News @ M-Media

Tag: US

  • လူမည်းကျောင်းသူတစ်ဦးအား အမေရိကန်ရဲတပ်ဖွဲ့က ကြမ်းတမ်းစွာဖမ်းဆီးမှု လူ့အခွင့်အရေး ချိုးဖောက်မှုဖြင့် စုံစမ်းမည်

    လူမည်းကျောင်းသူတစ်ဦးအား အမေရိကန်ရဲတပ်ဖွဲ့က ကြမ်းတမ်းစွာဖမ်းဆီးမှု လူ့အခွင့်အရေး ချိုးဖောက်မှုဖြင့် စုံစမ်းမည်

    အောက်တိုဘာ ၂၈၊ ၂၀၁၅
    M-Media

    us

    – တောင်ကယ်ရိုလိုင်းနားရှိ အထက်တန်းကျောင်းတစ်ခုတွင် လူမည်းကျောင်းသူတစ်ဦးအား လူဖြူရဲအရာရှိက မြေပြင်ပေါ်တွင် တရွတ်တိုက်ဆွဲ၍ ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးမှုအတွက် FBI နှင့် အမေရိကန် တရားရေးဝန်ကြီးဌာနတို့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိသည်။

    Spring Valley အထက်တန်းကျောင်းတွင် တနင်္လာနေ့က ဖြစ်ပွားခဲ့သော အဆိုပါအဖြစ်အပျက် ဗီဒီယိုမှာ အင်တာနက်စာမျက်နှာတွင် အလျင်အမြန် ပြန့်နှံ့သွားခဲ့ပြီး ရဲတပ်ဖွဲ့မှာ ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။ FBI အထူးအေးဂျင့် ဒေးဗစ် သောမက်စ်ကမူ မိမိတို့မှာ ထိုအဖြစ်အပျက်အတွက် လူ့အခွင့်အရေးဆိုင်ရာ စုံစမ်စစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု AFP သတင်းဌာနသို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။

    “ဒီအဖြစ်အပျက်မှာ ဖက်ဒရယ်ဥပဒေကို ချိုးဖောက်မှု ရှိခဲ့သလားဆိုတာကို ဆုံးဖြတ်ဖို့ FBI ဟာ အချက်အလက်တွေ၊ အထောက်အထားတွေကို စုဆောင်းနေပါတယ်” ဟု သောမက်စ်က ထည့်သွင်း ပြောကြားခဲ့သည်။

    ထိုအဖြစ်ပျက်အတွက် ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်းဖြစ်မည်ဟု ရေပန်းစားနေသည့် ဟီလာရီ ကလင်တန်ကိုယ်တိုင် ဝေဖန်ခဲ့သည်။

    “စာသင်ကျောင်းထဲက အကြမ်းဖက်မှုအတွက် ဘယ်လို ဆင်ခြေမျိုးမှ မရှိပါဘူး။ ဒီလုပ်ရပ်ဟာ လက်မခံနိုင်စရာပါပဲ။ စာသင်ကျောင်းတွေဟာ လုံခြုံတဲ့နေရာ ဖြစ်သင့်ပါတယ်” ဟု ကလင်တန်က Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    လူမည်းကျောင်းသူအား ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးခဲ့သည့် ရဲတပ်ဖွဲ့ဝင်မှာ ဘန်ဖီးလ်ဖြစ်သည်ဟု အမေရိကန် မီဒီယာများက ဖော်ပြခဲ့ကြပြီး လက်ရှိအချိန်တွင် ၎င်းမှာ တာဝန်မှ ရပ်ဆိုင်းထားခြင်းခံရကာ ရဲတပ်ဖွဲ့အတွင်း စုံစမ်းစစ်ဆေးမှုများလည်း ပြုလုပ်နေသည်။

    ဘန်ဖီးလ်မှာ ၂၀၁၃ ခုနှစ်ကလည်း “လူဆိုးဂိုဏ်းတွင် ပါဝင်မှု၊ ရာဇ၀တ်မှုများ ဆောင်ရွက်မှု စွပ်စွဲချက်များဖြင့် အာဖရိကန်-အမေရိကန် ကျောင်းသားများအား တရားမဲ့စွာနှင့် အဆင်ခြင်မဲ့စွာ ပစ်မှတ်ထားဖမ်းဆီးခဲ့သည်” ဟူသော စွဲချက်များဖြင့် ဖက်ဒရယ်အဆင့်တွင် တရားရင်ဆိုင်ခဲ့ရဖူးသူဟု NBC သတင်းဌာနက ဖော်ပြခဲ့သည်။

    Ref: Aljazeera

  • စပရက်တလေ ကျွန်းစုအနီးမှ အမေရိကန်စစ်သင်္ဘော မောင်းခြင်းမှာ ရန်စခြင်းဟု တရုတ်ပြော

    စပရက်တလေ ကျွန်းစုအနီးမှ အမေရိကန်စစ်သင်္ဘော မောင်းခြင်းမှာ ရန်စခြင်းဟု တရုတ်ပြော

    အောက်တိုဘာ ၂၇၊ ၂၀၁၅
    M-Media

    china

    – တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အငြင်းပွားနေသာ စပရက်တလေကျွန်းစုတွင် တရုတ်က ဆောက်လုပ်နေသည့် ကျွန်းတု၏ အလွန်နီးကပ်သည့် နေရာမှ အမေရိကန်ရေတပ် သင်္ဘောတစ်စီး ယနေ့မနက်စောစောပိုင်းက ဖြတ်သန်းသွားခဲ့ပြီး တရုတ်နိုင်ငံကမူ အမေရိကန်၏ ထိုလုပ်ရပ်က မိမိတို့အား ရန်စခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ပဲ့ထိန်းဒုံးဖျက် USS Lassen စစ်သင်္ဘောဖြစ်ပြီး အိမ်ဖြူတော်က ထိုကဲ့သို့ ဖြတ်သန်းသွားရန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက AP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီကမူ အဆိုပါ အမေရိကန် စစ်သင်္ဘောအနေဖြင့် ကျွန်းစုမှ ၁၂ မိုင်ဇုန်အတွင်း ၀င်ရောက်ခဲ့ခြင်း ရှိ၊ မရှိကို အတည်ပြုရန် ကြိုးစားနေသည်ဟု ပြောကြားခဲ့သည်။

    “တကယ်အမှန်ဆိုရင်တော့ အမေရိကန်အနေနဲ့ အလုပ်မလုပ်ခင် ကြိုစဉ်းစားဖို့ ကျွန်တော်တို့ အကြံပေးလိုပါတယ်။ နမော်နမဲ့ ဒါမှမဟုတ် ဘာမဟုတ်တာအတွက် ပြဿနာရှာတာမျိုး မလုပ်ပါနဲ့”

    Ref: Aljazeera

  • အီရတ်စစ်ပွဲကို သတင်းအမှားဖြင့် ၀င်တိုက်ခဲ့သည်ဟု ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ၀န်ခံ

    အီရတ်စစ်ပွဲကို သတင်းအမှားဖြင့် ၀င်တိုက်ခဲ့သည်ဟု ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ၀န်ခံ

    အောက်တိုဘာ ၂၅၊ ၂၀၁၅
    M-Media

    – အီရတ်တွင် ဖျက်အားပြင်း ဓာတုလက်နက်များ ရှိသည်ဆိုသော ထောက်လှမ်းရေးသတင်းမှာ သတင်းအမှားသာဖြစ်သည်ဟု ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲက ၀န်ခံပြောကြားလိုက်ပြီး အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့သည့် အီရတ်စစ်ပွဲ အမှားများအတွက်လည်း တောင်းပန်လိုက်သည်။

    “ထောက်လှမ်းရေးကရတဲ့ သတင်းဟာ မှားယွင်းတယ်ဆိုတာအတွက် ကျွန်တော် တောင်းပန်ပါတယ်။ အစီအစဉ်ဆွဲမှု အတွင်းမှာ မှားယွင်းမှုတွေနဲ့၊ အာဏာရှင်ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချပြီးနောက်ပိုင်းမှာ ဘာတွေဖြစ်လာမလဲဆိုတာကို ကျွန်တော်တို့တွက်ချက်မှုမှာ တက်တက်စင်အောင် လွဲခဲ့တာတွေအတွက်လည်း ကျွန်တော် တောင်းပန်ပါတယ်” ဟု CNN Europe နှင့် အင်တာဗျူးတွင် တိုနီဘလဲက ပြောကြားခဲ့သည်။

    အဆိုပါ အင်တာဗျူးကို ယနေ့တွင် ဥရောတစ်လွှား၌ ထုတ်လွှင့်ပြသမည်ဖြစ်သည်။ ထို့ပြင် အမေရိကန်နှင့် ဗြိတိန်တို့၏ အီရတ်စစ်ပွဲမှာ IS အဖွဲ့ ပေါ်ထွက်လာမှု၏ “အဓိက အကြောင်းအရင်း” ဖြစ်သလားဟု မေးမြန်းရာတွင်လည်း ဘလဲက တစ်စိတ်တစ်ပိုင်း မှန်ကန်သည်ဟု ၀န်ခံခဲ့သည်။

    “၂၀၀၃ ခုနှစ်မှာ ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချခဲ့တဲ့ ကျွန်တော်တို့ဟာ ဒီ ၂၀၁၅ က အခြေအနေတွေမှာ လုံးဝ တာဝန်မရှိဘူးလို့တော့ ပြောလို့မရပါဘူး”

    တိုနီဘလဲနှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးကလည်း ဘလဲမှာ ထောက်လှမ်းရေး၏ အမှားလုပ်မှုနှင့် အစီအစဉ် မမှန်ကန်မှုများအတွက် အမြဲတမ်း တောင်းပန်ခဲ့ကြောင်း၊ သို့သော်လည်း ဆက်ဒမ်အား ဖြုတ်ချခြင်းမှာ မှားယွင်းမှုတစ်ခုဟု ၎င်းက မထင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

    အီရတ်ကျူးကျော်စစ်အတွင်း ဗြိတိန်အစိုးရ၏ ပါဝင်ပတ်သက်မှုအား စုံးစမ်းရန် ဖွဲ့စည်းထားသော Chilcot အဖွဲ့မှာ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ရန်ရှိနေပြီး ဘလဲ၏ ယခုတောင်းပန်မှုက အစီရင်ခံစာထွက်ပြီးနောက် ဖြစ်ပေါ်လာဖွယ်ရှိနေသည့် ဝေဖန်မှုများအတွက် ကြိုတင် ကာထားခြင်းဖြစ်သည်ဟု စကော့တလန် ပထမ၀န်ကြီးချုပ် နီကိုလာ စတာဂျီယန်က ပြောကြားခဲ့သည်။

    “ဘလဲရဲ့ ဝေ့လည်ကြောင်ပတ်ဇာတ်လမ်းက စပါပြီ။ ဒါပေမယ့် တိုင်းပြည်က အမှန်တရားကို စောင့်ဆိုင်းနေပါတယ်။ Chilcot စုံစမ်းရေးအဖွဲ့က အစီရင်ခံစာ နှောင့်နှေးနေတာကလည်း မသမာမှုပါပဲ” ဟု စတာဂျီယန်က ပြောကြားခဲ့သည်။

    အဆိုပါ စုံစမ်းရေးအဖွဲ့ကို လွန်ခဲ့သည့် ၆ နှစ်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး တစ်နှစ်အတွင်း အပြီး ဆောင်ရွက်ပေးမည်ဟု ထိုစဉ်က ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက အသေအချာ ပြောခဲ့သော်လည်း ယနေ့အချိန်အထိ အစီရင်ခံစာ ထွက်မလာသေးဘဲ နောက်ဆုံးအစီရင်ခံစာကို ထုတ်ပြန်ရန် ရက်အတိအကျကိုလည်း သတ်မှတ်ထားခြင်းမရှိချေ။

    ထိုကဲ့သို့ အစီရင်ခံစာ ထုတ်ပြန်မှု အလွန်အမင်း နောက်ကျနေခြင်းက တိုနီဘလဲအပါအ၀င် အီရတ်စစ်ပွဲအတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်ရနိုင်သူများ အစီရင်ခံစာ ထွက်မလာခင် အမြင်လှအောင် လုပ်ဆောင်ရန် အခွင့်အရေး ရစေခဲ့သည်။

    စစ်ပွဲအတွင်း သေဆုံးသွားသော စစ်သားများ၏ မိသားစု ဆွေမျိုးများကမူ ထိုအစီရင်ခံစာထွက်မည့်ရက်ကို သတ်မှတ်ထုတ်ပြန်ခြင်း မရှိပါက တရားဥပဒေအရ တုန့်ပြန်သွားမည်ဟု ခြိမ်းခြောက်ထားသည်။

    အမေရိကန်၏ အီရတ်ကျူးကျော်စစ်တွင် ပါဝင်ရန် တိုနီဘလဲက ဆုံးဖြတ်ချက်ချသည့်အချိန်တွင် ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် လော့ဒ် ဘလန့်ကတ်က ဆက်ဒမ်အား ဖြုတ်ချအပြီး ဆောင်ရွက်မည့်ကိစ္စနှင့်ပတ်သက်၍ ဘလဲထံမှ ရေရေရာရာ မသိခဲ့ရဟု ဆိုသည်။

    “စစ်ဆင်ရေး ပြီးသွားတဲ့အခါ ဘာဖြစ်မလဲဆိုတာကို တိုနီက ဘာမှမပြောနိုင်ခဲ့ပါဘူး။ သူက ဒစ်ချေနီ (အမေရိကန် ဒုတိယသမ္မတ) နဲ့ ဒေါ်နယ်လ်ရမ်းစဖဲလ် (အမေရိကန် ကာကွယ်ရေးဝန်ကြီး) တို့ကို ယုံကြည်ဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ယနေ့တွင် Dailymail သို့ ပြောကြားခဲ့သည်။

    “ပြန်ပြောင်းတွေးကြည့်တဲ့အခါ အစိုးရယန္တရားတစ်ခုလုံးကို ဖြုတ်ချခြင်းအားဖြင့် ဆက်ဒမ်ရဲ့ ဘာ့သ်ပါတီ သြဇာလွှမ်းမိုးမှုကို လုံးဝ ဖြိုဖျက်ဖို့ဆိုတဲ့အပေါ် သူတို့ ပါဝင်ခဲ့တာလို့ အခု ကျွန်တော်တို့ သိရှိရပါတယ်။ ဒါက တကယ်အလုပ်လုပ်နိုင်တဲ့ ဘယ်လိုအစိုးရမျိုးကိုမှ ဖွဲ့လို့မရတာ၊ ထိမ်းမနိုင်သိမ်းမရအခြေအနေမျိုးတွေ ဖြစ်လာတာဆီကိုပဲ ဦးတည်ခဲ့ပါတယ်”

    “တိုနီဘလဲကို ဓားစာခံလုပ်တာတော့ မဟုတ်ပါဘူး။ အမေရိကန်အပေါ်မှာ ကျွန်တော်တို့ဟာ ပိုကြီးများတဲ့ လွှမ်းမိုးမှု ရှိမယ်လို့ ယုံကြည်ထင်မှတ်ပြီး မှောက်မှားသွားတဲ့ ဒီကိစ္စအတွက် ကျွန်တော်တို့အားလုံးကို အပြစ်တင်ရမှာပါ”

    ထို့ပြင် ထိုစုံစမ်းစစ်ဆေးမှု၏ တွေ့ရှိချက်များနှင့် ပတ်သက်၍ ကနဦးအစီရင်ခံစာကို အလျင်အမြန် ထုတ်ပြန်ခြင်း မရှိပါက၊ အစီရင်ခံစာတစ်ခုလုံးမှာ ယုံကြည်၍မရဟူသော အခြေအနေအထိ ဖြစ်သွားနိုင်သည်ဟုလည်း ၎င်းက ထည့်သွင်းသတိပေးခဲ့သည်။

    Ref: Gurdian

  • ကာကွယ်ရေးအသုံးစားရိတ် ဥပဒေတစ်ခုကို အိုဘားမား ဗီတိုသုံး၍ ပယ်ချ

    ကာကွယ်ရေးအသုံးစားရိတ် ဥပဒေတစ်ခုကို အိုဘားမား ဗီတိုသုံး၍ ပယ်ချ

    အောက်တိုဘာ ၂၃၊ ၂၀၁၅
    M-Media

    obama

    – အမေရိကန် အထက်လွှတ်တော်မှ ပေးပို့သည့် ကန်ဒေါ်လာ ၆၁၂ ဘီလီယံ တန်ဖိုးရှိ ကာကွယ်ရေးအသုံးစားရိတ် ဥပဒေမူကြမ်းကို သမ္မတအိုဘားမားက ယမန်နေ့တွင် ဗီတိုသုံး၍ ပယ်ချလိုက်ပြီး ထိုဥပဒေအား အထက်လွှတ်တော်က လက်ခံမှုမှာ စိတ်ပျက်စရာဖြစ်သည်ဟု ပြောကြားလိုက်သည်။

    ထိုမူကြမ်းကို လက်မှတ်ရေးထိုး အတည်ပြုရန် အင်္ဂါနေ့က အိုဘားမားထံသို့ ပေးပို့ခဲ့ခြင်းဖြစ်ပြီး၊ ၎င်းက ထိုဥပဒေမှာ ထွင်လုံးသာဖြစ်ကာ မလိုအပ်သော အစီအစဉ်များအတွက် ငွေကြေးဖြုန်းတီးခြင်း၊ ဂွာတာနာမို စစ်အကျဉ်းစခန်း ပိတ်ပစ်ရန်အတွက် အတားအဆီးဖြစ်နေခြင်းတို့ကြောင့် ပယ်ချခဲ့ခြင်းဟု ပြောကြားခဲ့သည်။ ထို့ပြင် ထိုဘက်ဂျက်များက နိုင်ငံ၏ စစ်တပ်အား အဆင့်မြှင့်တင်ရေးအတွက် လိုအပ်သော ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရန် အဟန့်အတားဖြစ်နေသည်ဟုလည်း ၎င်းထည့်သွင်းပြောကြားခဲ့သည်။

    အမေရိကန်မှာ ကမ္ဘာပေါ်တွင် စစ်တပ်အတွက် ဘက်ဂျက်အများဆုံး သုံးစွဲသည့် နိုင်ငံဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ကန်ဒေါ်လာ ၆၁၀ ဘီလီယံ သုံးစွဲခဲ့သည်။ တရုတ်နိုင်ငံကမူ ၂၁၄ ဘီလီယံဖြင့် ဒုတိယလိုက်ပြီး၊ ရုရှားမှာ ၈၄.၅ ဘီလီယံဖြင့် တတိယနေရာတွင် ရှိနေသည်။

    Ref: PressTV

  • ဆီးရီးယားလေပိုင်နက်အတွင်း ထိပ်တိုက်မတွေ့ရန် ရုရှားနှင့် အမေရိကန်တို့ စာချုပ်ချုပ်

    ဆီးရီးယားလေပိုင်နက်အတွင်း ထိပ်တိုက်မတွေ့ရန် ရုရှားနှင့် အမေရိကန်တို့ စာချုပ်ချုပ်

    အောက်တိုဘာ ၂၁၊ ၂၀၁၅
    M-Media

    air

    – မတူညီသော လက်နက်ကိုင်များကို ဆီးရီးယားလေပိုင်နက်အတွင်း ဗုံးကြဲတိုက်ခိုက်ရာတွင် နှစ်ဖက်တိုက်လေယာဉ်များ ထိပ်တိုက်တွေ့ခြင်းကို ရှောင်ရှားရန်အပါအ၀င် နားလည်မှုစာချွန်လွှာတစ်ခုကို ရုရှားနှင့် အမေရိကန်စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့သည်ဟု ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားလိုက်သည်။

    ရုရှားက ပြီးခဲ့သည့်လတွင် ဆီးရီးယား၌ ဗုံးကြဲမှုများ စတင်ပြုလုပ်ခဲ့ပြီးနောက် IS အဖွဲ့အား ဗုံးကြဲနေသည့် အမေရိကန်စစ်တပ်နှင့် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့သည်။ ပင်တဂွန်ကမူ ၎င်းတို့ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့လေယာဉ်များမှာ ရုရှားလေယာဉ်များကို ရှောင်ရှားရန်အတွက် အနည်းဆုံးတစ်ကြိမ် လမ်းကြောင်းပြောင်းခဲ့ရသည်ဟု ကြေငြာခဲ့သည်။

    ယခုနားလည်မှုစာချွန်လွှာအား ရုရှား၏ မေတ္တာရပ်ခံချက်ကြောင့် အသေးစိတ်ထုတ်ပြန်ခဲ့ခြင်း မရှိဘဲ လေတပ်များ လိုက်နာရမည့် စည်းကမ်းများ၊ နှစ်ဖက်တပ်ဖွဲ့များအနေဖြင့် လေကြောင်းဆက်သွယ်ရေး ဆောင်ရွက်၍ မရပါက မြေပြင်ဆက်သွယ်ရေး ဆောင်ရွက်ရန်ကိစ္စများ ပါဝင်သည်ဟု သိရသည်။

    Ref: Aljazeera