ဇူလိုင် ၂၁ ၊ ၂၀၁၄
M-Media
– ဂါဇာဒေသအား အစ္စရေးက ယနေ့တွင်လည်း မြေပြင်မှ ဆက်လက်တိုက်ခိုက်မှုများ ပြုလုပ်နေပြီး ဂါဇာကမ်းမြှောင်ရှိ အလ်-အက္ကဆာ ဆေးရုံအား တင့်ကားအမြောက်ဖြင့် ပစ်ခတ်မှုအတွင်း အနည်းဆုံး လူ ၅ ဦးသေဆုံးခဲ့သည်ဟု သိရသည်။
ဒီယာ အလ်-ဘာလာဟ်ရှိ အဆိုပါဆေးရုံတတိယထပ်အား အနည်းဆုံး အမြောက်သုံးလုံး ထိမှန်ခဲ့ပြီး ဒဏ်ရာရရှိသူ ၇၀ ရှိခဲ့သည်။ ဒီယာ အလ်-ဘာလာဟ်ဒေသမှာ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ထွက်ပြေးခဲ့ရသည့် ပါလက်စတိုင်းများ သွားရောက်ခိုလှုံရာ ဒေသလည်းဖြစ်သည်။
အဆိုပါဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်တစ်ဦးကလည်း ဆေးရုံတွင် ဒဏ်ရာရသူများနှင့် ပြည့်နှက်လျက်ရှိပြီး မိမိတို့အနေဖြင့် မည်သည်ကိုမျှ လုပ်မပေးနိုင်ကြောင်း ပြောကြားခဲ့သည်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု၏ ပြောရေးဆိုခွင့်ရှိသူ မာ့က်ရီဂျစ်ဗ်ကမူ အဆိုပါဆေးရုံအား ဟားမက်စ်အဖွဲ့က အသုံးပြုနေသည်ဟု ပြောကြားခဲ့သည်။
သို့သော်လည်း အလ်-အက္ကဆာဆေးရုံမှာ ဒါရိုက်တာဖြစ်သူ ဒေါက်တာ မဒ်ဟတ် အဘတ်စ်ကမူ အစ္စရေး၏ ထိုကဲ့သို့ပြောဆိုခြင်းမှာ အကြီးအကျယ် လိမ်ခြင်းသာဖြစ်သည်ဟု ပြောဆိုခဲ့သည်။
“(ဒီစွပ်စွဲမှု မဟုတ်ဘူးဆိုတာကို) သက်သေပြဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ဘယ်သူ့ကိုမဆို ကျွန်တော်စိန်ခေါ်ပါတယ်။ ကျွန်တော်တို့ဆေးရုံမှာ ဘာလက်နက်မှ မရှိပါဘူး။ စုံးစမ်းစစ်ဆေးမှုခံယူဖို့ ကျွန်တော်တို့အသင့်ပါပဲ။ ဘယ်လိုနိုင်ငံတကာအဖွဲ့အစည်းမျိုးမဆို ကျွန်တော်တို့ဆေးရုံကိုလာရောက်ပြီး စစ်ဆေးလို့ရပါတယ်။ သူတို့(အစ္စရေးဟာ) ဖရော်ဖက်ရှင်နယ် လူလိမ်တွေ၊ လူသတ်သမားတွေပါ” ဟု အဘတ်စ်က ပြောကြားခဲ့သည်။
ဂါဇာရှိဆေးရုံးအား အစ္စရေးတို့မှ တိုက်ခိုက်ခြင်းမှာ ယခုအချိန်တွင် ပထမဆုံးမဟုတ်ဘဲ ကြာသာပတေးနေ့ကလည်း ဘအက်စန် အီလာရှီထိ အလ်ဝါဖာ ဆေးရုံသို့ အစ္စရေးတင့်ကားများက အမြောက်ဖြင့် ပစ်ခတ်ခဲ့သည်။
လွန်ခဲ့သည့် နှစ်ပတ်က စတင်ခဲ့သည့် ဂါဇာသို့ အစ္စရေး၏ ကျူးတိုက်ခိုက်မှုအတွင်း သေဆုံးသူမှာ ၅၃၂ ဦးရှိလာခဲ့ပြီးဖြစ်ပြီး အများစုမှာ ကလေးငယ်များနှင့် အမျိုးသမီးများဖြစ်ကြသည်။ မြေပြင်တိုက်ခိုက်မှုများစတင်ခဲ့သည်မှာ ၄ ရက်ရှိပြီဖြစ်ပြီး တိုက်ခိုက်မှုများအတွင်း အစ္စရေး စစ်သား ၁၈ ဦးသေဆုံးခဲ့သည်။
Leave a Reply
You must be logged in to post a comment.