မှားယွင်းပါတယ်။ တကယ်လို့များ အကြမ်းဖက်ပြဿနာထက် မွတ်စလင်တွေရဲ့ ပြဿနာလို့ တစ်နည်းနည်းနဲ့ အဓိပ္ပါယ် သတ်မှတ်လိုက်တဲ့အခါ အဲဒါမျိုးတွေက အကြမ်းဖက်အဖွဲ့အစည်းတွေ လူသစ် ကောင်းကောင်းစုဆောင်းနိုင်ဖို့ ဦးတည်သွားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်”

    နိုဝင်ဘာ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှုအတွင်းမှာ လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့ပြီး အာရပ်နိုင်ငံတွေက အပါအ၀င် မွတ်စလင်အများအပြားလည်း ပါဝင်ခဲ့ပါတယ်။

  • ဂျူးဘုရားကျောင်းနှင့် လူမည်းခရစ်ယာန်ဘုရားကျောင်းများကို ဗုံးခွဲကာ သတ်ဖြတ်ရန် ကြံစည်သူ လူဖြူအစွန်းရောက်များကို အမေရိကန်ဖမ်းဆီး

    ဂျူးဘုရားကျောင်းနှင့် လူမည်းခရစ်ယာန်ဘုရားကျောင်းများကို ဗုံးခွဲကာ သတ်ဖြတ်ရန် ကြံစည်သူ လူဖြူအစွန်းရောက်များကို အမေရိကန်ဖမ်းဆီး

    နိုဝင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    us

    – လူမျိုးရေးနှင့် အမုန်းတရားစစ်ပွဲစတင်ရန် အစိတ်အပိုင်းဖြစ် လူမည်းဘုရားကျောင်းများနှင့် ဂျူးဘုရားကျောင်းများအား ဗုံးခွဲတိုက်ခိုက်ရန် စီစဉ်နေသည်ဟူသော စွဲချက်ဖြင့် ဗာဂျီးနီးယားရှိ လူဖြူအစွန်းရောက် နှစ်ဦးအား ဖမ်းဆီးလိုက်သည်ဟု အမေရိကန် ဖဒရယ်အာဏာပိုင်များက ပြောကြားလိုက်သည်။

    ရောဘတ် ကာတစ် ဒွိုင်လီနှင့် ရော်နယ်လ် ဘီစတေ ချာနေး ၃ ဆို သူတို့ဖြစ်ပြီး ဗာဂျီးနီးယားရှိ အမျိုးသားများမှာ တရားမ၀င် လက်နက်ရောင်းချသူထံမှ လက်နက်များနှင့် ပေါက်ကွဲစေတက်သော ပစ္စည်းများကို ၀ယ်သွားသည်ဟူသော စက်တင်ဘာလတွင် ရရှိသည့် သတင်းအရ FBI က ဆောင်ရွက်သည့် တနင်္ဂနွေနေ့ စစ်ဆင်ရေးတွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

    ၎င်းတို့နှစ်ဦးမှာ ၎င်းတို့၏ အမုန်းစစ်ပွဲအတွက် လတ်ဝတ်ရတနာ အရောင်းဆိုင်နှင့် လက်နက်အရောင်းဆိုင်တို့ကဲ့သို့ စီးပွားရေးလုပ်ငန်းများကို ဓားပြတိုက်ရန် အစီအစဉ်ရှိထားသည်ဟု ဥပဒေထိန်းသိန်းရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

    ထို့ပြင် လက်နက်များကို စုဆောင်းခြင်းနှင့် စစ်ဘက်ဆိုင်ရာ လေ့ကျင့်သင်ကြားပေးမှုများ ဆောင်ရွက်ရန်လည်း ရှိနေပြီး လူမည်းဘုရားကျောင်းများနှင့် ဂျူးဘုရားကျောင်းများကို ဖောက်ခွဲခြင်း၊ ဘုရားကျောင်းသို့ လာရောက်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်းတို့ကို စီစဉ်နေခြင်း ဖြစ်သည်။

    ထို့ပြင် ချားလ်စ် ဒန်နီယဲလ် ဟဲလ်ဒါမန်ကိုလည်း အစွန်းရောက်ယုံကြည်ချက်များအတွက် ငွေဆိုင်တစ်ခုကို ဓားမြတိုက်ကာ ပိုင်ရှင်ကိုသတ်ဖြတ်ရန် အစီအစဉ်တွင် ဒွိုင်လီနှင့် ချာနေးတို့အား ကူညီရန် စွပ်စွဲချက်ဖြင့် ရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီးခဲ့သည်။ ၎င်းတို့အား ဖမ်းဆီးရာတွင် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်။

    Ref: CNN

  • IS၊ ဒရုန်းဖြင့် တိုက်ခိုက်မှုနှင့် စီအိုင်အေ၏ ငြှင်းပမ်းမှုအကြောင်းကို စနိုးဒင် ထပ်မံဖွင့်ချ

    IS၊ ဒရုန်းဖြင့် တိုက်ခိုက်မှုနှင့် စီအိုင်အေ၏ ငြှင်းပမ်းမှုအကြောင်းကို စနိုးဒင် ထပ်မံဖွင့်ချ

    နိုဝင်ဘာ ၇၊ ၂၀၁၅
    M-Media

    – အမေရိကန် အမျိုးသား လုံခြုံရေးအေဂျင်စီ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်မှုအတွက် မိမိအနေဖြင့် သက်တောင့်သက်သာရှိသည်ဟု NSA ၀န်ထမ်းဟောင်း အက်ဒ၀ပ် စနိုးဒင်က ဆွီဒင်သတင်းစာ Dagens Nyheter နှင့် အင်တာဗျူးတွင် ပြောကြားလိုက်ပြီး စီအိုင်အေ၏ ညှင်းပန်းနှိပ်စက်မှုများ၊ IS အဖွဲ့နှင့် အမေရိကန်ထောက်လှမ်းရေး၏ လျှို့ဝှက်စောင့်ကြည့်မှု အစီအစဉ်များကိုလည်း ထပ်မံဖွင့်ချခဲ့သည်။

    စနိုးဒင်မှာ လွန်ခဲ့သည့် ၂ နှစ်ခွဲမှ စတင်ကာ NSA မှ အထာက်အထားများကို မီဒီယာများသို့ ဖွင့်ချခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ဖွင့်ချမှုကြောင့် အမေရိကန်အစိုးရက လျှို့ဝှက်ပြုလုပ်နေသော ထောက်လှမ်းရေးအစီအစဉ်များကို ကမ္ဘာကြီးက သိရှိခဲ့ရသည်။ လက်ရှိတွင် စနိုးဒင်မှာ ရုရှားနိုင်ငံ မော်စကိုမြို့တွင် နေထိုင်နေသည်။

    အင်တာဗျူးတွင် စနိုးဒင်က အမေရိကန်အစိုးရနေဖြင့် ၎င်းတို့၏ အမှားများကို ဖြေရှင်းခြင်းထက် အရှက်တကွဲအကျိုးနည်းဖြစ်မှုကို ရှောင်ရှားရန် ထိုအမှားများအား ဖုံးကွယ်ခဲ့သည်ဟု အပြစ်တင်ခဲ့သည်။ စီအိုင်အေ၏ ငြှင်းပန်းနှိပ်စက်မှုများနှင့်ပတ်သက်၍လည်း အမေရိကန်အစိုးရက ကိုင်တွယ်မှုမှာ ရူးနှမ်းသည့်ပုံစံမျိုး ဖြစ်နေသည်ဟု ဆိုသည်။

    “စီအိုင်အေက ၀န်ထမ်းတွေဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖွင့်ချချင်တဲ့ အနေအထားတွေ ရှိနေပါတယ်။ ဒါပေမယ့် သူတို့က စိတ်လေးနေကြတယ်။ တစ်ချို့တွေဆိုရင် သူတို့မြင်နေတွေ့နေရတာတွေကို မခံစားနိုင်တော့လို့ ပြောင်းရွှေ့ပေးဖို့တောင် တောင်းဆိုကြတာတွေ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း သူတို့ တစ်ခုခု လုပ်ချင်ကြပါတယ်။ ဒါပေမယ့် အဲဒီ ကျင့်ဝတ်ဖောက်ဖျက်မှုတွေကို ဖွင့်ချဖို့ လမ်းကြောင်းဖော်ပေးရမယ့်အစား တကယ့်လက်တွေ့မှာတော့ စီအိုအေက ဒီကျူးလွန်မှုတွေကို မှတ်တမ်းမတင်ဖို့ပဲ လုပ်ခိုင်းနေပါတယ်” ဟု စနိုးဒင်က ပြောကြားခဲ့သည်။

    ဒရုန်းကိစ္စ

    အောက်တိုဘာလတွင် Intercept ၀ဘ်ဆိုက်က ယီမင်၊ ပါကစ္စတန်နှင့် အာဖဂန်တို့တွင် အမေရိကန်မှ ပြုလုပ်နေသော ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုများမှာ ပစ်မှတ်ထားသူများထက် ပြည်သူများကိုသာ ပိုမိုသေဆုံးစေခဲ့သည်ဟု လျှို့ဝှက်မှတ်တမ်းမျာကို ကိုးကား၍ ဖော်ပြခဲ့ပြီး စနိုးဒင်ကမူ ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်ခြင်းမှာ တိကျသည့် သတင်းများဖြင့် ပြုလုပ်ခြင်းမဟုတ်ဘဲ ဖုန်းခေါ်ဆိုမှု အချက်အလက်ဖြင့်သာ တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

    “အကြမ်းဖက်သမားက ဖုန်းကိုင်တာလား၊ သူ့အမေက ဖုန်းကိုင်တာလား သူတို့မသိပါဘူး။ ဒါ့ကြောင့်ပဲ သူတို့ရဲ့ တိုက်ခိုက်မှုတွေက လွဲချော်ခဲ့တာဖြစ်ပြီး မင်္ဂလာဆောင်တွေကို သွားသွားထိနေတာပါ။ ဒရုန်းနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို ကျွန်တော် မြင်ရတဲ့အခါ ဒီကိစ္စဟာ တစ်နှစ်တာအတွက် အရေးကြီးတဲ့ လုံခြုံရေး ကိစ္စလားလို့တောင် ကျွန်တော့်စိတ်ထဲမှာ မရှိခဲ့ပါဘူး”

    ထို့ပြင် စနိုးဒင်က ဒရုန်းဖြင့်တိုက်ခိုက်ခြင်းမှာ အကြမ်းဖက်သမားများကို လျော့မသွားစေဘဲ ပို၍ပင် များပြားလာစေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    IS လည်း အမေရိကန်လက်ချက်

    IS နှင့်ပတ်သက်၍လည်း စနိုးဒင်က ထိုအယူအဆမျိုးပင် ရှိနေပြီး အမေရိကန်က ကျူးကျော် သိမ်းပိုက်ခြင်း မပြုမီ IS အဖွဲ့မှာ မရှိဟု ဆိုသည်။

    “လက်ရှိ အရှေ့အလယ်ပိုင်းမှာ ကြုံတွေ့နေရတဲ့ အကြီးဆုံးခြိမ်းခြောက်မှု (IS) က ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ပေါ်လစီကနေ ပေါ်ထွက်လာတာပါ” ဟု စနိုးဒင်က ပြောကြားခဲ့သည်။

    ထို့ပြင် အမေရိကန်မှာ စိတ်ခံစားမှုအတွက်သာ စဉ်းစားပြီး အသိအဥာဏ်ကို အခြေမခံဘဲ အဓိပ္ပါယ်မရှိသည့် တုန့်ပြန်မှုမျိုးကိုသာ ပြုလုပ်ခဲ့ခြင်းဟု ဆိုသည်။

    Ref: RT

  • အမေရိကန် လူဖြူ အစွန်းရောက် အကြမ်းဖက်ဂိုဏ်း၏ အဖွဲ့ဝင်စာရင်းကို Anonymous ထုတ်ပြန်

    အမေရိကန် လူဖြူ အစွန်းရောက် အကြမ်းဖက်ဂိုဏ်း၏ အဖွဲ့ဝင်စာရင်းကို Anonymous ထုတ်ပြန်

    နိုဝင်ဘာ ၃၊ ၂၀၁၅
    M-Media

    anno

    – ကမ္ဘာကျော် ဟက်ကာအဖွဲ့ဖြစ်သော Anonymous အဖွဲ့က လူဖြူအစွန်းရောက်ဂိုဏ်း Ku Klux Klan (KKK သုံးလုံးဂိုဏ်း) အဖွဲ့ဝင်များ၏ ဖုန်းနံပါတ်များနှင့် နေရပ်လိပ်စာအချို့ကို ယမန်နေ့က ထုတ်ပြန်လိုက်ပြီး အမေရိကန် နိုင်ငံရေးသမားများလည်း ပါဝင်နေသည်ဟု သိရသည်။

    အဆိုပါ ဟက်ကာအဖွဲ့မှာ ပြီးခဲ့သည့် သီတင်းပတ်က KKK ဂိုဏ်း၏ ၀ဘ်ဆိုက်များကို ချိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီးနောက် ထိုကဲ့သို့ အဖွဲ့ဝင်များ၏ အချက်အလက်များကို ရရှိခဲ့ခြင်းဖြစ်ပြီး လာမည့် နိုဝင်ဘာလတွင် နောက်ထပ် အဖွဲ့ဝင် ၁၀၀၀ ၏ အမည်၊ ဖုန်းနံပါတ်၊ လိပ်စာများနှင့် ၎င်းတို့ အသုံးပြုနေသည့် Twitter အကောင့်များကိုပါ ထုတ်ပြန်သွားမည်ဟု ကြေငြာခဲ့သည်။

    KKK ဂိုဏ်းဝင်များဟုဆိုကာ ယမန်နေ့က ထုတ်ပြန်ခဲ့မှုတွင် ဖုန်းနံပါတ် ၅၇ ခုနှင့် အီးမေးလ်လိပ်စာ ၂၃ ခုတို့ ပါဝင်ပြီး အမေရိကန်မှ မြို့တော်ဝန်များ၊ နိုင်ငံရေးသမားများ၊ စီးပွားရေးသမားများလည်း ပါဝင်ခဲ့သည်။

    ထိုစာရင်းတွင် ပါဝင်ခဲ့သည့် Lexington မြို့မှ ဒီမိုရက်တစ်မြို့တော်ဝန် ဂျင်မ်ဂရေးကမူ ၎င်းမှာ KKK ဂိုဏ်းနှင့်ပတ်သက်မှု မရှိဟု ဆိုရှယ်မီဒီယာမှတစ်ဆင့် ငြင်းဆိုခဲ့ပြီး အချို့သောသူများကလည်း ထိုကဲ့သို့ ငြင်းဆိုခဲ့ကြသည်။

    အဆိုပါ လူဖြူအစွန်းရောက် KKK ဂိုဏ်းကို အမေရိကန်ပြည်တွင်းစစ်ပြီးနောက် စစ်ရှုံးခဲ့သည့် ကျွန်စနစ်လိုလားသူ တောင်ပိုင်း ကွန်ဖက်ဒရိတ်စစ်သားများက စစ်နိုင်သည့် မြောက်ပိုင်းကို ဆန့်ကျင်ရန် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၁၉၂၀ ပြည့်နှစ်တွင် ထိုအဖွဲ့မှာ အမျိုးသားရေး အစွန်းရောက်ပုံစံ ဖြစ်လာခဲ့ပြီး ဂျူး၊ ခရစ်ယာန်ကက်သလစ်နှင့် လူမည်းမုန်းတီးရေး လုပ်ဆောင်လာကာ ၎င်းတို့အား ဦးတည်သည့် တိုက်ခိုက်မှုများကိုလည်း ဆောင်ရွက်ခဲ့ကြသည်။

    ၁၉၅၀ နှင့် ၁၉၆၀ ပြည့်နှစ်များတွင် ခေတ်စားလာသည့် လူ့အခွင့်အရေး လှုပ်ရှားမှုများကို ဆန့်ကျင်သည့် အနေဖြင့် KKK ဂိုဏ်းမှာ အကြမ်းဖက် တိုက်ခိုက်မှုများကို တိုးမြှင့် လုပ်ဆောင်ခဲ့ကာ နောက်ပိုင်းတွင် အမေရိကန်အစိုးရက လူမျိုးရေးခွဲခြားသည့် အကြမ်းဖက်အဖွဲ့အစည်းဖြစ် သတ်မှတ်၍ နှိမ်နှင်းခဲ့သည်။

    လက်ရှိအချိန်တွင်မူ အဆိုပါ အစွန်းရောက်ဂိုဏ်းမှာ အင်အားနည်းသွားခဲ့သော်လည်း ဆိုရှယ်မီဒီယာများကို အသုံးပြု၍ ၎င်းတို့၏ အစွန်းရောက် အမုန်းဝါဒကို ဖြန့်ဖြူးလျက်ရှိနေသည်။

    Ref: USA Today