နိုဝင်ဘာ ၃၊ ၂၀၁၅
M-Media
– ကမ္ဘာကျော် ဟက်ကာအဖွဲ့ဖြစ်သော Anonymous အဖွဲ့က လူဖြူအစွန်းရောက်ဂိုဏ်း Ku Klux Klan (KKK သုံးလုံးဂိုဏ်း) အဖွဲ့ဝင်များ၏ ဖုန်းနံပါတ်များနှင့် နေရပ်လိပ်စာအချို့ကို ယမန်နေ့က ထုတ်ပြန်လိုက်ပြီး အမေရိကန် နိုင်ငံရေးသမားများလည်း ပါဝင်နေသည်ဟု သိရသည်။
အဆိုပါ ဟက်ကာအဖွဲ့မှာ ပြီးခဲ့သည့် သီတင်းပတ်က KKK ဂိုဏ်း၏ ၀ဘ်ဆိုက်များကို ချိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီးနောက် ထိုကဲ့သို့ အဖွဲ့ဝင်များ၏ အချက်အလက်များကို ရရှိခဲ့ခြင်းဖြစ်ပြီး လာမည့် နိုဝင်ဘာလတွင် နောက်ထပ် အဖွဲ့ဝင် ၁၀၀၀ ၏ အမည်၊ ဖုန်းနံပါတ်၊ လိပ်စာများနှင့် ၎င်းတို့ အသုံးပြုနေသည့် Twitter အကောင့်များကိုပါ ထုတ်ပြန်သွားမည်ဟု ကြေငြာခဲ့သည်။
KKK ဂိုဏ်းဝင်များဟုဆိုကာ ယမန်နေ့က ထုတ်ပြန်ခဲ့မှုတွင် ဖုန်းနံပါတ် ၅၇ ခုနှင့် အီးမေးလ်လိပ်စာ ၂၃ ခုတို့ ပါဝင်ပြီး အမေရိကန်မှ မြို့တော်ဝန်များ၊ နိုင်ငံရေးသမားများ၊ စီးပွားရေးသမားများလည်း ပါဝင်ခဲ့သည်။
ထိုစာရင်းတွင် ပါဝင်ခဲ့သည့် Lexington မြို့မှ ဒီမိုရက်တစ်မြို့တော်ဝန် ဂျင်မ်ဂရေးကမူ ၎င်းမှာ KKK ဂိုဏ်းနှင့်ပတ်သက်မှု မရှိဟု ဆိုရှယ်မီဒီယာမှတစ်ဆင့် ငြင်းဆိုခဲ့ပြီး အချို့သောသူများကလည်း ထိုကဲ့သို့ ငြင်းဆိုခဲ့ကြသည်။
အဆိုပါ လူဖြူအစွန်းရောက် KKK ဂိုဏ်းကို အမေရိကန်ပြည်တွင်းစစ်ပြီးနောက် စစ်ရှုံးခဲ့သည့် ကျွန်စနစ်လိုလားသူ တောင်ပိုင်း ကွန်ဖက်ဒရိတ်စစ်သားများက စစ်နိုင်သည့် မြောက်ပိုင်းကို ဆန့်ကျင်ရန် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၁၉၂၀ ပြည့်နှစ်တွင် ထိုအဖွဲ့မှာ အမျိုးသားရေး အစွန်းရောက်ပုံစံ ဖြစ်လာခဲ့ပြီး ဂျူး၊ ခရစ်ယာန်ကက်သလစ်နှင့် လူမည်းမုန်းတီးရေး လုပ်ဆောင်လာကာ ၎င်းတို့အား ဦးတည်သည့် တိုက်ခိုက်မှုများကိုလည်း ဆောင်ရွက်ခဲ့ကြသည်။
၁၉၅၀ နှင့် ၁၉၆၀ ပြည့်နှစ်များတွင် ခေတ်စားလာသည့် လူ့အခွင့်အရေး လှုပ်ရှားမှုများကို ဆန့်ကျင်သည့် အနေဖြင့် KKK ဂိုဏ်းမှာ အကြမ်းဖက် တိုက်ခိုက်မှုများကို တိုးမြှင့် လုပ်ဆောင်ခဲ့ကာ နောက်ပိုင်းတွင် အမေရိကန်အစိုးရက လူမျိုးရေးခွဲခြားသည့် အကြမ်းဖက်အဖွဲ့အစည်းဖြစ် သတ်မှတ်၍ နှိမ်နှင်းခဲ့သည်။
လက်ရှိအချိန်တွင်မူ အဆိုပါ အစွန်းရောက်ဂိုဏ်းမှာ အင်အားနည်းသွားခဲ့သော်လည်း ဆိုရှယ်မီဒီယာများကို အသုံးပြု၍ ၎င်းတို့၏ အစွန်းရောက် အမုန်းဝါဒကို ဖြန့်ဖြူးလျက်ရှိနေသည်။
Ref: USA Today









