မေ ၂၁၊ ၂၀၁၆
M-Media
– ကာကွယ်ရေးအခန်းကဏ္ဍတွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အားကောင်းလာစေမယ့် သဘောတူညီချက်တစ်ခုကို ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုတို့က ဗုဒ္ဓဟူးနေ့မှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
ပင်လယ်နက်ဒေသ အပန်းဖြေမြို့ဖြစ်တဲ့ ဆိုချီက အစည်းအဝေးပွဲတစ်ခုမှာ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။
“ကာကွယ်ရေးဝန်ကြီးဌာနတွေနဲ့ လုံခြုံရေးအဖွဲ့တွေကြားမှာ ဆက်သွယ်ဆောင်ရွက်မှု ပိုကျယ်ပြန့်လာစေဖို့ ကျွန်တော်တို့ သဘောတူခဲ့ကြပါတယ်” လို့ ပူတင်က ၀ီဒိုဒိုနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ၀ီဒိုဒိုကတော့ ရုရှားနဲ့ အင်ဒိုနီးရှားတို့ဟာ ထောက်လှမ်းရေးဆိုင်ရာ လျှို့ဝှက်သတင်းအချက်အလက်တွေ အပြန်အလှန် ဖလှယ်သွားဖို့လည်း သဘောတူထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ရုရှားဟာ အင်ဒိုအတွက် အမြှောက်ဆံတွေအပါအ၀င် စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ပေးဖို့ ရှိနေပြီး အင်ဒိုကတော့ ရုရှားရဲ့ တိုက်လေယာဉ်တွေနဲ့ ရေငုပ်သင်္ဘောတွေကို စိတ်ဝင်စားနေတယ်လို့ ရုရှားရဲ့ စစ်လက်နက်တင်ပို့ရေး အေဂျင်စီမှ အလက်ဇန်းဒါး ဖိုမင်က ပြောကြားခဲ့ပါတယ်။
လာမယ့်အင်္ဂါနေ့မှာ လက်နက်တစ်ချို့ဝယ်ယူရေး၊ လက်နက်ခဲယမ်းတွေကို လိုင်စင်နဲ့ ထုတ်လုပ်နိုင်ရေး စတာတွေအတွက် အင်ဒိုဟာ ရုရှားနဲ့ စာချုပ်ချုပ်ဆိုဖို့ ရှိနေတယ်လို့လည်း ပူတင်ရဲ့အကြံပေး ယူရီ အူရှာကော့ဗ်က ပြောကြားခဲ့ပါတယ်။
Ref: IINA
Leave a Reply
You must be logged in to post a comment.