စက်တင်ဘာ ၁၉၊ ၂၀၁၆
M-Media
– ပါလက်စတိုင်းပိုင်နက်ရှိ ဂျေရုစလင်မြို့ဟောင်းအတွင်း ဂျော်ဒန်နိုင်ငံသားတစ်ဦးကို အစ္စရေးက ရည်ရွယ်ချက်ရှိရှိ ပစ်သတ်ခဲ့မှုနှင့်ပတ်သက်၍ ဂျော်ဒန် နိုင်ငံခြားရေးနှင့် နိုင်ငံခြားသားများအရေးဆိုင်ရာ ၀န်ကြီးဌာနက အစ္စရေးစစ်တပ်ကို ဝေဖန်ရှုတ်ချလိုက်သည်။
သေဆုံးသွားသူမှာ စအီဒ် အလ် အာမာရ်ဆိုသူဖြစ်ပြီး အစ္စရေးရဲတပ်ဖွဲ့ကမူ အာမာရ်မှာ အစ္စရေးတပ်ဖွဲ့ဝင်များကို ဓားဖြင့်ထိုးရန် ကြိုးစားခဲ့သည်ဟု ပြောကြားခဲ့သည်။
သို့သော်လည်း ၀န်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဆာဘာဟ် အလ်-ရာဖီက ရဲတပ်ဖွဲ့၏ ကြေငြာချက်တွင် စစ်သား၊ သို့မဟုတ် ရဲတပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိသည့်အကြောင်း မပါဝင်သောကြောင့် အစ္စရေးရဲတပ်ဖွဲ့၏ ထိုပြောကြားမှုကို မယုံကြည်ဟု ဆိုသည်။
အာမာရ်မှာ အစ္စရေးက သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် ဂျေရုစလင်မြို့ဟောင်းသို့ ကမ္ဘာလှည့်ခရီးသည်အုပ်စုနှင့် ကြာသာပတေးနေ့က လာရောက်လည်ပတ်ခြင်းဖြစ်သည်။
ရာဖီကမူ မိမိတို့အစိုးရမှာ သောကြာနေ့က ဖြစ်ပွားခဲ့သည့် ထိုအဖြစ်အပျက်နှင့်ပတ်သက်၍ နိုင်ငံတကာဥပဒေများ၊ သံတမန်ရေးဆိုင်ရာ သတ်မှတ်ချက်များမှတစ်ဆင့် အသေးစိတ် ဆန်းစစ်မှုများ ပြုလုပ်နေပြီး၊ အာမာရ်၏ အလောင်းကိုလည်း မိသားစုထံ ရောက်ရှိအောင် ဆောင်ရွက်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
Ref : IINA


Leave a Reply
You must be logged in to post a comment.