![]() |
WikiLeaks တည်ထောင်သူ ဂျူလီယန်အာဆန်ဂ် |
ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်နှင့် စစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ရေတပ်ဗိုလ်ချုပ်ကြီး မိုက်မူလင် |
ဒုတပ်ကြပ် ဘရက်ဒလေမန်းနင်း |
အာဖဂန်စစ်ပွဲ လျို့ဝှက်ချက်များ ဆက်လက်ဖော်ပြခြင်း မပြုရန် WikiLeaks ၀က်ဘ်ဆိုက် တည်ထောင်သူအား အိမ်ဖြူတော်က ဇူလိုင်လ ၃၀ ရက်နေ့တွင် ပန်ကြားခဲ့ပြီး ပင်တဂွန်စစ်ဌာနချုပ်က သတင်းပေါက်ကြားမှုနှင့် ဆက်စပ်ပြီး ဆက်လက်စုံ စမ်း စစ်ဆေးနေကြောင်း သိရသည်။
စစ်ပွဲလျို့ဝှက်ချက်ကို ပေါက်ကြားစေခဲ့သူဟု ယူဆရသော ဒုတပ်ကြပ် (Private First Class) ဘရက်ဒလေမန်းနင်းအား ကူဝိတ်မှနေပြီး ဗာဂျီးနီးယား စစ်ဘက်အကျဉ်းထောင်သို့ ခေါ်ယူကာ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။ ပြီးခဲ့သည့် ဧပြီလအတွင်းက WikiLeaks တွင် ပေါက်ကြားခဲ့သော အီရတ်တွင် အမေရိကန်ရဟတ်ယာဉ် ထိုးစစ်ဆင်ရာမှဖြစ်ပွားခဲ့သည့် မတော်တဆမှု ဗီဒီယိုခွေနှင့် ပတ်သက်ပြီး မန်းနင်းအား စစ်ဆေးနေခြင်းဖြစ်ပြီး ယခုကဲ့သို့ အာဖဂန်စစ်ပွဲ လျို့ဝှက်ချက်များ ပေါက်ကြားမှုနှင့် ပတ်သက်၍ပါ သံသယရှိနေသည်ဟု သိရသည်။
လျို့ဝှက်အချက်အလက် ၇၆၉၁၁ ခု ပေါက်ကြားခဲ့မှုနှင့် ပတ်သက်ပြီး စစ်တပ်အတွင်း စုံစမ်းစစ်ဆေးမှုများ တိုးချဲ့ပြုလုပ်သွားမည်ဟု တာဝန်ရှိသူများက ပြောကြားထားသည်။ အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ရောဘတ်ဂစ်ဘ်က စစ်ပွဲလျို့ဝှက်ချက်များကို ၀က်ဘ်ဆိုက်ပေါ်တင်ခြင်းသည် အမျိုးသားလုံခြုံရေးကို ထိပါးစေပြီး အာဖဂန်မှ အမေရိကန်တပ်သားများနှင့် သတင်းပေးများ၏ အသက်အန္တရာယ်ကို ထိပါးစေကြောင်း ဂစ်ဘ်က ပြောကြားခဲ့သည်။
စစ်ပွဲလျို့ဝှက်ချက်များ ဖွင့်ချမှု ရပ်တန့်စေရေး မည်သို့ ပြုလုပ်မည်နည်းဟု သတင်းထောက်များက မေးမြန်းရာတွင် ဂစ်ဘ်က ”ဒီလျို့ဝှက်ချက်တွေကို တင်တဲ့ပုဂ္ဂိုလ်ကို ဆက်မတင်ဖို့ ပန်ကြားရုံကလွဲပြီး တခြား ဘာမှလုပ်လို့ မရပါဘူး”ဟု ဖြေကြား ခဲ့သည်။
ပင်တဂွန်စစ်ဌာနချုပ်တွင် ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်က အက်ဖ်ဘီအိုင် ထောက်လှမ်းရေးအဖွဲ့သို့ ကူညီစုံစမ်းစစ်ဆေးပေးရန် အကူအညီတောင်းထားကြောင်း ပြောကြားခဲ့သည်။ စစ်ဘက်စုံစမ်း စစ်ဆေးမှုများကို လိုအပ်သည့် မည်သည့်နေရာမဆို ရောက်ရှိအောင် စစ်ဆေးသွားမည်ဟု ဂိတ်က ပြောကြားခဲ့သော်လည်း WikiLeaks တည်ထောင်သူ ဂျူလီယန်အာဆန်ဂ်အား စစ်ဆေးအရေးယူမှု ပြု၊ မပြုကိုမူ ရည်ညွှန်းပြောကြားခဲ့ခြင်း မရှိပေ။
အာဖဂန်စစ်ပွဲဆိုင်ရာ လျို့ဝှက်ချက်များ ပေါက်ကြားမှုသည် စိုးရိမ်ဖွယ်ရာ ဖြစ်သော်လည်း မိမိ၏ အာဖဂန်မဟာဗျူဟာ ပြောင်းလဲမှု ဆီလျော်သည်။ သက်သေပြနေကြောင်း၊ ပေါက်ကြားခဲ့သည်များထဲတွင် ပြည်သူတို့ကို အသိပေးခဲ့သည်များထက် ပိုပြီး ထူးခြားသည့် ဖော်ထုတ်မှုမျိုး မရှိခဲ့ကြောင်း အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ဇူလိုင်လ ၂၇ ရက်နေ့တွင် ပြောကြားခဲ့သည်။
Leave a Reply
You must be logged in to post a comment.