News @ M-Media

Author: M-Media

  • HIV/AIDS၊ မွတ်စ်လင်မ် နဲ့ မြန်မာနိုင်ငံ

    ၁၉၈၁ ခုနှစ်မှာ စတင်တွေ့ရှိခဲ့တဲ့ AIDS ရောဂါကြောင့် ကမ္ဘာပေါ်မှာ သေဆုံးသူဦးရေဟာ အခုဆိုရင် ၂၅ သန်းကျော်သွားပါပြီ။ အကြောင်းအမျိုးမျိုးကြောင့် ရောဂါပိုးကူးစက်ခံရသူဦးရေဟာ ကမ္ဘာ့လူဦးရေစုစုပေါင်းရဲ့ ၀.၆% ရှိပါတယ်။ HIV/AIDS ဟာ သာမန် ဆေးပညာဆိုင်ရာ ရောဂါတစ်ခုထက် ပိုတယ်လို့ ဆေးပညာရှင်တွေက ဆိုကြပါတယ်။ ကုရာနတ္ထိ ဆေးမရှိဆိုတဲ့ အသိကြောင့် ရောဂါ ကူးစက်ခံရသူတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမြင့်မားတတ်ကြပါတယ်။ အဲဒါကြောင့် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံအများစု HIV/AIDS ကာကွယ်တားဆီးရေးနဲ့ ရောဂါပိုးကူးစက်ခံရသူတွေကို ကူညီထောက်ပံ့ရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်လာကြပါတယ်။

    HIV ပိုးဟာ လူမျိုး၊ ဘာသာ၊ နေရာအစွဲမထားတတ်တာမို့ ဒီရောဂါဟာ မွတ်စ်လင်မ်နိုင်ငံနဲ့ အသိုင်းအ၀ိုင်းတွေကြားမှာလဲ လျစ်လျူရှုထားလို့မရတဲ့ ကိစ္စတစ်ခုဖြစ်လာပါပြီ။ နိုင်ဂျီးရီးယားနဲ့ အီသီယိုပီးယားတို့လို မွတ်စ်လင်မ်လူဦးရေ ၅၀%  အထက်ရှိတဲ့ နိုင်ငံတွေမှာ HIV ကူးစက်မှုနှုန်းဟာ နိုင်ငံလူဦးရေရဲ့ ၈-၁၀% ရှိပါတယ်။ တစ်ချိန်လုံး HIV ကင်းစင်ပါတယ်လို့ ဆိုခဲ့တဲ့ ဆော်ဒီအာရေဗျနိုင်ငံဟာ ၂၀၀၆ ခုနှစ်မှာ နိုင်ငံအတွင်း HIV ကူးစက်ခံရသူ ၁၀၀၀၀ ကျော်ရှိကြောင်း ကြေငြာခဲ့ပါတယ်။ တစ်ချိန်က HIV ရောဂါဟာ၊ အထူးသဖြင့် လိင်မှုဆိုင်ရာကိစ္စနဲ့ ဆက်စပ်မှုရှိတာကြောင့်၊ မွတ်စ်လင်မ် အသိုင်းအ၀ိုင်းမှာ လက်သင့်မခံနိုင်တဲ့ ကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာပေါ်က တခြားနေရာတွေမှာ အသုံးပြုနေတဲ့ HIV/AIDS ပညာပေးနည်းစနစ်တွေဟာ မွတ်စ်လင်မ်အသိုင်းအ၀ိုင်းမှာ ထိရောက်မှုမရှိဖြစ်ခဲ့ရပါတယ်။

    အစောပိုင်းကာလတွေက အဲဒီလို အသိပေး၊ ပညာပေးမှုတွေ လုပ်နေတဲ့ကြားက HIV ပိုးရှိကြောင်းတွေ့ရှိတဲ့ သားဖြစ်သူကို မိသားစု သတိမေ့မျောတဲ့ထိ ရိုက်နှက်ပြီး အိမ်ကနေ မောင်းထုတ်တာ၊ ခင်ပွန်းသည်ကြောင့် ရောဂါကူးစက်ခံရတဲ့ အမျိုးသမီးကို အသိုင်းအ၀ိုင်းက သပိတ်မှောက်ပြီး နေရပ်ကနေ မောင်းထုတ်တာစတဲ့ ပြဿနာတွေကို မွတ်စ်လင်မ်လူမှုအဖွဲ့အစည်းတွေ၊ အထူးသဖြင့် အာဖရိက မွတ်စ်လင်မ်နိုင်ငံတွေမှာ ကြုံခဲ့ရပါတယ်။

    အဲဒါကြောင့် မွတ်စ်လင်မ်အသိုင်းအ၀ိုင်းအတွင်းမှာ HIV/AIDS ဆိုင်ရာ အသိပညာပေးရေးအစီအစဉ် အတွက် နည်းလမ်းအသစ်တွေ လိုအပ်လာခဲ့ပါတယ်။ အဲဒီလိုနဲ့ နောက်ပိုင်းမှာ အစ္စလာမ် သာသနာ့ပညာရှင်တွေနဲ့ ဘာသာရေးအဖွဲ့အစည်းကို ဦးဆောင်နေရာပေးပြီး ကြိုးပမ်းနိုင်ခဲ့တာကြောင့် အခုဆိုရင် ကမ္ဘာ့မွတ်စ်လင်မ် အသိုင်းအ၀ိုင်း တော်တော်များများကြားမှာ အဲဒီလို မလိုလားအပ်တဲ့ ပြဿနာတွေကို ကျော်လွှားလာနိုင်ပါပြီ။

    မွတ်စ်လင်မ် နိုင်ငံတော်တော်များမှာ အဲဒီလို ဘာသာရေးဆိုင်ရာဦးဆောင်ပုဂ္ဂိုလ်တွေကို ၁၉၉၀ ခုနှစ်စောပိုင်းကာလတွေကတည်းက ပညာပေးအစီအစဉ်တွေ၊ အသိပေးလှုံ့ဆောင်မှု (Advocacy) တွေ လုပ်ထားကြတာကို တွေ့ရပါတယ်။

    ယူဂန်ဒါနိုင်ငံမှာ Islamic Medical Association of Uganda (IMAU) အဖွဲ့က ကုရ်အာန်၊ ဟဒီးစ်တွေနဲ့ ကိုက်ညီတဲ့ HIV ပညာပေးအစီအစဉ်တစ်ရပ် စတင်ဖို့  ၁၉၈၀ နှောင်းပိုင်း ကာလတွေမှာ စတင်ကြိုးစားခဲ့ပါတယ်။ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေဟာ မွတ်စ်လင်မ်အသိုင်းအ၀ိုင်းမှာ သြဇာအထိရောက်ဆုံးဆိုတာကို တွေ့ရှိပြီးတဲ့နောက် IMAU က ရှေ့ဆောင်ဆရာ (အီမာမ်) တွေကို စုစည်းပြီး HIV ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို ကျင်းပခဲ့ပါတယ်။ အဲဒီအလုပ်ရုံဆွေးနွေးပွဲ ကာလအတွင်းမှာ HIV ဆိုင်ရာ အချက်အလက်တွေကို သိပ္ပံနည်းကျ နားလည်လာပြီးတဲ့နောက် ယူဂန်ဒါနိုင်ငံရဲ့ ဓမ္မသတ်မှူးချုပ်က AIDS ဆန့်ကျင်ရေးဂျီဟဒ် (Jihad on AIDS) အဖြစ် ကြေငြာခဲ့ပါတယ်။ အဲဒီအချက်ဟာ “အီမာမ်များဦးဆောင်သော မိသားစု AIDS ပညာရေးနှင့် ကာကွယ်ရေးအစီအစဉ်´´ (Family AIDS Education and Prevention through Imams – FAEPTI) ကို အကောင်အထည်ဖော်ဖို့ IMAU အတွက် အဓိက အထောက်အကူပြုခဲ့ပါတယ်။

    အဲဒီနောက် အဲဒီ အလုပ်ရုံဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ အီမာမ်တွေကို လူထုကြား ကျန်းမာရေးပညာပေး လုပ်ငန်းတွေမှာ ပါဝင်စေခဲ့ပါတယ်။ သောကြာနေ့တရားပွဲနဲ့ တခြားလူစည်ကားတဲ့နေရာတွေမှာ အဲဒီ အီမာမ်တွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဟောပြောခဲ့ကြပါတယ်။ အဓိကကတော့ ဝေဒနာသည်တွေရဲ့ အိမ်တွေကို သွားပြီး ၀တ်ပြုဆုတောင်း၊ ဒိုအာလုပ်ပေးတာ၊ ဝေဒနာသည်တွေကို အားပေးစကားပြောတာတွေကို လုပ်ကြပါတယ်။ အီမာမ်တွေကိုယ်တိုင်ဦးဆောင်တဲ့အတွက် ပတ်ဝန်းကျင်ကလည်း ဝေဒနာသည်တွေကို ပစ်ပယ်ထားတဲ့ အခြေအနေကနေ ပုံမှန်အတိုင်းဆက်ဆံမြဲဆက်ဆံပြီး လိုအပ်ရင် ဖေးမကူညီတဲ့ အခြေအနေကို ရောက်လာတယ်ပေါ့လေ။ ကက်ရှ်မီးယားမှာ HIV/AIDS ပညာပေးလုပ်တဲ့ အဖွဲ့အစည်းတစ်ခုကလည်း တခြားနည်းလမ်းတွေ (IEC၊ ရေဒီယို၊ တယ်လီဗေးရှင်း၊ ဟောပြောပွဲ စသဖြင့်) အသုံးချပြီးတဲ့နောက်ဆုံး ဘာသာရေးပညာရှင်တွေကို အသုံးပြုတာက အထိရောက်ဆုံးဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။

    ဆိုတော့..ဒီစီမံကိန်းဟာ ထိရောက်မှုရှိတဲ့အတွက်ကြောင့် UNAIDS အဖွဲ့က မွတ်စ်လင်မ်အသိုင်းအ၀ိုင်းတွင်း HIV/AIDS ပညာပေးလုပ်ငန်းအစီအစဉ်မှာ အကောင်းဆုံးစံစီမံကိန်းအဖြစ် သတ်မှတ်ခံရပါတယ်။ အခုနောက်ပိုင်း မွတ်စ်လင်မ်အသိုင်းအ၀ိုင်းအတွင်း HIV/AIDS အစီအစဉ်တွေနဲ့ ပတ်သက်ရင် မွတ်စ်လင်မ်နိုင်ငံတွေကရော၊ မွတ်စ်လင်မ်နိုင်ငံမဟုတ်တဲ့နိုင်ငံတွေကပါ ဒီပုံစံ (Model) ကို စံထား အသုံးပြုလာကြပါတယ်။ ပါကစ္စတန်နိုင်ငံ၊ နိုင်ဂျီးရီးယားနိုင်ငံနဲ့ အီသီယိုပီယားနိုင်ငံအပါအ၀င် တခြားကမ္ဘာ့မွတ်စ်လင်မ်နိုင်ငံအများစုက HIV/AIDS အပေါ်ဂျီဟဒ် ကြေငြာခဲ့ပါတယ်။

    ဒါ့အပြင် IMAU က ကြီးမှူးပြီးတော့ နိုင်ငံတကာ HIV/AIDS ဆိုင်ရာ မွတ်စ်လင်မ် ဘာသာရေးခေါင်းဆောင်များတိုင်ပင် ဆွေးနွေးပွဲ သုံးခုကို ကမ်ပါလာ (ယူဂန်ဒါ) မှာ ၂၀၀၁ ခုနှစ်၊ ကွာလာလမ်ပူ (မလေးရှာ) မှာ ၂၀၀၃ ခုနှစ်နဲ့ အက်ဒစ်အဘာဘာ (အီသီယိုပီးယား) မှာ ၂၀၀၇ ခုနှစ်တို့မှာ ကျင်းပခဲ့ပါတယ်။

    အဲဒီတိုင်ပင်ဆွေးနွေးပွဲတွေကနေ အစ္စလာမ့်နည်းကျ HIV/AIDS ပြဿနာ ချဉ်းကပ်နည်း လုပ်ငန်းခွင်ဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက် (Operational Definition of the Islamic Approach to HIV/AIDS) တစ်ရပ်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အရှေ့တောင်အာရှမှာလည်း ၁၉၉၈ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံမှာ အစ္စလာမ်ဘာသာရေးပညာရှင်များ HIV/AIDS ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပပြီး အလားတူ မူဘောင် တစ်ခုကို ရေးဆွဲထားပါတယ်။

    အဲဒီ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ မူဘောင်တွေမှာ အဓိကပါဝင်တာကတော့ ရောဂါသည်တွေရဲ့ အခွင့်အရေးကို မြှင့်တင်ပေးဖို့ပါ။ ရောဂါသည်တွေကို ပုံမှန်ဆက်ဆံဖို့၊ အားပေးကူညီဖို့၊ အစ္စလာမ့်ထုံးတမ်းဓလေ့တွေကို သာမန်လူတွေအတိုင်း ကျင့်သုံးနိုင်ဖို့ (ဥပမာ – ထိမ်းမြားလက်ထပ်ခြင်း၊ ကလေးငယ်များ အရေပြားလှီးဖြတ်ခြင်း၊ အသုဘအခမ်းအနားစသဖြင့်)၊ လင်မယားကွာရှင်းမှုဆိုင်ရာ (ဖသ်ဝါ) ဥပဒေများ ကြေငြာခြင်း စတာတွေ ပါဝင်ပါတယ်။

    တစ်ဖက်မှာ ကမ္ဘာပေါ်မှာ ဒီလို စနစ်တကျ အကောင်အထည်ဖော်နေတာတွေရှိရဲ့နဲ့ ကျွန်တော်တို့ နိုင်ငံမှာ ဒီကိစ္စက ဘာသာရေးဆရာတွေ ကြားမှာ အခုထိ စိမ်းနေသေးတာက အနည်းငယ် ထူးဆန်းနေပါတယ်။

    ကျွန်တော်တို့ နိုင်ငံမှာလည်း ဒီရောဂါဟာ မွတ်စ်လင်မ်အသိုင်းအ၀ိုင်းကြားမှာ ကူးစက်ပြန့်ပွားနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ကံအကြောင်းမလှစွာပဲ ကူးစက်ခံရသူတွေဟာ တခြားနိုင်ငံ၊ ဒေသတွေက မွတ်စ်လင်မ်တွေလို အခွင့်အရေးမရရုံမက အနှိမ်ခံ၊ အပယ်ခံ ဘ၀ကို ရောက်ပြီး အခြေအနေ ဆိုးသထက်ဆိုးသွားကြပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်၊ HIV ဆိုင်ရာ အသိချို့တဲ့ချိန်က အာဖရိကတိုက်မှာ ကြုံခဲ့ရတာမျိုး ကျွန်တော်တို့ ကြုံနေရပါတယ်။

    အဲဒီအချက်တွေကြောင့် HIV/AIDS လုပ်ငန်းနဲ့ဆက်စပ်တဲ့ လူမှုရေးအဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေကြတဲ့ မွတ်စ်လင်မ် လူငယ်တွေဟာ မွတ်စ်လင်မ် ဝေဒနာသည်တွေ တွေ့တဲ့အခါမှာ ထိထိရောက်ရောက် ဆက်လက်ကူညီဖို့ အခက်အခဲတွေ့ရပါတယ်။ တခြား ဘာသာဝင်တွေအတွက် ဘာသာရေးဆိုင်ရာအစီအစဉ်တွေနဲ့ ကူညီအားပေးနေတဲ့အချိန်မှာ ကိုယ့်မွတ်စ်လင်မ်တွေကတော့ ဘာသာရေးအသိုင်းအ၀ိုင်းက ပစ်ပယ်ခြင်းခံနေရတာကို ကြုံရတာကြောင့် စိတ်ပျက်ညည်းညူသံတွေကိုလည်း ကြားရပါတယ်။ လူငယ်တွေ၊ HIV/AIDS ဆိုင်ရာ ပညာရှင်တွေဟာ အတွေးအခေါ်၊ အတွေ့အကြုံတွေရှိပေမယ့် အဲဒီလို ဘာသာရေးအသိုင်းအ၀ိုင်းက ပွင့်လင်းစွာ လက်မခံမှုကြောင့် ရှေ့ဆက်လုပ်ငန်းဆောင်ရွက်ဖို့ နှောင့်နှေးရပါတယ်။ ဒါပေမယ့် တဖက်မှာ မနှောင့်နှေးပဲ အရှိန်နဲ့ဆက်သွားနေတာက HIV/AIDS ရောဂါသည်တွေရဲ့ ဝေဒနာပါ။ ခင်ပွန်းသည်ကြောင့် ရောဂါပိုးကူးစက်ခံရသူအမျိုးသမီးတွေ၊ မိဘက တဆင့် ကူးဆက်ခံရတဲ့ ရင်သွေးငယ်လေးတွေ၊ ဆေးထိုးအပ်က ကူးစက်ခံရသူတွေ၊ ဘ၀ကို ရိုးရှင်းစွာဖြတ်သန်းနေလျှက်က ဘာကြောင့်မှန်း မသိဘဲ ကူးစက်ခံရသူတွေ…အများစုဟာ မိမိကိုယ်တိုင်ကြောင့် မဟုတ်ဘဲ ရောဂါပိုး ကူးစက်ခံရသူတွေပါ။ ကျွန်တော်တို့ရဲ့ အတ္တတွေကြောင့် သူတို့၊ သူတို့တွေ၊ ကိုယ့်ရဲ့ မွတ်စ်လင်မ်သွေးသားတွေ ဝေဒနာပေါ် ဝေဒနာဆင့်ခံစားရမယ်ဆိုရင်…ဒါဟာ..အလ္လာဟ်အရှင်မြတ်နဲ့ အလ္လာ့ဟ်ရဲ့ တမန်တော်က လိုလားတဲ့ အစ္စလာမ်အသိုင်းအ၀ိုင်းလို့ ပြောဖို့ ခက်သွားပါလိမ့်မယ်။

    သာသနာ့ပညာရှင်တွေဟာ သာသနာ့အလံကို ကိုင်ဆောင်ထားသူတွေဖြစ်တယ်ဆိုတဲ့အတိုင်း အဲဒီ ကိစ္စကို အထိရောက်ဆုံး ဦးဆောင်ဖြေရှင်းပေးနိုင်တာကတော့ သာသနာ့ဦးဆောင်ပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေမှာလိုပဲ သာသနာ့ပညာရှင်တွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ ဒီလုပ်ငန်းမှာ တက်ကြွစွာ ပါဝင်လာမယ်ဆိုရင် အဲဒီဝေဒနာသည်လေးတွေရဲ့ ဘ၀တွေ တဖန်ပြန် လန်းဆန်းလာပါလိမ့်မယ်။ ငြိမ်းချမ်းတဲ့ သာသနာရဲ့ ရင်ခွင်မှာ အေးမြတဲ့ ဘ၀တွေကို ပြန်လည် ပိုင်ဆိုင်နိုင်လာပါလိမ့်မယ်။

    ဘာပဲဖြစ်ဖြစ်..ကျွန်တော်တို့ နောက်မကျသေးပါဘူး။ ကောင်းတဲ့ လုပ်ငန်းတွေအတွက် ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိပါဘူး…..

    ကိုဇော်ထက် စီစဉ်တင်ပြသည်။

  • Weekly News Roundup (18-07-2011)

    ရီပတ်ဘလစ်ကန် သမ္မတလောင်းကြောင့် မွတ်စ်လင်မ်များ စိတ်အနှောင့်အယှက်ဖြစ်

    အမေရိကန်နိုင်ငံတွင် ရီပတ်ဘလစ်ကန် သမ္မတလောင်း ဟာနန် ကိန်းက အမေရိကန်ပြည်သူများအနေဖြင့် ဗလီများဆောက်လုပ်ခွင့်ကို ပိတ်ပင်နိုင်ခွင့်ရှိသည်ဟု ပြောကြားလိုက်ခြင်းကြောင့် မွတ်စ်လင်မ်များ စိတ် အနှောင့်အယှက်ဖြစ်လျှက်ရှိသည်။

    “အခြေခံဥပဒေကို တန်ဖိုးထားရမယ့် သမ္မတလောင်းတစ်ယောက်ဆီက ဒီလိုစကားမျိုးတွေကြားရတာ သိပ်စိတ်မကောင်းစရာပဲဗျာ´´ဟု အမေရိကန်နိုင်ငံ အစ္စလာမ်စင်တာတစ်ခုမှ ကော်မတီဝင် ဆွာလေ စဗနာတီ ကပြောကြားသည်။ (more…)

  • သူ့ဖခင်ပြောပြသည့် ရဲဘော်ကိုထွေးအကြောင်း

    သူ့ဖခင်ပြောပြသည့် ရဲဘော်ကိုထွေးအကြောင်း

    ရဲဘော်ကိုထွေး (ခ) အလီ အတ်ဆ်ဂရ် မဇင်ဒါရာနီမှာ မန္တလေးမြို့ဗောဓိကုန်း တောင်ပြင်သိပ္ပံရပ် ပင်စင်စား လယ်ယာစိုက်ပျိုးရေး ဝန်ထောက် ဆွဖ်ဒရ်အလီ ခေါ် ဦးကိုကိုလေးနှင့် အမိ ဒေါ်မင်းရီတို့မှ ထွန်းကားခဲ့သည့် သားသမီးရတနာ ခြောက်ဦးအနက် အထွေးဆုံးသားလေးဖြစ်သည်။

    ရဲဘော်ထွေးကို ၁၉၂၉ – ခုနှစ်၊ ဒီဇင်ဘာလတွင် ဖွားမြင်ခဲ့သည်။ ရဲဘော်ထွေးသည် နဝမတန်းအထိ ပညာသင်ကြားခဲ့သည်။ အသက် ၁၈ နှစ်အရွယ်တွင် ပညာရေးဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့်အဖြစ် ခန့်အပ်ခြင်းခံရသည်။

    ရဲဘော်ထွေး၏ ဖခင်ကြီး ဦးကိုကိုလေးက သားတော်မောင်၏အကြောင်းကို အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားတစ်ရပ်တွင် အောက်ပါအတိုင်း မချိတင်ကဲ ပြောပြခဲ့ဖူးသည်ကို ပြန်လည် တင်ပြရသော်…

    “ရဲထွေးကို (၇) လနဲ့မွေးတာပါ။ ဒီတော့ လူက အတော့်ကိုညှက်လွန်းပါတယ်။ အထွေးဆုံးသားလည်းဖြစ်ပြန်၊ ကိုယ်ဟန်က ယောက်ျားလေးဖြစ်ပေမယ့် ပျော့ပျော့ပျောင်းပျောင်း ကနွဲ့ကလျလေးဖြစ်နေလေတော့ တစ်အိမ်လုံးက ဖူးဖူးမှုတ်မတတ် ဖြစ်နေကြတာပေါ့။ ဒါပေမယ့် ယောက်ျားပီသစေလိုတဲ့ဆန္ဒကြောင့် ငယ်ငယ်ကတည်းက သူ့ကို ဆက်ဆံရာမှာ သိပ်ပြီး တယုတယမထားဘဲ ကြမ်းကြမ်းတမ်းတမ်းလေး ဆက်ဆံဖို့ တစ်အိမ်လုံးကို ကျုပ်ကိုယ်တိုင် မှာကြားခဲ့ရတယ်။”

    “သားလေးရဲထွေးဟာ ကျဆုံးချိန်မှာတောင် အသက် ၁၉ နှစ်ပဲရှိပါသေးတယ်။ အသက်အားဖြင့်ကြည့်ရင် တကယ့်ကို ငယ်ရွယ်လွန်းပါတယ်။ ကျုပ်တို့ မိဘတွေအဖို့တော့ နို့နံ့တောင် မပျယ်သေးတဲ့ အရွယ်ပေါ့။ ဒါပေမယ့် အရွယ်နဲ့မလိုက်အောင် မျိုးချစ်စိတ်တကယ့်ကိုထက်သန်တဲ့ သူငယ်လေးပဲ။ အင်္ဂလိပ်များကို မမြင်လိုက်နဲ့ “တို့ကို ကျွန်လုပ်တဲ့ ကောင်တွေ” ဆိုပြီးခဲနဲ့ပေါက်မယ်တကဲကဲ လုပ်နေတာမို့ တစ်အိမ်သားလုံးက အတော့်ကို ပြောဆိုထိန်းသိမ်းထားရပါတယ်။”

    “အဲဒါကြောင့် ဒီကလေးမှာ တော်တည့်မှန်ကန်တဲ့ မျိုးချစ်စိတ်ဓာတ် ရင့်သန်လာဖို့နဲ့ လူတော်လူကောင်းလေး ဖြစ်လာစေဖို့ ရည်ရွယ်ပြီး မန္တလေးမှာ အခြေစိုက်နေစဉ်ကတည်းက တရင်းတနှီးရှိခဲ့တဲ့ ဆရာကြီးဦးရာဇတ်ဆီမှာ အပ်လိုက်ပါတယ်။ ဆရာကြီးဦးရာဇတ်ဟာ လူငယ်လူရွယ်တွေကို အမျိုးသားစိတ်ဓာတ် ရင့်သန်ရေးနှင့် ဇာတိမာန် တက်ကြွရေးအတွက် ဆိုဆုံးမ သြဝါဒပေး နည်းပေးလမ်းညွှန်တဲ့နေရာမှာ စံတင်လောက်တဲ့သူပါ”

    ဆရာကြီးဦးရာဇတ်ဟာ ရဲထွေးကို မြင်တာနဲ့ သူ့ရဲ့ သူရသတ္တိထူးကဲမှုကို သိမြင်ပြီး မှန်ကုန်တဲ့ မျိုးချစ်စိတ်ဓာတ် ကိန်းအောင်းသွားဖို့ နည်းမှန်လမ်းမှန်နဲ့  လက်ပွန်းတတီး သွန်သင်ဆုံးမ သြဝါဒပေးခဲ့ပါတယ်။ ဆရာကြီးဦးရာဇတ်က “ငါတို့ ဗိုလ်ချုပ်တို့ အပါအဝင် လူကြီးပိုင်းတွေက နိုင်ငံရေး ပရိယာယ် ကျွမ်းကျင်လိမ္မာစွာနဲ့ နည်းစနစ် မှန်မှန်ကန်ကန်နဲ့ မြန်မာပြည်လွတ်လပ်ရေးရရှိဖို့အတွက် ကြိုးပမ်းနေကြပြီ၊ တယူသန် အကြမ်းဖက်နည်းတွေနဲ့ တော်လှန်ဖို့အထိ ဆန္ဒမစောသင့်ဘူးကွယ့်” လို့ သြဝါဒပေးခဲ့ပါတယ်။

    “ကျုပ်ရဲ့ သားလေးရဲ့ရင်ထဲမှာ နယ်ချဲ့ကို တွန်းလှန်ချင်တဲ့ စိတ်ဓာတ်က အမြဲကိန်းအောင်းနေပါတယ်။ အာဇာနည်ကြီးများနဲ့အတူ ကျဆုံးချိန်အထိ သူ့ရဲ့အိတ်ကပ်ထဲမှာ လက်နက်ဝယ်ဖို့ သူစုထားတဲ့ ငွေတွေရှိနေတယ်လေ… ဟင်း” ဘခင်ကြီး၏ တင်ပြချက်ကို ကြားရသူတိုင်းက ကရုဏာသက်မိကြ၏။

    ၁၉၄၇ – ခုနှစ် ဇူလိုင်လ ၁၉ ရက်၊ စနေနေ့နံနက် ၁၀း၄၅ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို မသမာသူများက မရှုမလှ ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။ ထိုစဉ်က ရဲဘော်ထွေးမှာ အစည်းအဝေးခန်းမ တစ်ဘက်တွင်ရှိနေသည်မို့ မိမိကိုယ်ကို သေဘေးမှ အလွတ်ရုန်း ထွက်လိုက ရနိုင်၏။ သို့ပေမင့် မိမိအသက်ကို မငဲ့ကွက်ဘဲ သေနတ်သံကြားရာသို့ ပြေးဝင်အလာဝယ် နယ်ချဲ့လက်ပါးစေ အလိုတော်ရိကြီး ကံကြီးမောင် (ခေါ်) ရန်ကြီးအောင် နှင့် ပက်ပင်းရင်ဆိုင်တိုးခဲ့၏။ ရဲဘော်ထွေး၏လက်ဝယ်တွင် ကိုင်ဆောင်ထားသည်က ၃၂ ဘို့ ခြောက်လုံးပြူး၊ ရန်သူ၏လက်ဝယ်ရှိနေသည်က စတင်းဂန်းသေနတ်လေမို့ လုံးဝမယှဉ်သာခဲ့ပေ။ မိမိအားပစ်ခဲ့သူ ကံကြီးမောင် (ခေါ်) ရန်ကြီးအောင် နှင့် နဂိုက ခင်မင်ရင်းနှီးမှုရှိခဲ့သဖြင့် ရဲဘော်ထွေးက “ရက်စက်လှချည်လား သူငယ်ချင်းရယ်” ဟုပြောသွားခဲ့သေးသည်။

    ဆရာကြီးဦးရာဇတ် နှင့် ရဲဘော် ကိုထွေး တို့အား မြှုပ်နှံထားရာ တာမွေဥယျာဉ်ရှိ အုတ်ဂူဟောင်း (ဓာတ်ပုံကို ရဲဘော် ကိုထွေး၏ မြေးတော်စပ်သူ မမော်မော်မှကျေးဇူးပြုပါသည်)

    ရဲဘော်ထွေးမှာ အသက်ရှင်စဉ်ကလည်း ဆရာကြီးရာဇတ်၏ အပါးတော်မြဲဖြစ်ခဲ့သလို ကွယ်လွန်ပြီးသည့် နောက်ပိုင်းတွင်လည်း ဆရာကြီးဦးရာဇတ်၏ အပါးတွင် ယှဉ်တွဲရှိနေပေသည်။ “သေအတူ – ရှင်မကွာ” အမြဲတွဲလျက်ရှိနေခြင်းကပင်လျှင် ထူးခြားမှုတစ်ရပ်ဟု ဆိုရမည်။ မြန်မာမွတ်စလင်မ်တို့ တိုင်းပြည်ပေါ်ထားရှိသော အာဇာနည်သမိုင်းကို သွေးဖြင့်ရေးခဲ့သော ရဲဘော်ထွေးအား အခြားအာဇာနည်ခေါင်းဆောင်ကြီးများ နှင့် ၎င်းတို့၏ ဝိဥာဉ်များအပေါ် ငြိမ်းချမ်းသာယာ သက်ရောက်ပါစေဟု ဆုမွန်ကောင်းတောင်းလိုက်ရပါသတည်း။

    ဆရာကြီးဦးရာဇတ် နှင့် ရဲဘော် ကိုထွေး တို့အား မြှုပ်နှံထားရာ တာမွေဥယျာဉ်ရှိ အုတ်ဂူသစ် ရှေ့တွင် ရဲဘော် ကိုထွေး ၏ မိသားစုဝင်များလာရောက် ဆု တောင်းစဉ် (ဓာတ်ပုံကို ရဲဘော် ကိုထွေး၏ မြေးတော်စပ်သူ မမော်မော်မှကျေးဇူးပြုပါသည်)

    ရွှေဘိုသီရိမာလာ စီစဉ်တည်းဖြတ်သော “ဧကရာဇ်စာဆိုနှင့် မိုးစင်ကြယ်” စာစောင်

    ၁၉၈၇ ခုနှစ်၊ မတ်လ

    စာမျက်နှာ ၈၆၊ ၈၇

    ကိုကျော်မိုးအောင် FB စာမျက်နှာမှ

  • အာဇာနည်ခေါင်းဆောင်ဆရာကြီး ဦးရာဇတ် ၏ အတ္ထုပ္ပတ္တိ အကျဉ်း

    အာဇာနည်ခေါင်းဆောင်ဆရာကြီး ဦးရာဇတ် ၏ အတ္ထုပ္ပတ္တိ အကျဉ်း

    မြန်မာအာဇာနည် ဆရာကြီးဦးရာဇတ် (ခ) Mr. Abdur Razak (ခ) ဦးမောင်မောင်ကြီး (၁၈၉၈-၁၉၄၇)

    ပညာရေးနှင့် အမျိုးသားစီမံကိန်း ဌာန၀န်ကြီး ဗဟိုအမျိုးသားကျောင်း ကျောင်းအုပ်ဆရာကြီး

    ဦးရာဇတ်ကို တိုက်ပိုင်အင်စပတ်တော် မစ္စတာရှိတ်ခ်အဗ္ဗဒူရ်ရဟ်မန်နှင့် ဒေါ်ပလုတ်ခေါ် ဒေါ်ငြိမ်းလှတို့မှ မွေးဖွားသည်။ သားသမီး ၁၃-ယောက် အနက် စတုတ္ထသားဖြစ်သည်။ ဆရာကြီးကို ၁၈၉၈-ခု ဇန်န၀ါရီလ ၂၀ရက်တနင်္လာနေ့၌ မိတ္ထီလာမြို့တွင် ဖွားမြင်သည်။ မောင်မောင်ကြီး ဟူ သော အမည်ရှိသော်လည်း မတွင်ခဲ့ပါ။

    မိသားစုသည် အလုပ်တာဝန်ကြောင့် မိတ္ထီလာမြို့မှ မန္တလေးမြို့သို့ ပြောင်းရွှေ့ရသောအခါ ဆရာကြီးသည် မန္တလေးမြို့ ၀က်စလီယန် မိန်းကလေးကျောင်းတွင် သူငယ်တန်းမှစ၍ ပညာသင်ကြားခဲ့သည်။ စတုတ္ထတန်း အောင်မြင်သောအခါ ၀က်စလီယန် ယောကျာ်းလေး ကျောင်းသို့ ပြောင်းရွှေ့သင်ကြားသည်။ ထူးချွန်သဖြင့် အတန်းကျော်၍ တက္ကသိုလ်ဝင်တန်းသို့တင်ပေးရသည်။ ၁၉၁၂-ခု တက္ကသိုလ်ဝင်စာမေးပွဲကို ထိုကျောင်းမှ အောင်မြင်သည်။ ၁၉၁၇-ခုနှစ် ရန်ကုန်မြို့ ကောလိပ်သိပ္ပံကျောင်းတွင် အိုင်အေ အထက်တန်းတက်နေချိန် အင်္ဂလိပ်စာစီစာကုံးပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရာပထမဆုရရှိ၍ ဘိုင်မြား(Bhai Meah)ရွှေတံဆိပ်ဆု ချီးမြှင့်ခြင်း ခံရသည်။ အိန္ဒိယနိုင်ငံထုတ် New Time မဂ္ဂဇင်းတွင် ရှမ်းပြည် နယ်မှ ၃၆-ကောင်ထီ အကြောင်း ဆောင်းပါး ရေးသား ပေးပို့ခဲ့ရာပထမတန်း ဆောင်းပါးဆု ရရှိသည။် ဆရာကြီးသည် စာပေပညာတွင် ထူးချွန်ရုံမျှမက ခရစ်ကက်၊ လက်ဝှေ့၊ တင်းနစ်၊ ဘောလုံး စသည့် အားကစားများတွင် တက္ကသိုလ်က သတ်မှတ်ပေးသည့် Blue အဆင့်ရရှိသည်။ ဘောလုံးတွင် College First Eleven Player တစ်ဦးဖြစ်သည်။ (more…)

  • လူငယ်လေးနှစ်ဦး အကြောင်း

    ဇူလိုင်-၁၆၊၂၀၁၁
    M-Media

    (၁၆)နှစ် (၁၇)နှစ်အရွယ် လူငယ်လေးနှစ်ဦးဖြစ်ပါသည်။ ထိုလူငယ်လေးနှစ်ဦးသည် မိသားစုအတွက်၊ ပတ်ဝန်းကျင်အတွက်၊ တိုင်းပြည်နှင့်လူမျိုးအတွက် အလုပ်လုပ်ရန်အကောင်းဆုံးအရွယ်၊ ရဲရင့်ခြင်း၊ ဖျတ်လပ်ခြင်း၊ တက်ကြွခြင်းတို့ဖြင့် ဝင့်ထည်နေဆဲအရွယ်တွင် ကွယ်လွန်ခဲ့ကြပါသည်။   သို့သော် သူတို့ဘဝကူးပုံချင်းတော့ မတူညီကြ​ပါလေ၊ တစ်ဦးက တိုင်းပြည်နှင့် လူမျိုးအတွက် အာဇာနည်တို့၏ အသက်စွန့်ပေးဆပ်ခြင်းမျိုးဖြင့်​ မြန်မာ့သမိုင်းတွင် မွန်မြတ်စွာ စာရင်းဝင်ခဲ့သည်။ ကျန်တစ်ဦးမှာ ရက်စက်သော၊ ယုတ်မာသော၊ ပက်စက်သော လုပ်ရပ်ကြောင့် ပြည်သူတို့၏ မုန်းတီးရွံရှာမှု တရားဥပဒေ၏ ပြစ်ဒဏ် စီရင်မှုတို့ကို ခံယူ၍ သေပွဲဝင်ခဲ့ရသည်။

    ၎င်းတို့နှစ်ဦးမှာ ၁၉၄၇-ခုနှစ် ဇူလိုင်လ ၁၉ ရက်တွင် အာဇာနည်ခေါင်းဆောင်ကြီးများနှင့်​အတူ လုပ်ကြံခံခဲ့ရရှာသော ရဲဘော်ကိုထွေးနှင့် ၁၉၄၈-ခုနှစ် မေလ ၈ ရက်တွင် ကြိုးပေးစီရင်ခံခဲ့ရသော နိုင်ငံတော်လုပ်ကြံမှုတရားခံ ရန်ကြီးအောင် တို့ပင်ဖြစ်ပါသည်။ သူတို့နှစ်ဦးအကြောင်းကို လူငယ်များသင်ခန်းစာရယူနိုင်ရန် သံဝေဂရနိုင်ရန် နှိုင်းယှဉ်ဖော်ပြချင်ပါသည်။

    ကိုထွေးလေးသည် အဘ ဦးကိုလေး၊ အမိ ဒေါ်မင်းရီတို့၏ ရင်နှစ်သည်းခြာ သားရတနာလေးတစ်ဦးဖြစ်သည်။ ဦးကိုလေးသည် ဆရာကြီးဦးရာဇတ်နှင့် ငယ်သူငယ်ချင်းလည်း ဖြစ်လေသည်။ ဆရာကြီး ဦးရာဇတ်က ယုံကြည်စိတ်ချ ရသော သက်တော်စောင့် တစ်ဦးလိုသဖြင့် ဦးကိုလေးကိုပြောရာ ဦးကိုလေးက သားဖြစ်သူကိုထွေးကို ဦးရာဇတ်ထံ အပ်နှံလိုက်သည်။ ဦးကိုလေး၏ သားသမီးများထဲတွင် ကိုထွေးတစ်ယောက်သာ လူပျိုလူလွတ်ကျန်ရှိနေ၍ ကိုထွေးကို ထည့်ပေးလိုက်ခြင်းလည်းဖြစ်သည်။   ကိုထွေးသည် နေရှင်နယ်ကျောင်းသား တစ်ဦးလည်းဖြ​စ်၍ ဦးရာဇတ်အား ကြည်ညိုလေးစားသူလည်းဖြစ်ပါသည်။

    ဦးရာဇတ်နှင့် လက်ပွန်းတတီးနေထိုင်စဉ် ကာလအတွင်း ကိုထွေးလေးသည် ဦးရာဇတ်ထံမှ နိုင်ငံရေးဗဟုသုတ၊ လူမှုရေးအသိအမြင်၊ ဘာသာရေး အဆုံးအမများကို ရရှိခဲ့မည်မှာ မလွဲပေ။   အကယ်၍သာ ဦးရာဇတ်ပြုစုပျိုးထောင်ခဲ့သော ရဲဘော်ကိုထွေးလေး မသေခဲ့လျှင် နိုင်ငံတော်၏ ယုံကြည်စိတ်ချ အားထားရသော သားကောင်းရတနာတစ်ဦး ဖြစ်လာမည်မှာ အမှန်ပင်။   အဘဖြစ်သူ ဦးကိုလေးက ကိုထွေးလေးကို ဦးရာဇတ်ထံအပ်နှံရာတွင် ”ဦးရာဇတ်သွားတဲ့နေရာ ခေါ်သွားပါ” ဟု ပြောခဲ့ဖူးသည်။ ထိုစကားကြောင့်များ ဦးရာဇတ်သည် သူယုံကြည်စိတ်ချရသော တပည့်ရင်းကိုထွေေးလးကို တမလွန်ထိ ခေါ်သွားလေရော့သလားဟု ကျန်ရစ်သူမိသားစုက လွမ်းတသသနှင့် ပြောစမှတ်ဖြစ်နေခဲ့ကြပါသည်။   ရန်ကြီးအောင်မှာ ဦးစော၏ တူဝမ်းကွဲတော်စပ်သည်။ နိုင်ငံရေးကိစ္စနှင့် အုတ်ဖိုသို့ ဦးစောရောက်လာရာ ရန်ကြီးအောင်သည် အဒေါ်ဖြစ်သူ၏ တိုက်တွန်းမှုကြောင့် သွားရောက်တွေ့ဆုံခဲ့လေသည်။ ထိုအချိန်မှစ၍ အသွားမတော် တစ်လှမ်းဆိုသည့် မြန်မာစကားပုံအတိုင်း ရန်ကြီးအောင်၏ ခြေလှမ်းများသည် ကြိုးစင်သို့ ဦးတည်ခဲ့ရလေတော့သည်။

    ရန်ကြီးအောင်သည် ဦးစော၏ အိမ်နောက်ဘက်၌ တိုးချဲ့ထားသည့်အဆောက်အအုံတွင် ဦးစောတပည့်များနှင့်အတူ နေခဲ့သည်။ ဦးစောအိမ်ဝင်းထဲရှိ တပည့်များထဲတွင် ရန်ကြီးအောင်မှာ အသက်အငယ်ဆုံး၊ ဝါအနုဆုံး လူငယ်လေးတစ်ဦးပင်။   ရန်ကြီးအောင်သည် သတ်ရဲ၊ ဖြတ်ရဲ၊ ပစ်ရဲ၊ ခတ်ရဲ၊ မိုက်သွေးရှိသော လူငယ်လေးတစ်ယောက်လည်းဖြစ်သည်။ ဦးစောသည် ရန်ကြီးအောင်၏ သတ္တိနှင့် ကိုယ်ရည်ကိုယ်သွေးကို သူ၏ အာဏာရယူရေးလုပ်ငန်းတွင် အသုံးချနိုင်ခဲ့လေသည်။ ရန်ကြီးအောင်၏ လူငယ်အားမာန်နှင့် ရဲရင့်ခြင်း၊ တက်ကြွခြင်းတို့သည် နေရာလွဲမှားစွာ အသုံးချခံခဲ့ရလေပြီတည်း။   ရန်ကြီးအောင်နေထိုင်စဉ် ကာလအတွင်း သေနတ်အမျိုးမျိုးကို မည်ကဲ့သို့ အသုံးပြုပုံကို ဦးစောကိုယ်တိုင် သင်ပေးသည်။ ရန်ကြီးအောင်မှာ ကံမကောင်းအကြောင်းမလှစွာ ဆရာတင်မှားမိသဖြင့် နိုင်ငံတော်လုပ်ကြံမှုကြီးတွင် ပါဝင်ခဲ့ရသော်လည်း ဗိုလ်ချုပ်အောင်ဆန်းကို လူကိုယ်တိုင် တစ်ခါမျှမမြင်ဖူးခဲ့ပါချေ။ အတွင်းဝန်ရုံးကို မည်သို့ဝင်မည်၊ မည်သို့ထွက်ရန်ဝေးစွ အတွင်းဝန်ရုံးဆိုတာ ဘာဆိုသည်ကိုပင်မသိရှာပါ။ နိုင်ငံရေးလည်းဘာမျှနားမလည်။   အခြားသူများနှင့် လိုက်သွားပြီး အခြားသူများပစ်ခတ်သော လူစုထဲသို့ ခိုင်းစေညွှန်ကြားထားသည့်အတိုင်း​ ဝင်ရောက်ပစ်ခတ်လိုက်မိခြင်းသာဖြ​စ်သည်။ သို့သော် သူပစ်လိုက်သောသူများမှာ နိုင်ငံတော်၏ ဦးသျှောင်၊ နိုင်ငံတော်၏ အသည်းနှလုံးများဖြစ်ကြောင်း နောက်ကျမှ သိခဲ့ရပေသည်။     တိုက်ဆိုင်မှုဟုဆိုရမည်လား ပို၍ရင်နင့်စရာကောင်းသော အချက်မှာ ခေါင်းဆောင်ကြီးများကို လုပ်ကြံပစ်ခတ်ပြီး ပြေးထွက်အလာ ရဲဘော်ကိုထွေးလေးကို ထပ်မံပစ်ခတ်  သတ်ဖြတ်လိုက်သူမှာ ရန်ကြီးအောင် ဖြစ်နေခြင်းပင်။

    ရဲဘော်ကိုထွေေးလးသည် မည်သည့်ရန်ငြိုးရန်စမျှ မရှိသော၊ သက်တူရွယ်တူ ညီအစ်ကိုအရွယ်၊ သူငယ်ချင်းအရွယ်၊ သူလိုလူငယ်လေးတစ်ဦး၏ လက်ချက်ဖြင့် အသက်စွန့်ခဲ့ရရှာသည်။ အစားထိုးမရသော နိုင်ငံတော်၏ ဆုံးရှုံးမှုဖြစ်ရပ်ကြီးထဲမှ လူငယ်များအတွက် လွမ်းဆွတ်ကြေကွဲဖွယ် ဖြစ်ရန်မှန်လေးတစ်ပုဒ်ပင်။     ရဲဘော်ကိုထွေး၊ ရန်ကြီးအောင်နှင့် တစ်ဆက်တည်းကြုံကြိုက်၍ ထပ်မံဖော်ပြချင်သော လူငယ်တစ်ဦးမှာ နိုင်ငံတော် လုပ်ကြံမှုတရားခံ စိန်ကြီးဖြစ်ပါသည်။ စိန်ကြီးမှာ ကြို့ပင်ကောက်ဇာတိဖြစ်သည်။ စိန်ကြီး၏ကွယ်လွန်သူအဘမှာ ဦးစော၏ မိတ်ဆွေဖြစ်သည်။ စိန်ကြီး၏မိခင်က ဦးစောသည် မိမိတို့၏ကျေးဇူးရှင်ဖြစ်ကြောင်း ပြောပြခဲ့သည်။   စိန်ကြီး၏မိဘများက ဦးစောကိုကြည်ညိုကြသည်။

    ဦးစောနယ်ထွက် တရားဟော လူစုသောအခါ စိန်ကြီးကိုတွေ့ရ၍ မျက်စိကျခဲ့သည်။ ဦးစောကလည်း ဆွဲဆောင်၊ မိဘများကလည်း တိုက်တွန်းသဖြင့် စိန်ကြီးသည် ရန်ကုန်သို့လိုက်ပါလာ ခဲ့ရသည်။ စိန်ကြီး၏ ရည်းစားက ရန်ကုန်တွင် ကျောင်းနေသည်။ ထို့ကြောင့် နိုင်ငံရေးအရ ဦးစောကိုမနှစ်မြို့သော်လည်း ရန်ကုန်တွင်နေရတာကိုတော့ စိန်ကြီးသာယာလာခဲ့သည်။ ဤသာယာမှုတွင် နစ်မွန်းနေခိုက် ဦးစော၏ ပိုက်ကွန်တွင် စိန်ကြီးမိမှန်းမသိ အမိခံလိုက်ရသည်။   ဦးစောသည် ၎င်းရာထူးအာဏာရရှိရေးအတွက် လူငယ်များကို အသုံးချခဲ့သော်လည်း တကယ်တန်းအမှုကြီးနှင့် ရင်ဆိုင်ရသောအခါ တပည့်များအတွက် တုံ့ပြန်စေတနာမထားခဲ့ချေ။ ဦးစောသည် သူ့အတွက့် နာမည်ကျော်ရှေ့နေကြီးများ ဖြစ်သော မစ္စတာဗာတားနစ်နှင့် အင်္ဂလန်ပြည်မှ နံမည်ကြီးဝတ်လုံ ကားလ်တစ်ဘက်နက်တို့ကို ငှားရမ်းခဲ့သည်။ တပည့်များအတွက်မူ အုတ်ဖိုနှင့် သာယာဝတီမှ ဒုတိယတန်းရှေ့နေများကိုသာ ငှားရမ်းပေးခဲ့သည်။

    ထိုသို့ခွဲခြားငှားရမ်းမှုကို တပည့်များက စိတ်နာကြလေသည်။   တရားရေးဝန်ကြီး ဦးကျော်မြင့်က တရားခံများအား မိမိတို့အတွက် ရှေ့နေမည်သူလိုက်မည်နည်းဟု မေးသောအခါ စိန်ကြီးက ”ကျွန်တော် ရှေ့နေမငှားပါ” ဟု ထဖြေလိုက်သည်။ ဦးစောက စိန်ကြီးကိုကြည့်ကာ မတ်တပ်ရပ်ပြီး မောင်စိန်၊ မောင်စိန်၊ မောင်စိန် နှင့် လှမ်းခေါ်သော်လည်း စိန်ကြီးကလှည့်မကြည့်တော့ပါချေ။ စိန်ကြီးသည် လူငယ်စိတ်၊ လူငယ်သွေးဖြင့် လုပ်ရဲလျှင် ခံရဲရမည်ဟူသောစိတ်ရှိပုံရသည်။ အထူးသဖြင့် ဦးစောကိုလည်း စိတ်နာနေလေပြီ။   အမှုစစ်ဆေးပြီးသောအခါ မေလ ၈ ရက် နံနက်အရုဏ်တက်တွင် ဦးစော၊ မောင်စိုး၊ သက်နှင်း၊ မှုံကြီးတို့ကို အင်းစိန်အကျဉ်းထောင်တွင် ကြိုးပေး၍ စိန်ကြီးနှင့် ရန်ကြီးအောင်တို့ကို ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် တစ်ချိန်တည်းလိုပင် ကြိုးပေးခဲ့သည်။ စိန်ကြီးသည် ကြိုးပေးခံရမည့်ညကတည်းက ”နောက်နေ့ကျရင် တို့ခရီးရှည်ကြီးသွားကြရတော့မယ်​” ဟု နောက်ပြောင်နေသည်။ သူ၏ ရှိသမျှ ငွေ၊ ပစ္စည်းလေးများကိုထုတ်၍ သူ့ရည်းစားထံပို့ပေးပါဟု မှာကြားခဲ့သည်။ အချစ်သစ် ဖန်တီး၍ ဘဝသစ်ထူရစ်တော့ဟုလည်း အမှာစကားထားခဲ့သည်။   ဤသို့ဖြင့် ဆရာတင်မှားမိသော လူငယ်လေးနှစ်ဦး၏ဘဝသည် အကျည်းတန်စွာနိဂုံးချူပ်ခဲ့ရလြေ​ပီတည်း—-

    ဤလူငယ်လေးများ၏ အဖြစ်အပျက်ကို သင်ခန်းစာယူ၍ လူငယ်တိုင်းဘ၏တွင် ပတ်ဝတ်းကျင်ကောင်း၊ ဆွေမျိုးကောင်း၊ ဆရာကောင်းတို့၏ အခန်းကဏ္ဍမည်မျှအရေးပါသည်ကို သိသာနိုင်ပါသည်။ လူငယ်များ၏ ရဲစွမ်းသတ္တိနှင့် အားမာန်ကို မိမိကိုယ်ကျိုးအတွက် လွဲမှားစွာအသုံးချမည့်ဆရာမိုက်နှင့်တွေ့ခဲ့ပါက ဘဝတစ်လျှောက် မှောက်မှား ရပေလိမ့်မည်။

    ဆရာတင်မှားမိသဖြင့် ဖခင်ရင်းကို နန်းချနှိပ်စက်ခဲ့သော အဇာတသတ်မင်းသား၊ မိခင်ကို ဓားနှင့်လိုက်ခဲ့သော အင်္ဂုလိမာလတို့သည် ဗုဒ္ဓဘာသာသမိုင်းတစ်လျှောက်တွင် သင်ခန်းစာယူကြရမည့် လူငယ် ဇာတ်လိုက်လေးများပင်။   မြန်မာ့နိုင်ငံရေး သမိုင်းတွင်လည်း ရဲဘော်ကိုထွေးနှင့် ရန်ကြီးအောင်တို့ကဲ့သို့ နှိုင်းယှဉ်သင်ခန်းစာယူရမည့် လူငယ်လေးတွေ များစွာရှိခဲ့ပါသည်။ တစ်ချိန်က ဗမာပြည်ကွန်မြုနစ်ပါတီတောတွင်းလ​က်နက်ကိုင် အဖွဲ့အစည်းများ၏ ဝါဒမှိုင်းမိသွားရသော လူငယ်များကို သတိရကြစေချင်ပါသည်။ မိကောင်းဖခင်သားသမီး၊ မျိုးကောင်းရိုးကောင်း ပညာတတ်လူငယ်လေးများ တောတွင်းမှာ ရင်နင့်စဖွယ် ဘဝဆုံးခဲ့ကြရသည်။ ရက်ရက်စက်စက် အသတ်ခံခဲ့ကြရသည်။   သာဓကများသည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ဘယ်သောအခါမျှ ဖျောက်ဖျက်၍ရတော့မည်မဟုတ်သော လူငယ်တို့အတွက် ဖြစ်ရပ်မှန်သင်ခန်းစာများပင်၊ လူငယ်တို့သည် ဤအဖြစ်အပျက်များကို လေ့လာဆင်ခြင်ပြီး မိမိတို့၏ စွမ်းရည်နှင့် သတ္တိဗျတ္တိကို မှန်မှန်ကန်ကန် ပြုစုပျိုးထောင်နိုင်မည့် ဆရာကောင်းကို ရွေးချယ်တတ်ဖို့လိုပါလိမ့်မည်။   မိမိပိုင်ဆိုင်သည့် ပညာရည်နှင့်ပင်ကိုယ်ရည်၊ လက်ရုံးရည်နှင့် နှလုံးရည်တို့ကို မိမိပတ်ဝန်းကျင်အတွက်၊ နိုင်ငံအတွက်၊ လူမျိုးအတွက် အသုံးတည့်နိုင်ဖို့ ကြိုးစားကြရပါမည်။   ရဲရင့်ပြောင်မြောက်ခြင်း၊ ဥာဏ်ပညာကြီးခြင်း၊ သစ္စာရှိခြင်းတို့နှင့် ပြည့်စုံသော သူရဲကောင်းလေးများဖြစ်ရန် မှန်ကန်သောပျိုးထောင်မှု လိုအပ်လှသည်။ မိမိအရည်အချင်းကို တောက်ပြောင်အောင်သွေးပေးမည့် ဆရာကောင်းနှင့်လည်း ကြုံရမည်။ မိမိကိုယ်မိမိလည်း အစဉ်အမြဲလေ့ကျင့်ပျိုးထောင်နေရပါမည်။   ယနေ့လူငယ်တိုင်းသည် ဘာသာရေးသမိုင်း၊ နိုင်ငံရေးသမိုင်းများမှ လူငယ်တို့အကြောင်းကို ရှာဖွေဖတ်ရှုလေ့လာ၍ ဆရာကောင်းထံနည်းခံ၊ လမ်းမှန်ကိုလျှောက်၊ လူငယ်တစ်ယောက်၏ဘဝကို လှပစွာ ဖန်တီးနိုင်ကြစေရန် ရည်သန်ပြဌာန်း ကြိုးပမ်းကြဖို့ အရေးကြီးသော အချိန်ရောက်နေပါပြီဟူ၍သာ …..။

    မာမာ (ရှေးဟောင်းသုတေသန)
    ရတနာပုံသတင်းစာ – အတွဲ (၆) အမှတ် (ဝ၇၆) ၁၃၅၉ ခုနှစ် ဝါဆိုလဆန်း (၁၁)ရက် (၁၅.၇.၁၉၉၈) အင်္ဂါနေ့၊ စာမျက်နှာ ၈

    ကိုကျော်မိုးအောင် FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။