6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၄ ၊ ၂၀၁၅
M-Media
ဆောင်းပါးရှင်- K (ရန်ကုန်တက္ကသိုလ်)
Uphaykhin

တောင်တန်းပူးပေါင်းပြီး လွတ်လပ်ရေးရယူဖို့ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ဖဆပလအဖွဲ့ချုပ်ကြီးက မားမားမတ်မတ် ဆောင်ရွက်ခဲ့ရာမှာ ဤအဖွဲ့ချုပ်ကြီး၏ လုပ်ငန်းတာဝန်အချို့ကို နောက်တန်းကနေပြီး အပင်ပန်းဆင်းရဲခံပြီး ဆောင်ရွက်ခဲ့သူမှာ မည်သူနည်း။

သံအမတ်ကြီး ဦးဖေခင်ပင်ဖြစ်သည်။ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်ပြီး (၁၉၁၂) ခုနှစ် သြဂုတ်လ (၂၇)ရက်မှာ ပျော်ဘွယ်မြို့မှာ ဖွားမြင်ခဲ့သူ ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းထက် အသက်သုံးနှစ်ကြီးသည်။

(၁၀၃) နှစ်ပြည့် ဦးဖေခင်၏ ရာပြည့်ကိုလည်း အထူးဂုဏ်ယူစွာကျင်းပလိုက်သည်သာ။ မေ့လျော့မနေသင့်ပါ။ ပြည်တွင်းပြည်ပ မွတ်စလင်များအားလုံးမှာ တာဝန်ရှိပါသည်ဟု ဆိုပါရစေသား။

ဦးဖေခင်သည် အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်နှင့် မြန်မာမွတ်စလင် အမျိုးသားရေးရာ အဖွဲ့ချုပ်တို့၏ ရာသက်ပန် နာယကကြီးဖြစ်သည်။ ပျော်ဘွယ်သားများ အပါအဝင် အစ္စလာမ်ဘာသာဝင်အားလုံးမှာ ဦးဖေခင် ရာပြည့်အလွန် အတွက် တာဝန်ရှိပါသည်။
General-Aung-San-and-U-Phay-Khin
ပြည်ထောင်စုမြန်မာနိုင်ငံတော် ဟူ၍ ၁၉၄၈-ခု၊ ဇန်နဝါရီလ ၄-ရက်နေ့က ကမ္ဘာ့မြေပုံပေါ်တွင် ကြွားဝင့်စွာ ဖြစ်ပေါ်စေခဲ့သော မြန်မာနိုင်ငံ၏ ကံကြမ္မာကို ၁၉၄၇-ခုနှစ်၊ ဖေဖော်ဝါရီ ၁၂-ရက်နေ့ ရှမ်းပြည်တောင်ပိုင်း ပင်လုံကုန်းမြင့်၌ ဗိုလ်ချုပ်အောင်ဆန်း အမှုးပြုသော တိုင်းရင်းသားမျိုးနွယ်စု ကိုယ်စားလှယ် ၂၂-ဦးတို့က ဖန်တီးခဲ့ခြင်းဖြစ်ကြောင်းကို ယနေ့အများပြည်သူတို့က သိပြီးဖြစ်ပါသည်။

အကြောင်းမူကား ထိုနေ့ ၁၂-၂-၁၉၄၇ နေ့က တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး၏ အမှတ်အသားဖြစ်သော “ပင်လုံစာချုပ်ကြီး” အောင်မြင်စွာ လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့သောကြောင့် ပင်တည်း။

သို့ရာတွင် ၁၉၄၇ခုနှစ် ပင်လုံစာချုပ်၏ အဓိကဇာတ်ဆောင်ကိုလည်း သိရှိ မှတ်သားသင့်သည်။ အဓိကအားဖြင့် ၁၉၄၆ ခုနှစ်က ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာပင် ပြုလုပ်ခဲ့သော “ပထမပင်လုံ ကွန်ဖရင့်”ကို ဆိုလိုပါသည်။

ယင်း “ပထမပင်လုံကွန်ဖရင့်” ၏ ဇာတ်ကြောင်းကား ဤသို့တည်း။
Uphaykhin3
၁၉၄၁-ခုနှစ် သြဂုတ်လဆန်းတွင် ဒုတိယကမ္ကာစစ်ကြီး တရားဝင်ပြီးဆုံးသွားချိန်၌ ဗိုလ်ချုပ်အောင်ဆန်းသည် မဟာမိတ်တပ်ပေါင်းစုံ သေနာပတိချုပ်ရေတပ်ဗိုလ်ချုပ်ကြီး မောင့်ဘက်တန်းက ဗိုလ်မှူးချုပ်ရာထူးဖြင့် အသစ်ပြန်လည် ဖွဲ့စည်းလာခဲ့သော ဗမာ့တပ်မတော်ကို ကွက်ကဲအုပ်ချုပ်ပါ ဟူသော ကမ်းလှမ်းချက်ကို ငြင်းပယ်ကာ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွှတ်တော် အဖွဲ့ချုပ်တည်း ဟူသော အမျိုးသားတပ်ဦးကြီးကို ဦးစီးခေါင်းဆောင်လျက် ဗြိတိသျှနယ်ချဲ့လက်အောက်မှ အပြီးအပိုင် လွတ်မြောက်ရေးအတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အထူးတည်ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

သူ၏ အမျိုးသားတပ်ဦးကြီးတွင် မန်းဘခိုင် (ကရင်)၊ ဦးအောင်ဇံဝေ (ရခိုင်) စသော တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်များကို ဗဟိုဦးစီးအဖွဲ့ဝင်များဖြင့် စည်းရုံးသိမ်းသွင်းထားခဲ့ပြီး ၁၉၄၅-ခုနှစ်၊ ဒီဇင်ဘာလတွင် ကချင်ခေါင်းဆောင် “ဆမားဒူးဝါးဆင်ဝါးနောင်” ကိုလည်း ဆက်သွယ်စည်းရုံးခဲ့၏။ “ဗမက” ခေါ် ဗမာ့မွတ်စလင်ကွန်ဂရက်မှ ဆရာကြီးဦးရာဇတ်၊ ဦးဖေခင် (ယခုနိုင်ငံဂုဏ်ရည် ပထမအဆင့်)၊ ဦးခင်မောင်လတ် (ကွယ်လွန်သူ ဝန်ကြီးဟောင်း) စသော ပုဂ္ဂိုလ်များကို လည်းကောင်း၊ ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်ကဲ့သို့ ပုဂ္ဂိုလ်များကို လည်းကောင်း စည်းရုံးနိုင်ခဲ့ပြီးဖြစ်၏။ ရှမ်းပြည်နယ်မှ လူထုခေါင်းဆောင် ဦးတင်အေး (နိုင်ငံတော်ကောင်စီဝင် ဖြစ်လာသူ) လင်းခေးဦးထွန်းမြင့်စသော ပုဂ္ဂိုလ်များကိုလည်း စည်းရုံးနိုင်ပြီ ဖြစ်လေသည်။

၁၉၄၆-ခုနှစ်ဆန်းလတ်သော ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုသမားက ရိပ်စားမိရုံမက တန်ပြန် ထိုးစစ်ဆင်သည့် သဘော ဗိုလ်ချုပ်အောင်ဆန်းအား နိုင်ငံရေးအရ ထိုးနှက်တိုက်ဖျက်ရန် ဥာဏ်နီဥာဏ်နက် ထုတ်လေတော့သည်။

မကြာမီအလွန်ပိရိသော အကြံအစည်တစ်ခုကို ဗြိတိသျှတို့အား စိတ်ကူးရခဲ့လေရာ ယင်းအကြံအစည်ကို အကောင်အထည်ဖော်ရသူကတော့ ထိုအချိန်ကတော့ မြန်မာပြည်ဘုရင်ခံ “ဆာ- ဒေါ်မန်စမစ်” ဖြစ်လေသည်။

၁၉၄၆-ခုနှစ်၊ မတ်လဆန်းတွင် ဗိုလ်ချုပ်အောင်ဆန်းသည် သခင်မြ၊ ဟသာင်္တ ဦးမြ၊ ဦးအောင်ဇံဝေ စသော ခေါင်းဆောင်များနှင့်အတူ ရခိုင်ပြည်နယ်သို့ စည်းရုံးရေးထွက်ခဲ့၏။ အစိုးရအာဏာမရသေးသော ကာလဖြစ်၍ ဗိုလ်ချုပ်တို့အဖွဲ့မှ အဆောင်အယောင် အခွင့်အရေး ဘာမျှမရှိ၊ နယ်ထွက်ရာ၌ စီးစရာယာဉ်လည်းမရှိဘဲ အလွန်ဆင်းရဲပင်ပန်းစွာ ပန်းတောင်းမြို့မှတစ်ဆင့် တောင်ကုတ်လမ်းအတိုင်း ရခိုင်သို့သွားခဲ့ရ၏။

ဗိုလ်ချုပ်အောင်ဆန်း ရန်ကုန်မြို့တွင် မရှိသည့်အချိန်ကို တွက်ချက်ပြီးနောက် အကွက်စေ့စေ့ လုပ်တတ်သူ ဗြိတိသျှဘုရင်ခံ ဆာ- ဒေါ်မန်စမစ်ကိုယ်တိုင် ကမကထပြုလျက် တောင်တန်းဒေသမှ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များအား ဖိတ်ခေါ်၍ အထူးအစည်းအဝေး တစ်ရပ်ကို ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ကျင်းပပြုလုပ်ခဲ့လေသည်။

ဤကား “ပင်လုံကွန်းဖရင့်တည်း”။

ဗိုလ်ချုပ်အောင်ဆန်းသည် ဗြိတိသျှဘုရင်ခံ ဦးစီးကွပ်ကဲ၍ ကျင်းပမည့် ပင်လုံ ကွန်ဖရင့်အကြောင်း သတင်းကို ရခိုင်ပြည်သို့ ခရီးထွက်အံ့ဆဲဆဲ အချိန်ကျမှ သိရလေသည်။ ရခိုင်ပြည်နယ်၌ စည်းရုံးရေးလုပ်ငန်းများ အစီအစဉ် ကြိုတင်ရေးဆွဲ ပြင်ဆင်ထားပြီးဖြစ်၍ ရခိုင်ခရီးစဉ်ကို မည်သို့မျှ ဖျက်၍မရနိုင်တော့။ ပင်လုံမြို့တွင် ဗြိတိသျှတို့က တောင်တန်းဒေသ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များအား ဖြားယောင်းစည်းရုံးရန် ကြိုးစားလိမ့်မည်ဟုလည်း ဗိုလ်ချုပ်က တထစ်ချသိနေသဖြင့် သူကိုယ်တိုင် ပင်လုံမြို့သို့ လိုက်သွားချင်သည်။

သို့သော် သွားရန်မဖြစ်နိုင်သောကြောင့် နောက်ဆုံးတွင် ဗိုလ်ချုပ်သည် ဖဆပလ အဖွဲ့ချုပ် ဒုတိယဥက္ကဌဦးနုနှင့် ရှမ်းပြည်တောင်ကြီးမြို့မှ ဦးဖေခင် (ဗဟိုဦးစီးအဖွဲ့ဝင်) တို့အား ပင်လုံသို့ လွှတ်လိုက်လေသည်။ သို့ရာတွင် ဦးနုနှင့် ဦးဖေခင်တို့မှာ ပင်လုံတွင် “လေ့လာသူများ”အဖြစ်သာ တက်ရောက်ခွင့်ရသဖြင့် လုံးဝ ပါဝင်ဆွေးနွေးပြောဆိုခွင့် မရခဲ့ကြပါချေ။

၁၉၄၆ ခုနှစ်၊ ပထမ ပင်လုံညီလာခံ၌ အဓိကဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့သည်ကား (United Hill People’s Orginization ) ပင်လုံမြို့သို့ ကြိုတင်သွားရောက်လျက် တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များအား ကြိုစားစည်းရုံးခဲ့လေသည်။

ထို့ကြောင့် ၁၉၄၇-ခုနှစ်၊ဖေဖော်ဝါရီလ ၁၂-ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုလျက် လူမျိုးစု ခေါင်းဆောင် ၂၂-ဦးတို့သည် သမိုင်းဝင် ပင်လုံညီညွတ်ရေး စာချုပ်ကြီးကို မိနစ်ပိုင်းအတွင်း အောင်မြင်စွာ လတ်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့ကြ လေသည်။

ဗြိတိသျှနယ်ချဲ့သမားမှာလည်း မှန်းချက်နှင့် နှမ်းထွက်မကိုက်ဘဲ လက်မှိုင်ချသွားရလေတော့သည်။

လုပ်သားပြည်သူ အပေါင်းတို့သည် အတိတ်က အထက်ဖော်ပြပါဖြစ်ရပ်များကို ပြန်လည် ဆင်ခြင်သုံးသပ်ကာ ဖေဖော်ဝါရီ ၁၂-ရက်နေ့ ကျင်းပသည့် ကျိုက္ကဆံကွင်း ပြည်ထောင်စုနေ့ လူထုအစည်းအဝေးပွဲကြီးသို့ နိုင်ငံရေးဦးတည်ချက် သုံးရပ်ကိုပါ အလေးအနက်နှလုံးသွင်းလျက် စိတ်ပါတက်ကြွစွာဖြင့် ချီတက်သင့်ကြကြောင်း နှိုးဆော်တိုက်တွန်းလိုက်ရပါသတည်း။

(ရည်ညွှန်း   ။    ။     တက္ကသိုလ်နေဝင်း၏ “ပထမပင်လုံကွန်ဖရင့်”၊ လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ၊ ၁၉၈၆ ခု၊ ဖေဖော်ဝါရီလ ၁၂ ရက်၊ ဗုဒ္ဒဟူးနေ့)

= = = = = = = = = = =

ပြည်ထောင်စုနေ့ ပေါ်ပေါက်လာပုံ

1st-Pinlong-agreement-02
၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် သမိုင်းဝင်ပင်လုံစာချုပ် ချုပ်ဆိုခဲ့သည်။ ပြည်ထောင်စုနေ့ ပေါ်ပေါက်လာပုံ ထူးခြားဖြစ်စဉ်ရက်စွဲအချို့နှင့် ပင်လုံစာချုပ်၌ လတ်မှတ်ရေးထိုးခဲ့သော ပုဂ္ဂိုလ်များစာရင်းကို ဖော်ပြလိုပါသည်။

၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀
ဖဆပလပြည်လုံးကျွတ်ညီလာခံ (ရွှေတိဂုံ အလယ်ပစ္စယံညီလာခံကြီး) တွင်အဆို (၇) ရပ် တင်သွင်းခဲ့ရာ အဆိုအမှတ် (၇) မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့်အခါ ရှမ်းပြည်နယ်အပါအဝင် တောင်တန်းဒေသအားလုံးကို မြန်မာပြည်နှင့် တစ်စုတစ်စည်းတည်း ပေါင်းစည်းရေးအဆို ဖြစ်၏။

၁၉၄၆ ခုနှစ်၊ မတ်လ ၁ မှ ၁၂
ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် တိုင်းရင်းသားခေါင်းဆောင်အချို့နှင့် သခင်နု၊ ဦးဖေခင် အစရှိသည့် ပုဂ္ဂိုလ်များ တောင်တန်းနှင့် ပြည်တစ်သားတည်းဖြစ်ရေး ဆွေးနွေးခဲ့သည်။

၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၁၃
မြန်မာ့လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော  မြန်မာကိုယ်စားလှယ် အဖွဲ့ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့သို့ သွားရောက်၍ နန်းရင်းဝန်ကလီးမင့် (က်) အက်တလီ Clement Attle ခေါင်းဆောင်သော ဗြိတိသျှကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးခဲ့သည်။

၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇
အောင်ဆန်း- အက်တလီစာချုပ် လတ်မှတ်ရေးထိုးခဲ့သည်။

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၎
ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလန်မှပြန်ရောက်လာပြီး နန်းရင်းဝန်အက်တလီနှင့် စာချုပ်အကြောင်း တိုင်းပြည်သို့ ထုတ်လွှင့်အစီရင်ခံခဲ့သည်။

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၈
အောင်ဆန်း-အက်တလီစာချုပ်တွင်ပါဝင်သော မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးသည့်အခါ တောင်တန်းဒေသများကိုပါ တစ်ပါတည်းထည့်သွင်းပေးရန်ကိစ္စနှင့် ပတ်သက်၍ တောင်တန်းဒေသသား တို့၏ သဘောထားကို လေ့လာရန်လိုအပ်ကြောင်း ယင်းတွင် ပင်လုံဆွေးနွေးပွဲတွင် ဖြစ်စေ၊ အစည်းအဝေးတစ်ရပ် ခေါ်ယူ၍ဖြစ်စေ လေ့လာရန်ဟူသော အချက်အရ ပင်လုံညီလာခံသို့ တက်ရောက်ရန် ဗိုလ်ချုပ်အောင်ဆန်း မိတ္ထီလာမြို့သို့ လေယာဉ်ဖြင့်ထွက်ခွာခဲ့သည်။

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၉ မှ ၁၁
ပင်လုံစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် တောင်တန်းဒေသခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ညှိနှိုင်းဆွေးနွေးမှုပြုသည်။

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂
ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသခေါင်းဆောင် (၂၂) ဦးပါဝင်သော ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

ပင်လုံစာချုပ်ချုပ်ဆိုခဲ့သည့် ပုဂ္ဂိုလ်များစာရင်း
မြန်မာနိုင်ငံတော်အစိုးရ
– ဗိုလ်ချုပ်အောင်ဆန်း

ရှမ်းကော်မတီ
၁။ ခွန်ပန်းစိန်    – တောင်ပိုင်စဝ်ဖလုံ
၂။ စပ်ရွှေသိုက်    – ညောင်ရွှေစင်ဖလုံ
၃။ စဝ်ဟုံဖ        – မြောက်သန္နီစဝ်ဖလုံ
၎။ စဝ်နွံ        – လဲချားစဝ်ဖလုံ
၅။ စဝ်စံထွန်း    – မိုင်းပွန်စဝ်ဖလုံ
၆။ စဝ်ထွန်းအေး    – သာမိုင်းခမ်းစဝ်ဖလုံ
၇။ ဦးဖြူ        – သထုံမြို့စားကိုယ်စားလှယ်
၈။ ခွန်ပန်း        – လူထုကိုယ်စားလှယ်
၉။ ဦးတင်ဧ    – လူထုကိုယ်စားလှယ်
၁၀။ ဦးထွန်းမြင့်    – လူထုကိုယ်စားလှယ်
၁၁။ စဝ်ယိပ်ဖ    – လူထုကိုယ်စားလှယ်
၁၂။ ဦးခွန်ထီး    – လူထုကိုယ်စားလှယ်
၁၃။ ဦးကြာပု    – လူထုကိုယ်စားလှယ်
၁၄။ ဦးခွန်စော`    – လူထုကိုယ်စားလှယ်

ကချင်ကော်မတီ
၁။ ဆမားဒူးဝါးဆင်ဝါးနောင်    – မြစ်ကြီးနား
၂။ ဒူးဝါးဇော်ရစ်        – မြစ်ကြီးနား
၃။ ဦးဒင်းရတန်        – မြစ်ကြီးနား
၎။ ဒူးဝါးဇော်ထွန်း        – ဗန်းမော်
၅။ လဗန်ဂရောင်း        – ဗန်းမော်

ချင်းကော်မတီ
၁။ ဦးလွှာမုန်း    – ဖလမ်း
၂။ ဦးသောင်ဇာခုပ်    – တီးတိန်
၃။ ဦးကွယ်မန်း    – ဟားခါး

ထိုစဉ်ကဆိုလျှင် ပင်လုံကား မထင်ရှားသော ရွာကလေးမျှသာတည်း။ စော်ဘွားရုံးစိုက် ရာမြို့ကား လဲချားဖြစ်၏။ အင်္ဂလန်အစိုးရတို့ ရုံးစိုက်မြို့လည်း မဟုတ်။ အင်္ဂလန်အစိုးရတို့ ရုံးစိုက်ရာမြို့ကား လွယ်လင်ဖြစ်၏။ ပင်လုံသည် လံချာမြို့နှင့် လွယ်လင်မြို့အကြားတွင်  တည်ရှိ၏။ ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီးမြို့နှင့် မိုင် ၆၀ ခန့်ဝေး၏။

ပင်လုံသည် အုပ်ချုပ်ရေးအားဖြင့်သာ အရေးမပါသည် မဟုတ်။ စီးပွားရေးအားဖြင့်လည်း ရှမ်းဖက် (သနပ်ဖက်) အရောင်းအဝယ်သာလျှင် အသင့်အတင့် ဖြစ်ထွန်း၏။ ထို့ပြင် လမ်းပန်းအဆက်အသွယ် အားဖြင့်လည်း ကားလမ်းတစ်လမ်းတည်းသာလျှင်ရှိ၏။ ရှမ်းပြည်နယ်တောင်ပိုင်း ရထားလမ်းဆုံရာဖြစ်သော ရွှေညောင်မြို့နှင့် မိုင်ပေါင်း ၇၀ ကျော် ကွာလှမ်း၏။ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ၊ လားရှိုး စသည်တို့နှင့်လည်း မိုင်ပေါင်း ရာကျော်ကွာဝေး၏။ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့်လည်း ထိုနည်းလည်းကောင်း ကွာလှမ်း၏။ မည်သည့်ဒေသမှပင် သွားသည်ဖြစ်စေ တောင်အထပ်ထပ် လျှိအတန်တန် ခဲယဉ်းပင်ပန်းစွာ ကျော်ဖြတ်ပြီးသွားမှသာလျှင် ပင်လုံသို့ရောက်မည်ဖြစ်၏။ ဤသို့လျှင် ပင်လုံသည် မထင်ရှားသော ရွာကလေးအဖြစ်နှင့် ရှမ်းပြည်နယ်အလယ်ပိုင်းတွင် အေးဆေးငြိမ်သက်စွာ ဘာသာဘာဝ တည်ရှိနေလေသည်။ (ထိုစဉ်က ပင်လုံရွာ၏သူကြီးမှာ ဂျမားလ်ခန်းဟူသော အစ္စလာမ်ဘာသာဝင်တစ်ဦး ဖြစ်သည်ဟု စာဆိုသုတေသီ ဗိုလ်ဒွေး (ကွယ်လွန်) ကပြောပြခဲ့သည်။ သူ့အိမ်တွင် ရွာသူကြီး ဂျမားလ်ခါးန်၏ ဓါတ်ပုံကို အမြတ်တနိုး ထိန်းသိမ်းထားရာ ဤစာရေးသူနှင့် ဒေါက်တာသန်းဝင်းတို့ တွေ့ရှိခဲ့ရပါသည်။)

ညောင်ရွှေမြို့မှာ ဟောခဲ့တာ
၁၆၄၆ ခု၊ ဒီဇင်ဘာ ၂၆ ရက် နံနက်က ညောင်ရွှေစော်ဘွားကြီး၏ စီရင်ချက်အရ ကျင်းပသော လူထုတရားပွဲကြီး၌ ဗိုလ်ချုပ်က ဤသို့ဟောပြောခဲ့၏။ (ဦးပုကလေး ရေးသားသော “ငါတို့ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ” မှ)

“ဗမာပြည်တော့ မကြာမီ လွတ်လပ်ရေးရတော့မယ်။ ရှမ်းပြည်ကိုတော့ အင်္ဂလိပ်က ခြေကုပ်ထားပြီး အခွင့်အရေးတွေကို သူတို့လက်ထဲမှာထားဖို့ စိတ်ကူးရှိနေကြတယ်။ ရာဇဝင်မှာကြည့်ရင် တိုင်းပြည်တစ်ပြည်က အခြားတိုင်းပြည်တစ်ပြည်ကို သိမ်းပိုက်ထားတာဟာ စေတနာရှိလို့မဟုတ်ဘူး။ လိုချင်လို့ သိမ်းပိုက်ထားတာဖြစ်တယ်။ လက်လွှတ်ကြပြန်တော့လည်း လက်မလွှတ်ချင်ကြဘူး။ ဒါပေမယ့် ဗမာပြည်ကို လက်မလွှတ်ရင်မဖြစ်တဲ့အနေ ရောက်နေတယ်။ ကမ္ဘာစစ်ကြီးပြီးကတည်းက နိုင်ငံတကာ အခွင့်အရေးတွေဟာ ဒီမိုကရေစီစနစ်အရ သ မ္မတအုပ်ချုပ်တဲ့တိုင်းပြည်များ ဖြစ်လာကြရတယ်။ စာပေကျမ်းဂန်များမှာ ပါရှိတဲ့အတိုင်း ရှေးအခါများက တိုင်းပြည်သူသားတွေဟာ မူလ (သမ္မတ) တင်မြှောက်ကြရတယ်။ ဓီသမ္မတဟာ မင်းကျင့်တရား (၁၀) ပါးကို လိုက်နာကျင့်ကြံကြရတယ်။ (အဝိရောဓနတရား) ကိုဆန့်ကျင်လျှင် တိုင်းပြည်ကပေးတဲ့ပြစ်ဒဏ်ကို ခံရတယ်။ ဥပမာ ဝေသန္တရာမင်းကြီးဟာ တိုင်းပြည်ရဲ့အလိုနဲ့ ဆန့်ကျင်တဲ့အတွက် တိုင်းပြည်မှနှင်ထုတ်ခြင်း ခံရတာဖြစ်တယ်။ ယခုအခါလည်း အဲဒီခေတ်မျိုး ပြန်ရောက်လာတယ်။

ကျွန်တော်တို့က ရှမ်းပြည်ကို လွတ်လပ်စေချင်တယ်။ လွတ်လပ်တယ်ဆိုတာမှာလည်း တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ နိုင်ငံခြားအစိုးရက ချုပ်ချယ်မှုမရှိစေတဲ့ လွတ်လပ်တာမျိုးကို ဆိုလိုတယ်။ လွတ်လပ်စွာ ဟောပြောရေးသားခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့်များလည်း ရှိရမယ်။ ရှမ်းလူမျိုးအစိုးရ၊ ရှမ်းလူမျိုးအရာရှိများနှင့် ရှမ်းပြည်ကို လွတ်လပ်စွာ အုပ်ချုပ်နိုင်ခွင့်ရှိရမယ်။ ယခုတော့ ဘုရင်ခံလက်အောက်မှာထားပြီးတော့ အင်္ဂလိပ်တွေက ချယ်လှယ်နေတာပဲ။ ကျွန်တော်တို့ဆိုလိုတာက တောင်တန်းနယ်များကို ဘုရင်ခံက တိုက်ရိုက်မအုပ်ချုပ်ဘဲ ရှမ်းဝန်ကြီးတစ်ဦး ခန့်ထားအုပ်ချုပ်စေရန် လိုလားတယ်။ ဒီအတိုင်းဖြစ်ဖို့လည်း ဘိလပ်အစိုးရထံမှာ တောင်းဆိုထားတယ်။ နိုင်ငံပြန်လည်ထူထောင်တဲ့ နေရာမှာ ရှမ်းပြည်ကို ရှမ်းအမျိုးသားများ အုပ်ချုပ်လို့ နိုင်ငံခြား၊ စီးပွားရေး၊ ကာကွယ်ရေးစသော ကိစ္စကြီးမျိုးတွေကိုတော့ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ ယခုနှယ်အခါမှာ တိုင်းရင်းသားအချင်းချင်းတွေ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးတယ်။ ကျွန်တော်တို့အချင်းချင်းတွေသာမက အာရှတိုက်တိုင်းပြည်နိုင်ငံများပင် ပေါင်းစုဖို့ဟာ အရေးကြီးတာပဲ”။

ဗမာလူစု သတိပြု
၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက် ကျင်းပသော တောင်ကြီးမြို့ လူထုတရားပွဲကြီး၌ ရှမ်းပြည်ရှိ ဗမာများသတိထားရန်အကြောင်းနှင့် ပတ်သက်၍ ဗိုလ်ချုပ်က ဤသို့ဟောခဲ့၏။

“ရှမ်းပြည်မှာ ရောင်းဝယ်ဖောက်ကားနေထိုင်ကြတဲ့ ဗမာတွေကို သတိပေးလိုတယ်။ ရှမ်းအမျိုးသားတွေအပေါ်မှာ အထင်မသေးရဘူး။ သွေးချင်းသားချင်းရင်းရင်းချာချာ သဘောထားကြရမယ်။ သူတို့ရဲ့ဓလေ့ထုံစံများကို မထေမဲ့မြင်မလုပ်ရဘူး။ ခင်ဗျားတို့ကို အထူးသတိပေးလိုတာက ရှမ်းအမျိုးသားများနှင့် ဆက်ဆံကြရာတွင် ဓနရှင်ဝါဒသမားတွေကို ခေါင်းပုံဖြတ်တဲ့ အဓမ္မဝါဒမျိုးကို မလုပ်ရဘူး။ အကယ်၍ ကျုပ်သတိပေးတဲ့အတိုင်း မလိုက်နာကြဘဲ ဓနရှင်ဝါဒသမားတွေကို ထင်ထာလုပ်နေကြမယ်ဆိုရင်တော့ ကျုပ်တို့ ဖဆပလအဖွဲ့ချုပ်ကြီးက ခင်ဗျားတို့အပေါ်မှာ လျစ်လျူရှုနေမယ် မဟုတ်ဘူး။”

စိတ်ခပ်လေးလေး သတိပေး
၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်တွင် ဗိုလ်ချုပ်ဘိလပ်သို့ ထွက်ခွာသွား၍ နယူးဒေလီတွင် ခေတ္တရှိနေစဉ် နယူးဒေလီရေဒီယိုမှ ဗိုလ်ချုပ်က “အိန္ဒိယမှာ မဟာရာဇာစော်ဘွားများအပေါ်၌ အင်္ဂလိပ်က စီမံထားပုံ၊ အချင်းချင်းတွေကို သွေးခွဲထားပုံများကို ကြည့်ရတာဟာ အတော်စိတ်ပျက်စရာကောင်းတယ်။ ဗမာပြည်မှာလည်း ဒီလိုလုပ်မှာပဲ။ သွားတာသွားရတယ်။ စိတ်ခပ်လေးလေးပဲ၊ အချင်းချင်းတွေ ညီညွတ်စည်းလုံးတဲ့ အင်အားကြီးမားသည်ထက် ကြီးမားဖို့ အရေးကြီးဆုံးဖြစ်တယ်” စသည်ဖြင့် အသံလွှင့်သတိပေးလိုက်၏။ သခင်နုစသော ဖဆပလအဖွဲ့ခေါင်းဆောင် လူကြီးများလည်း နောက်ခံလူထုအင်အားပြကြရန် အရေးကြီးသည့်အတိုင်း ရန်ကုန်မြို့ကြီးနှင့်တကွ တစ်နိုင်ငံလုံးအုံကြွကာ လွတ်လပ်ရေးမရလျှင် ဆော်မည့်သဘောမျိုးနှင့် အင်အားပြပွဲကြီးများ ကျင်းပကြ၏။ ဘိပ်သို့လည်း ကြေးနန်းအစောင်စောင် ရိုက်ကြားပေးပို့ကြ၏။

တောင်တန်းနယ်များသို့လည်း စေလွှတ်ရန် အရေးကြီးသဖြင့် ချင်း-ဗမာချစ်ကြည်ရေးအတွက် ဦးဘဆိုင်၊ ဦးဝမ်းသူမောင်၊ ဦးမောင်ကလေး၊ ရဲဘော်စံထွန်းနှင့် ဦးအောင်မင်းတို့အား ချင်းတောင်သိ့ စေလွှတ်၏။ ၎င်းတို့သည် ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်တွင် ရန်ကုန်မှထွက်ကြပြီးနောက် ထီးလင်းသို့ရောက်သောအခါ ဦးဘဆိုင်နှင့် ဦးဝမ်းသူမောင်တို့သည် ဂန့်ဂေါမှလှည့်၍ ဟက်ကာဖလန်နှင့် တစ်ဒင်မြို့များသို့ သွားရောက်ကာ ကလေးဝဘက်သို့ လှည့်ပြန်ကြ၏။ ဦးမောင်ကလေး၊ ရဲဘော်စံထွန်းနှင့် ဦးအောင်မင်းတို့လည်း ထီးလင်းမှ ကန်ပက်လက်သို့၊ ၎င်းမှ ရခိုင်ရိုးမကို ဖြတ်ကျော်၍ ပလက်ဝဘက်သို့လှည့်ပြီး ပြန်ကြ၏။ ၎င်းတို့ဟောပြောဆောင်ရွက်မှုကြောင့်လည်း ထီးလင်းမြို့  ချင်းဗမာချစ်ကြည်ရေးအစည်းအဝေးကြီး ဖြစ်လာခဲ့ရ၏။

ဗိုလ်မောင်ကလေးအမှူးရှိသော အဖွဲ့တစ်ဖွဲ့ကိုလည်း ကချင် ဗမာချစ်ကြည်ရေးအတွက် မြစ်ကြီးနားဘက်သို့ စေလွှတ်၏။

အထူးအားဖြင့် ရှမ်းပြည်မှ လူထုအင်အားပြပွဲကျင်းပရန်လည်း အရေးကြီးသဖြင့် ရှမ်းပြည်နယ်မိတ်ဆက်အဖွဲ့နှင့် ဦးဖေခင် ဗိုလ်မှူးအောင်နှင့် ဗိုလ်ထွန်းလင်းတို့အာူ စေလွတ်၏။ သူတို့လည်း တောကြီးမြို့၌ လူထုအစည်းအဝေးကြီးကျင်းပပြီးလျှင် ရှမ်းပြည်ကို ဗမာပြည်နှင့် တစ်ချိန်တည်း လွတ်လပ်ရေးပေးရန်နှင့် ဗိုလ်ချုပ်တို့၏လိုလားချက်များကို ထောက်ခံသည့်အကြောင်းများကို ဆုံးဖြတ်ကြပြီးလျှင် လူထုအင်အားပြပွဲကြီးများ ကျင်းပကြ၏။ ဗ်ုလ်ချုပ်တို့ထံလည်း ကြေးနန်းရိုက်ကြားကြ၏။

ကြေးနန်းရိုက်ကြား စော်ဘွားများ
၁၉၄၆ ခု၊ ဒီဇင်ဘာ၂၅ ရက်ညက ညောင်ရွှေစော်ဘွားကြီးတော်၌ ဗိုလ်ချုပ်နှင့် စော်ဘွားအစည်းအဝေးတစ်ရပ် ကျင်းပဆွေးနွေးကြသောအခါ “ဗမာပြည်အရေး ဆွေးနွေးရန် ဘိလပ်အစိုးရက ကျွန်တော့်အား ဖိတ်ထားပါတယ်။ ဘိလပ်ရောက်တဲ့အခါ တောင်းတန်းပြည်နယ်ကိစ္စကိုလည်း ပြောရပါလိမ့်မယ်။ ရှမ်းပြည်၏ အကျိုးကိစ္စအတွက် ကျွန်တော်ညွှန်ကြားချက်များ အတိုင်း လက်မှတ်ထိုးပေးလိုက်နိုင်ရင်တော့ အကောင်းဆုံးပါပဲ” ဟု ဗိုလ်ချုပ်ကပြောသောအခါ “ဗိုလ်ချုပ်စေတနာကို ယုံကြည်ပါတယ်။ဗိုလ်ချုပ်၏ ညွှန်ကြားချက်မှာလည်း အလွန်သင့်မြတ်ပါတယ်။ သို့ရာတွင် ယခုအစည်းအဝေးမှာ မြောက်ပိုင်းစော်ဘွားကြီးများမပါသေး။ အရေးကြီးသည့်ကိစ္စလည်း ဖြစ်နေပြန်သည့်အတွက် မြောကပိုင်းစော်ဘွားကြီးများနှင့် တိုင်ပင်ဆွေးနွေးပြီးလျှင် ဗိုလ်ချုပ်ထံသို့ အမြန်ဆုံးအကြောင်းကြားပါမည်။” ဟုစော်ဘွားကြီးများက ကတိပြုလိုက်ကြသည်။

နောက်တစ်နေ့ ဗိုလ်ချုပ်လည်း ရန်ကုန်သို့ပြန်၊ ညောင်ရွှေစော်ဘွားကြီးလည်း ထိုကိစ္စအတွက် ရှမ်းပြည်မြောက်ပိုင်းသို့ ထွက်သွားလေ၏။ စော်ဘွားကြီး သွားရာခရီး ပန်ကေတု ဗိုလ်တဲတွင်ရှိနေသော (မာရ်နတ်သားပမာ) စတီဗင်ဆင်သည် စပါးကြီးညှို့အသွင်ဖြင့် စော်ဘွားကြီးအား ညှို့၍ထားလိုက်၏။ နောက်များမကြာမီပင် သီပေါမြို့၌ စော်ဘွားများအစည်းအဝေးတစ်ရပ် ကျင်းပပြီးလျှင် ဗိုလ်ချုပ်ဟာ ရှမ်းစော်ဘွားများ၏ ကိုယ်စားလှယ်မဟုတ်ကြောင်း တောင်တန်းနယ်ကိစ္စများကို ဆွေးနွေးရန် စော်ဘွားများအား သီးခြားဖိတ်ခေါ်ပါဟု ဘိလပ်နန်းရင်းဝန်ကြီးက “ဘယ့်နှယ့်လဲ ဦးအောင်ဆန်း စော်ဘွားများက ရိုက်ကြားလိုက်တဲ့ကြေးနန်းကို ကြည့်ပါဦး” ဟုဆိုပြီး ဗိုလ်ချုပ်အား ပြလေ၏။ ဗိုလ်ချုပ်ကား စိတ်ပျက်သည့်အမူအရာမရှိ၊ သူ့နဂိုနှင့်မူနှင့်ပင် “သူတို့ကိုယ်စားလှယ်မဟုတ်ဘူးဆိုတာ ဟုတ်တာပဲ။ ကျွန်တော်ကတော့ ရှမ်းပြည်ကောင်းဖို့အတွက် ပြောတာပဲ” ဟု ပြန်ပြောလိုက်၏။

နောက်တစ်နေ့ နံနက်တွင် တောင်ကြီးမြို့ လူထုအစည်းအဝေးပွဲကြီးက ရိုက်ကြားလိုက်သော ကြေးနန်းဗိုလ်ချုပ်ထံသို့ရောက်လာရော နန်းရင်းဝန်ကြီးအား ဗိုလ်ချုပ်က ထိုကြေးနန်းကို ပြပြန်၏။ နန်းရင်းဝန်ကြီးက “ဒီလိုဆိုရင် ယခုလာမည့် ဖေဖော်ဝါရီလအတွင်းမှာ ပင်လုံမြို့တွင် စော်ဘွားများစီမံထားတဲ့ အစည်းအဝေးမှာ ဦးအောင်ဆန်းတို့ပါ မျက်နှာစုံညီ အစည်အဝေးကျင်ပပြီး ဆုံးဖြတ်ကြပေတော့” ဟုပြောသည်ကို ဗိုလ်ချုပ်သဘောတူသဖြင့် ရာဇဝင်ပြောင်းလဲသော ပင်လုံညီလာခံကြီး ဖြစ်ပေါ်လာခဲ့ရပေသတည်း။

(ဦးဖေခင် ဗိုလ်မှူးအောင်နှင့် ဗိုလ်ထွန်းလင်းတို့ သွားရောက်လှုံ့ဆော်စီမံချက်အရ တောင်ကြီးမြို့ လူထုအစည်းအဝေးပွဲကြီးက ရိုက်ကြားလိုက်သော ကြေးနန်းသည် ဘိလပ်၌ ဗိုလ်ချုပ်အရေးဆိုရာတွင် တောင်တန်းနယ်ကိစ္စအတွက် အထူးအရေးပါအရာရောက်ခဲ့၏။ ထိုကြေးနန်းသာမရောက်ပါလျှင် အခြေအနေ တစ်မျိုးဖြစ်သွားဖွယ်ရာရှိသည်ဟု ကျွန်ုပ် ဦးပုကလေးအား ဗိုလ်ချုပ်ပြောဖူး၏။)

လက်တစ်လုံးကြား လှည့်၍ထား
ဗိုလ်ချုပ် ဘိလပ်မှာရှိနေခိုက် တောင်တန်းနယ်များ၌ နယ်ချဲ့သမားတို့ အလိုတော်ကျ မလိမ့်တပတ် လှည့်ပတ်ခြေထိုးပုံများ တွေ့ရသေး၏။ “ရှမ်းပြည်ကို ဗမာပြည်ထဲ ပေါင်းပေးပါဆိုပြီး ဗမာတွေက ဘိလပ်မှာ တောင်းနေကြပြီ၊ ဂျပန်ခေတ်တုန်းက ခင်ဗျားတို့ ဘယ်လိုနစ်နာခဲ့လဲဆိုတာကို သတိပြုကြပါ ” ဟူသော စကားလုံးဖြင့် စော်ဘွားများ အယောင်ယောင်အမှားမှားဖြစ်အောင် ကြိုးစားကြ၏။ သိန်းနီမြို့တွင် ကျင်းပသည့် စော်ဘွားများ အစည်းအဝေးတွင် ရှမ်းပြည်နှင့် ဗမာပြည်မပေါင်းလိုကြောင်း ဆုံးဖြတ်ချက်တစ်ရပ်ဖြစ်ပေါ်လာစေရန် ကြံရွယ်ကြိုးစားလျက်ရှိ၏။

တောင်ကြီးမြို့သို့ရောက်ရှိနေကြသော ဦးဖေခင်၊ ဗိုလ်မှူးအောင်၊ ဗိုလ်ထွန်းလင်းနှင့် ရှမ်းလူထုခေါင်းဆောင် ဦးတင်အေး တို့သည် သတင်းကိုကြားသဖြင့် ဘိန်းနီသို့ သုတ်တင်ခြေရာ အချိန်မီဆိုက်ရောက်သွားကြ၏။ စော်ဘွားကြီးများနှင့် တွေ့ဆုံဆွေးနွေးပြီး လူထုတရားပွဲကြီး ကျင်းပဟောပြောကြရ၏။ ရှမ်းပြည်ကို ဗမာပြည်နှင့်ပေါင်းပေးရန် ဗမာများက ဘိလပ်မှာ တောင်းနေကြပြီဆိုတာဟာ မမှန်ကြောင်း ဗမာပြည်ကို လွတ်လပ်ရေးပေးလျှင် ရှမ်းပြည်ကိုပါ တပါတည်းပေးရန်ကိုသာ တောင်းကြောင်း ရှမ်းပြည်နှင့် ဗမာပြည် ပူးပေါင်းသင့်ကိစ္စမှာ နှစ်ပြည်ထောင်ခေါင်းဆောင်များ အချင်းချင်း ဆွေးနွေးဆုံးဖြတ်ကြရမည် ဖြစ်ကြောင်း ဗမာပြည်လွတ်လပ်တော့မည်မှာ သေချာနေပြီ။ ဗမာပြည်လွတ်လပ်ပြီးလျှငှ်ရှမ်းပြည်မလွတ်လပ်ဘဲ ကျန်နေမည်ကို ဗမာများက မကြည့်နိုင်သည့်အတွက် ယခုလို ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း ဗမာပြည်ကို အင်္ဂလိပ်တို့ သိမ်းပိုက်စဉ်အခါက ရှမ်းပြည်ကိုပါ တစ်ပါတည်းသိမ်းပိုက်ခဲ့၍ ယခုဗမာပြည်ကို လက်လွှတ်သောအခါမှာလည်း ရှမ်းပြည်ကိုပါ လက်လွှတ်ဖို့ဖြစ်ကြောင်း အကယ်၍ ရှမ်းပြည်က အင်္ဂလိပ်ကျွန်အဖြစ် ဆက်ခံလိုလားကြသေးတယ်ဆိုရင်လည်း ခင်ဗျားတို့သဘောအတိုင်း ဖြစ်ကြောင်းများကို အကျယ်တဝင့်ဟောပြောပြီးနောက် ဗမာပြည်နှင့် ရှမ်းပြည်လွတ်လပ်ရေးနှင့် ပတ်သက်လို့ စော်ဘွားများ၏ သဘောကို မပြောလိုသော်လည်း လူထုကတော့ ဆုံးဖြတ်ပြီးပြီဟုဆိုလျှင် တောင်ကြီး လူထုအစည်းအဝေးကြီး၏ ဆုံးဖြတ်ချက်ကို ဖတ်ပြကြ၏။

၎င်းနောက် စော်ဘွားများနှင့် သီးခြားဆွေးနွေးကြသောအခါ၌ ဗမာပြည်ကို လွတ်လပ်ရေးပေးပြီးလျှင် ရှမ်းပြည်ကို အနှစ်-၃၀ မျှ ဗြိတိသျှတို့လက်အောက်တွင် ထားရှိရန် မည်သိုကြံစည်ထားကြောင်း များကို အတွင်းစာသက်သေခံ ပစ္စည်းခိုင်ခိုင်လုံလုံနှင့် စော်ဘွားများအား​ ရှင်းပြကြသောအခါ “ဟာ ဒီလိုဆိုရင် မဖြစ်ဘူး။ ဗမာပြည်နှင့် ပေါင်းမှဖြစ်မည်” ဟုစော်ဘွားများနားလည်ကြပြီးလျှင် ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်ကြောင်း၊ ဖဆပလကို အားထားကြောင်း ဆုံးဖြတ်ကြ၏။
(ဤကား ဖဆပလမိတ်ဆက်အဖွဲ့၏ ကြိုးပမ်းချက် အောင်မြင်မှုပင်တည်း။)

ရှမ်းပြည်သူထု စည်းရုံးပြု
ရှမ်းပြည်ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကြီးကို မွေးထုတ်ဖန်တီးပေးကြသော ရှမ်းပြည်သူရဲကောင်း ၅-ဦးကား ဦးဖေခင်၊ ဦးတင်အေး၊ ဦးထွန်းမြင့်၊ ဦးဘဇံနှင့် ဦးခွန်စောတို့ပင်တည်း။ ပထမ ပင်လုံညီလာခံသဘင်ကြီး ပြီးသည့်နောက် တစ်နေ့သောအခါတွင် တောင်ကြီးမြို့ ဦးဖေခင်နေအိမ်၌ အဆိုပါငါးဦးသားတို့သည် ရှမ်းပြည်လွတ်လပ်ရေးအတွက် လူထုအစည်းအရုံး တည်ထောင်ရေးကိစ္စ ဆွေးနွေးတိုင်ပင်ကြပြီးလျှင် ရှမ်းပြည်လွတ်လပ်ရေးအသင်း တည်ထောင်ရန် ဆုံးဖြတ်ကြလေသတည်း။

သို့ရာတွင် အချိန်အားလျော်စွာ နယ်ရှင်စော်ဘွားကြီးများ၏ အကြံဥာဏ်အကူအညီရမှ ကောင်းမည်ဟု ယူဆကြပြီးလျှင် ညောင်ရွှေစော်ဘွားကြီး၊ သထုံစော်ဘွားကြီး၊ မိုင်းပွန်စော်ဘွားကြီးများထံ၌ လူထုအစည်းအရုံးများ၊ တည်ထောင်လိုကြောင်း အကြံဥာဏ်များ တောင်းကြသောအခါ စော်ဘွားကြီးများကလည်း ချုပ်ချယ်တားမြစ်ခြင်းမရှိ။ လူထု၏ သဘောအရ ပြုလုပ်နိုင်ကြောင်း ခွင့်ပြုလိုက်ကြသဖြင့် နိုင်ငံရေးခေါင်းဆောင်များကြီးမှူးကာ တောင်ကြီးမြို့၌ ရှမ်းပြည်လူထု အစည်းအဝေးကျင်းပပြီးလျှင် ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ကို တည်ထောင်ဖွဲ့စည်း လိုက်ကြ၏။ ထိုအချိန်အတွင်းမှာ နယ်ရှင်စော်ဘွားတို့အား နိုင်ငံရေးသမားတို့အား ဖမ်းဆီးနိုင်ခွင့်အာဏများကို အင်္ဂလိပ်အစိုးရက ပေးကမ်းချီးမြှင့်ကြသေး၏။ သို့ရာတွင် စော်ဘွားများက ခေတ်ကြီးပြောင်းလဲလျက်ရှိနေသည်ကို အကဲခတ်မိပြီးဖြစ်ကြသောကြောင့် နိုင်ငံရေးသမားတို့၏ ဆောင်ရွက်ဟောပြောမှုများကို လစ်လျူရှုခဲ့ကြ၏။

ှရှမ်းပြည်နယ်လွတ်လပ်ရေးအဖွဲ့သည် ဖဆပလအဖွဲ့ချုပ်ကြီး၏ တစ်ဆင့်ထက်တစ်ဆင့် တိုးတက်လျက်ရှိနေစဉ် ကွန်မြူနစ်များကို ထုတ်ပစ်သည့်အချိန်တွင် ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့တွင် သဘောကွဲလွဲချက်များ ပေါ်ပေါက်ရှုပ်ထွေး စိတ်မအေးဖွယ်များ ဖြစ်ပေါ်လာသေး၏။ သို့ရာတွင် ၁၉၄၆ ခု၊ ဒီဇင်ဘာလအတွင်း တောင်ကြီးမြို့သို့ ဗိုလ်ချုပ်ရောက်သွားသောအခါ ထိုစိတ်မအေးမှုတို့ ကင်းစင်လွင့်ပျောက်လျက် လူထုအင်အားလည်း တရှိန်ထိုး တိုးတက်ကောင်းမွန်လာ၏။ ဗိုလ်ချုပ်ဘိလပ်တွင် ရှိစဉ် အရေးကြီးသော ကြေးနန်းရိုက်ကြားနိုင်ခဲ့၏။ ၁၉၄၇ ခု၊ ဖေဖော်ဝါရီလအတွင်းက ကျင်းပသော ဒုတိယာပင်လုံညီလာခံသဘင်ကြီး၌ ဗိုလ်ချုပ်၏အလိုဆန္ဒပြည့်ဝအောင် ဆောင်ရွက်ကြိုးပမ်းနိုင်ခဲ့ကြ၏။ ဗမာပြည်နှင့် တောင်တန်းနယ်များ ပူးပေါင်းရေးစာချုပ်ကို လတ်မှတ်ရေးထိုးကြရာ၌ ဗိုလ်ချုပ်၏ အလိုသဘောကျ လူထုကိုယ်စားလှယ်များ ပါဝင်လတ်မှတ်ရေးထိုးကြရ၏။
ဦးပုကလေး
၁၃၀၉ ခု၊ သတင်းကျွတ်လဆန်း ၉ ရက်
၁၉၄၅ ခုနှစ်၊ ဒီဇင်ဘာလထုတ် သပြေတေးမဂ္ဂဇင်းတွင် တက္ကသိုလ်နေဝင်းက “နိုင်ငံ့ဂုဏ်ရည်မှသည် အတိတ်ဆီသို့” ဆောင်းပါးတွင် ပင်လုံစာချုပ်ချုပ်ဆိုနိုင်ရေးတွင် ဦးဖေခင်၏ စွမ်းစွမ်းတမံဆောင်ရွက်ချက်တို့ကို ဤသို့ ကမ္မည်းတင်ထားခဲ့သည်မှာ-
ဗိုလ်ချုပ်အောင်ဆန်း ဦးစီးကွပ်ကဲသော ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်တည်ရာ ရန်ကုန်မြို့ အမှတ် (၈) ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ ဌာနချုပ်ရုံးမှ ရုံးအဖွဲ့မှူး ဦးဖေသိန်း (ယခုကွယ်လွန်သူ) သည် တစ်နေ့တွင် ကျွန်တော့်အား
“ဟော ဟိုက သခင် ဝတင် နားမှာထိုင်နေတာ ဘယ်သူလဲဗျ၊ ကျွန်တော်မြင်ဖူးသလိုတော့ ရှိတယ်။ အခုဒီမှာ အလွန်တက်တက်ကြွကြွ အလုပ်လုပ်နေတာပဲ”။ ဟုမေးသဖြင့် ဦးဖေခင်ဆိုတာလေဗျာ၊ တက္ကသိုလ်တုန်းက သူကအတန်းကြီးလို့ ခင်ဗျားမမီလိုက်ဘူးနဲ့တူတယ်။ ဘီအေဘီအယ်ဘွဲ့ရပြီး စစ်မဖြစ်ခင်က ဘီစီကုမ္ပဏီမှာ အလုပ်သမားအရာရှိ ခဏဝင်လုပ်ခဲ့ဖူးတယ်။ အခုတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အမျိုးသားတပ်ဦးကြီးမှာ အချိန်ပြည့်လုပ်အားပေးပြီး လွတ်လပ်ရေးမရမချင်း ဆက်မလုပ်လုပ်မယ်လို့ ဆိုတဲ့သူပေါ့။ ဒါကြောင့်လဲ ဗိုလ်ချုပ်က သူ့ကိုသဘောကျပြီး တောင်တန်းဒေသ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တည်ဆောက်ရေးလုပ်ငန်းတာဝန် ပေးထားတယ်။

သည်တော့မှ ဦးဖေသိန်းလည်း သဘောပေါက်သွားကာ ခေါင်းညိတ်လိုက်ပါသည်။

ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားသည့် ၁၉၄၅ ခုနှစ်၊ သြဂုတ်လတွင် ဗိုလ်ချုပ်အောင်ဆန်းသည် အရှေ့တောင်အာရှ မဟာမိတ်တပ်ပေါင်းစုံ သေနာပတိချုပ် ရေတပ်ဗိုလ်ချုပ်ကြီး “မောင့်ဘက်တန်” က ကမ်းလှမ်းသော စစ်ပြီးခေတ် ဗမာ့တပ်မတော်တွင် ဗိုလ်မှူးချုပ် ရာထူးကို လက်မခံဘဲ ငြင်းပယ်ကာ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု၏ နောက်ဆုံးအဆင့်တိုက်ပွဲ၌ သူကိုယ်တိုင် ဦးဆောင်ကွပ်ကဲမှ ဖြစ်ချေမည်ဟု ဆုံးဖြတ်လျက် ဖဆပလ အမျိုးသားတပ်ဦးကြီး၏ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ဗြိတိသျှနယ်ချဲ့သမားထံမှ လွတ်လပ်ရေးရအောင် ကြိုးပမ်းရာ၌ တိုင်းရင်းသားစည်းလုံးညီညွတ်မှု အင်အားအပြည့်အဝရရှိရန် အထူးလိုအပ်သည်ဟု ယုံကြည်သူဗိုလ်ချုပ်သည် သူ၏အမျိုးသားတစ်ဦးကြီး၌ ဌာနမှူးများ အသီးသီး တာဝန်ခွဲပေးထားသည့်အနက် တောင်တန်းဒေသ စည်းရုံးရေးဌာနတစ်ခုကို သီးခြားဖွင့်လှစ်ခဲ့ပါသည်။ ယင်းဌာနခွဲတွင် ဦးဖေခင်အား တာဝန်ပေးခဲ့ပါသည်။

တောင်ကြီးမြို့ ဇာတိဖြစ်သူ ဦးဖေခင်သည် ရှမ်းပြည်နယ်တွင် အသိမိတ်ဆွေ ပေါများသည့်အပြင် ပေါင်းသင်းဆက်ဆံရေး၌ ဖော်ရွှေခင်မင်တတ်သူ ဖြစ်၍ ထိုခေတ်က သြဇာရှိသော ရှမ်းပြည်နယ်မှ ရှမ်းစော်ဘွားများနှင့်လည်း ရင်းနှီးသူဖြစ်သည်။ နိုင်ငံတော်ကောင်စီဝင် (အငြိမ်းစား) ဦးတင်အေး (ရှမ်းပြည် တင်အေး) တို့ ဦးဆောင်သော လူငယ်ခေါင်းဆောင်များနှင့်လည်း အတူတွဲလုပ်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့်ပင် ဗိုလ်ချုပ်အောင်ဆန်းက သူ့အားတောင်တန်းဒေသမှ တိုင်းရင်းသားများ စည်းလုံးညီညွတ်မှု တည်ဆောက်ရေးအတွက် တာဝန်ပေးခဲ့ခြင်းဖြစ်ပေသည်။

၁၉၄၆ ခု၊ မတ်လဆန်းတွင် ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတည်ဆောက်မှု စီမံချက်တစ်ရပ်အဖြစ် ရခိုင်ပြည်နယ်သို့ သခင်မြ (အာဇာနည်ဝန်ကြီး) ၊ ဟသာင်္တ ဦးမြ၊ ဦးအောင်ဇံဝေ (နိုင်ငံ့ဂုဏ်ရည်ဘွဲ့ရ ရခိုင်ခေါင်းဆောင်) တို့နှင့်အတူ ခရီးထွက်တော့မည့်ဆဲဆဲ ဗြိတိသျှဘုရင်ခံဆာဒေါ်မန်စမစ်ကိုယ်တိုင် ဦးဆောင်လျှက် တောင်တန်းဒေသ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအဖွဲ့ချုပ် United Hill People’s Originazition တည်ထောင်ဖွဲ့စည်းရန်အတွက် ပထမပင်လုံကွန်ဖရင့်ကို ကျင်းပရန် စီစဉ်စိုင်းပြင်းနေကြောင်း သတင်းရရှိလေသည်။ တစ်နည်းအားဖြင့် ဗြိတိသျှဘုရင်ခံသည် တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များကို ဗိုလ်ချုပ်အောင်ဆန်းထက် ဦးအောင် ကြိုတင်စည်းရုံးရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်သည် သူကိုယ်တိုင် ပင်လုံမြို့သို့ သွားရောက်လိုပါသော်လည်း ရခိုင်ပြည်နယ်ခရီးစဉ်ကို ဖျက်၍မရသဖြင့် နောက်ဆုံးတွင် ဖဆ၏ ပလအဖွဲ့ ဒုဥက္ကဌဖြစ်သူ ဦးနု၊ ဦးအောင်ဇံဝေ၊ ဦးဘဂျမ်း၊ မန်းဘခိုင်တို့ပါဝင်သော အဖွဲ့တစ်ဖွဲ့ကို ပင်လုံသို့လွှတ်ရန် ဆုံးဖြတ်လိုက်သည်။ ယင်းအဖွဲ့၏ အတွင်းရေးမှူးမှာ ဦးဖေခင်ဖြစ်လေသည်။

၁၉၄၆ ခု၊ စက်တင်ဘာ (၂၆) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဗြိတိသျှဘုရင်ခံ၏ ကမ်းလှမ်း ဖိတ်ခေါ်ချက်အရ အစိုးရအဖွဲ့အာဏကိုလက်ခံရယူခဲ့ပြီး ဖဆပလအစိုးရဟူ၍ ဖြစ်ပေါ်လာခဲ့သည်။ ရာထူးရသည်နှင့် ဗိုလ်ချုပ်သည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တည်ဆောက်ရန် အစွမ်းကုန်ကြိုးစားခဲ့လေသည်။ ထိုစဉ်က ဗိုလ်ချုပ်၏ ဝန်ကြီးအဖွဲ့မှာ “ဘုရင်ခံ၏ အတိုင်ပင်ခံကောင်စီ” ဟုခေါ်လေသည်။  ဗိုလ်ချုပ်က အစိုးရအဖွဲ့ခေါင်းဆောင်ဖြစ်သော်လည်း လွတ်လပ်ရေးမရသေးသဖြင့် ဘုရင်ခံသည်သာလျှင် စိုးမိုးအုပ်ချုပ်လျှက်ရှိသေးသည့် သဘောလည်းဖြစ်သည်။ ယင်းအခြေအနေတွင် ဗိုလ်ချုပ်က
ဗြိတိသျှနယ်ချဲ့သမားထံမှ အပြီးသတ်လွတ်လပ်ရေးအရေးဆိုရာ၌ တိုင်းရင်းသားစည်းလုံးညီညွတ်မှုအင်အားကို အဓိကအားပြုရန် အရေးဆိုရမည်ဟု အကြွင်းမဲ့ယုံကြည်လျက် စည်းရုံးရေးလုပ်ငန်းကို အာရုံစိုက်လုပ်ခဲ့လေသည်။

ယင်းသို့ ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလကုန်မှ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလအထိ ကာလအတွင်း ဗိုလ်ချုပ်အောင်ဆန်းက တောင်တန်းဒေသမှ တိုင်းရင်းသားလူမျိုးစုများအား စည်းရုံးရာတွင် ဦးဖေခင်သည် ဖဆပလအဖွဲ့ချုပ်၊ တောင်တန်းဒေသ စည်းရုံးရေးဌာနမှူးအဖြစ် များစွာအထောက်အကူပြုခဲ့သည်။

၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့က တောင်ကြီးမြို့ လူထုစည်းဝေးပွဲကြီး၌ ဗိုလ်ချုပ်အောင်ဆန်းက ရှမ်းနှင့် မြန်မာ ချစ်ကြည်ရေးမိန့်ခွန်း ပြောကြားရာတွင် လည်းကောင်း၊ ထိုနေ့ညဘက် တောင်ကြီးမြို့ ညောင်ရွှေစော်ဘွား “ဟော်” ၌ ဗိုလ်ချုပ်နှင့် နယ်ရှင်စော်ဘွားကြီးများ ဆွေးနွေးကြရာတွင်လည်းကောင်း၊ ၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာ (၂၆) ရက်နေ့ နံနက်က ညောင်ရွှေမြို့ လူထုအစည်းအဝေးကြီး၌ ဗိုလ်ချုပ်မိန့်ခွန်းပြောရာတွင်လည်းကောင်း ဦးဖေခင်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ တောင်လျှောက်လိုက်ပါကာ လိုအပ်သောအကူအညီများ ပေးခဲ့လေသည်။

၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလက ဗိုလ်ချုပ်တို့ အင်္ဂလန်ပြည် လန်ဒန်မြို့သွား၍ လွတ်လပ်ရေးအတွက် အရေးဆိုနေကြစဉ် ရှမ်းစော်ဘွားအချို့က ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်နယ်ကို ကိုယ်စားပြုသူမဟုတ်ကြောင်း ဗြိတိသျှဝန်ကြီးချုပ်ထံ ကြေးနန်းရိုက်ခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်းမှာ လန်ဒန်မြို့တွင် အကျပ်အတည်း တွေ့ခဲ့ရလေသည်။ အမှန်တော့ ထိုစဉ်က ဗြိတိသျှနယ်ချဲ့ ကိုယ်စားလှယ်တောင်တန်းဒေသအုပ်ချုပ်ရေးအရာရှိ “စတီဗင်” ဆိုသူက တွေဝေနေသော စော်ဘွားအချို့အား စည်းရုံးသွေးထိုးကာ ဗိုလ်ချုပ်တို့၏ လန်ဒန်ဆွေးနွေးပွဲမပျက်ပျက်အောင် လုပ်ကြံခဲ့ခြင်းသာဖြစ်လေသည်။

ထို့ကြောင့် ရန်ကုန်မြို့ရှိ ဖဆပလအဖွဲ့ချုပ်ခေါင်းဆောင်များက ချက်ချင်းတန်ပြန် လှုပ်ရှားသည့်အနေဖြင့် တောင်ကြီးမြို့တွင် လူထုအစည်းအဝေးကြီး တစ်ရပ်ကျင်းပကာ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်သာမက တောင်တန်းဒေသအသီးသီးကိုပါ ကိုယ်စားပြုသော ခေါင်းဆောင်အဖြစ် အကြွင်းမဲ့ ထောက်ခံပါသည် ဟူသော အဆိုတစ်ရပ်တင်သွင်းဆုံးဖြတ်ပြီး လန်ဒန်မြို့သို့ ကြေးနန်းဖြင့် အကြောင်းကြားလိုက်လေသည်။

သည်တော့မှ ဗြိတိသျှအစိုးရလည်း အလျှော့ပေးကာ မြန်မာ့လွတ်လပ်ရေး ဆွေးနွေးပွဲ ဆက်လက်ပြုလုပ်ခဲ့ လေသည်။ “အောင်ဆန်း- အက်တလီ” စာချုပ် ကိုလည်း ၂၇-၁-၄၇ လန်ဒန်မြို့၌ ဗိုလ်ချုပ်က အောင်မြင်စွာ လတ်မှတ်ရေးထိုးချုပ်ဆိုနိုင်ခဲ့လေသည်။

ဖော်ပြပါ တောင်ကြီးမြို့လူထုအစည်းအဝေးပွဲကြီးဖြစ်မြောက်အောင် ကြိုးစားစည်းရုံးသူများမှာ တောင်ကြီးမြို့မှ ဦးတင်အေး (နိုင်ငံတော် ကောင်စီဝင်ဟောင်း) ဦးထွန်းမြင့်စသော ရှမ်းပြည်မှ လူငယ်များအပြင် ရန်ကုန်မြို့မှ ဗိုလ်မှူးအောင် (ရဲဘော်သုံးကျိပ်) ဗိုလ်ထွန်းလင်း (နိုင်ငံ့ဂုဏ်ရည်) တို့လည်း ပါဝင်ခဲ့ကြပြီး ဗိုလ်မှူးအောင်အဖွဲ့ကို ဦးဆောင်၍ တောင်ကြီးမြို့သို့ သွားရောက်စည်းရုံးလှုံ့ဆော်ခဲ့သူမှာ ဦးဖေခင်ဖြစ်လေသည်။

ဦးဖေခင်သည် ၁၉၄၆ ခုနှစ်က ရှမ်းပြည် ဦးတင်အေး (နိုင်ငံတော် ကောင်စီဝင်ဟောင်း) တို့နှင့်အတူ “ရှမ်းပြည်နယ် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်” ကို တည်ထောင်ခဲ့သူလည်း ဖြစ်သည်။

လန်ဒန်မြို့၌ လတ်မှတ်ရေးထိုးချုပ်ဆိုခဲ့သော “အောင်ဆန်း- အီတလီ” စာချုပ်အရ မြန်မာနိုင်ငံအား လွတ်လပ်သောအချုပ်အခြာအာဏပိုင်နိုင်ငံအဖြစ် လွတ်လပ်ရေးတစ်နှစ်အတွင်း ပေးပါမည်ဟု ဗြိတိသျှအစိုးရက အာမခံခဲ့သော်လည်း ဗြိတိသျှနယ်ချဲ့သမားများ၏ ပရိယာယ်တစ်ခုက မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရာတွင် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်” ပုံသဏ္ဍန်ဖြင့်ပေးရန်အတွက် တောင်တန်းဒေသမှ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များကိုယ်တိုင်က မြန်မာပြည်နှင့်အတူ အေးအတူပူအမျှ လွတ်လပ်လိုပါသည်ဟုဟူ၍ စာချုပ်တစ်ရပ် လက်မှတ်ရေးထိုးကြမှသာလျှင် “ပြည်ထောင်စု” ပုံစံဖြင့် လွတ်လပ်ရေးပေးနိုင်မည်ဟု အကျပ်ကိုင်ထားခဲ့ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဗြိတိသျှတို့က ဗိုလ်ချုပ်အောင်ဆန်းအား  ပြည်နယ်ခေါင်းဆောင်များရအောင် စည်းရုံးလော့ဟု “စိန်ခေါ်” လိုက်ခြင်းပင်ဖြစ်သည်။ ဗိုလ်ချုပ်ကလည်း စိန်ခေါ်ချက်ကို လက်ခံကာ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်မှစ၍ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့သို့ ကြိုတင်သွားရောက်လျက် လူမျိုးစုခေါင်းဆောင်များအား အစွမ်းကုန်စည်းရုံးခဲ့လေသည်။

ယင်းသို့ စည်းလုံးရာတွင် ဦးဖေခင်သည် များစွာအထောက်အကူပြု ကူညီနိုင်ခဲ့ပေသည်။

ပင်လုံစာချုပ် လက်မှတ်မထိုးမီတစ်ရက် ၁၉၄၇ ခု၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ညက ပင်လုံ၌ကျင်းပသော ညစာစားပွဲကြီးဆီသို့ ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော မြန်မာပြည်ပမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ရာတွင် ဦးဖေခင်သည်လည်း တစ်ယောက်အပါအဝင် ဖြစ်ခဲ့လေသည်။ ထိုညစာစားပွဲကြီးတွင် အိမ်ရှင်တောင်ပိုင်း စော်ဘွားကြီး စောခွန်ပန်ဆိုင်နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ အပြန်အလှန် မိန့်ခွန်းပြောကြားရာတွင် ဦးဖေလင်သည် ဗိုလ်ချုပ်အနီး၌ ထပ်ချပ်မကွာ ရှိနေခဲ့ပေသည်။

အချုပ်အားဖြင့် ဦးဖေခင်သည် ပြည်ထောင်စုဘွား တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တည်ဆောက်ရာတွင် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့သူ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု ဆိုရပေမည်။

ထို့ကြောင့်လည်း ၁၉၈၀ ပြည့်နှစ် မေလ ၂၈ ရက်နေ့က နိုင်ငံတော်ကောင်စီက အမိန့်ကြော်ငြာစာအမှတ် ၁/၈၀ ဖြင့် “ပထမအသုတ်” နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ချီးမြှင့်ရာတွင် ဦးဖေခင်သည် နိုင်ငံ့ဂုဏ်ရည် ဦးဖေခင်သည် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမအဆင့်) ချီးမြှင့်ခံခဲ့ရလေသည်။

သံအမတ်ကြီး ဦးဖေခင်သည် ၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်တွင် ကွယ်လွန်သွားခဲ့ရာ သန်လျင်မြို့၊ မွတ်စလင်ဥယျာဉ် (ငါးပါးသခင် ဒရ်ဂါဝင်းအနီး) တွင် ဒဖ်နာပြု မြှုပ်နှံထားပါသည်။

စာကိုး။    ။ (၁) ကိုယ်တွေ့ပင်လုံ (မဟာသရေစည်သူ- ဦးဖေခင်) နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်
(၂) တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ အခြေခံဥပဒေ (ပထမတွဲ)

K (ရန်ကုန်တက္ကသိုလ်)

Leave a Reply